backup og meta

မီးဘေးနဲ့ ကြုံလာတဲ့အခါတိုင်း မိသားစု အသက်အန္တရာယ်ကင်းစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မီးဘေးနဲ့ ကြုံလာတဲ့အခါတိုင်း မိသားစု အသက်အန္တရာယ်ကင်းစေဖို့

    ရန်သူမျိုး ငါးပါးထဲမှာ မီးဘေးဆိုတဲ့ ရန်သူကလည်း သိပ်ကိုကြောက်ဖို့ကောင်းတာနော်။ ပူအိုက်တဲ့ရာသီတွေမှာသာမက ခုလို မိုးတွင်းဆိုရင်တောင် ဝါယာကြိုးတွေ ဟောင်းနွမ်းဆွေးမြေ့တာနဲ့၊ ဓာတ်အားမနိုင်တာနဲ့၊ မိုးတွေအမြဲ စိုစွတ်နေတာနဲ့ အခန့်မသင့်ရင် ဝါယာရှော့ဖြစ်ပြီး မီးလောင်နိုင်တယ်နော်။ ဒါကြောင့် မီးဘေးနဲ့ ပတ်သက်လာရင် ကိုယ်ရော ကိုယ့်မိသားစု၊ ဘေးပတ်ဝန်းကျင်ပါ အန္တရာယ်ကင်းစေဖို့ ပြာယာခတ်မနေဖို့၊ စိတ်အေးအေးထားပြီး ဘာဆက်လုပ်သင့်လဲဆိုတာ သေချာစဉ်းစားဖို့တော့ လိုမှာပါ။ ခုဆောင်းပါးမှာ မီးဘေးကြုံလာရင် ဘာတွေကို အရင်ဆုံးလုပ်သင့်လဲဆိုတာကို ကျန်းမာရေးနဲ့ လူသားထုအသက်အန္တရာယ်ကင်းရှင်းရေး ရှုထောင့်ကနေ ပြောပြပေးသွားမှာဖြစ်ပါတယ်။

    ၁။ ဘေးပတ်ဝန်းကျင်က လူတွေကို အကူအညီတောင်းပါ။

    ကိုယ့်အိမ်မှာ မီးလောင်နေလို့ဆိုပြီး ကိုယ်တစ်ယောက်တည်း ငြှိမ်းသတ်ဖို့ မကြိုးစားပါနဲ့။ အိမ်ဘေးပတ်ပတ်လည်က အိမ်နီးနားချင်းတွေကို အော်ဟစ်အကူအညီတောင်းပါ။ အနည်းဆုံးတော့ သူတို့ ဘာမှမကူညီပေးနိုင်ရင်တောင် မီးသတ်ကယ်ဆယ်ရေးဌာနကို ဖုန်းဆက်အကြောင်းကြားမှာ ဖြစ်ပါတယ်။

    ၂။ မီးသတ်ဌာနကို ချက်ချင်းဖုန်းလှမ်းဆက်ပါ။

    အိမ်နီးနားချင်းတွေလည်း ဆက်မှာပဲလေဆိုပြီး မပေါ့ပါနဲ့။ ကိုယ်တိုင်လည်း ဖုန်းဆက်ပြီး မီးသတ်ဌာနကို ကိုယ့်ရဲ့ တည်နေရာ၊ အိမ်လိပ်စာ၊ ဘယ်နေရာမှာ မီးလောင်နေပါတယ်ဆိုပြီး အတိအကျ ပြောပြီး အကူအညီတောင်းပါ။

    ၃။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လောဘမတက်ပါနဲ့။

    ဥစ္စာဆိုတာ ပြန်ရှာရင်ရပါတယ်။ လူ့အသက်က ပျောက်သွားရင် ဘယ်တော့မှ ပြန်ရတော့မှာ မဟုတ်သလို ကိုယ့်မိသားစုဝင်တွေအတွက်လည်း ဥစ္စာပျောက်တာထက် ပိုနာကျင်နေရမှာပါ။ ဒါကြောင့် မီးလောင်နေတဲ့ အခန်းထဲ ပြေးဝင်ပြီး ရွှေ၊ ငွေ၊ ရတနာဝင်ယူတာမျိုးတွေ မလုပ်ပါနဲ့။ အပြင်ကို ကိုယ်ရော၊ မိသားစုဝင်တွေအကုန် ပြေးထွက်ဖို့ ကြိုးစားပါ။

    ၄။ နှာခေါင်းကို အုပ်ထားပါ။

    မီးလောင်နေတဲ့အချိန်ဆို အခန်းက မီးခိုးငွေ့တွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ သတိထားမိမှာပါ။ ဒီအငွေ့တွေကလည်း အဆုတ်ထဲကို အများကြီးဝင်သွားရင် ဒုက္ခရောက်စေနိုင်တာကြောင့် အိမ်ထဲမှာရှိနေတဲ့အချိန်ရော၊ အပြင်ကို ထွက်လာချိန်မှာပါ နှာခေါင်းကို အဝတ်၊ မျက်နှာသုတ်ပဝါနဲ့ အုပ်ထားပါ။ တခြားအဝတ်ရှာမရရင်လည်း ကိုယ်ဝတ်ထားတဲ့ အကျီကို နှာခေါင်းရောက်တဲ့အထိ မတင်ပြီး အုပ်ထားလို့ရပါတယ်။ အဝတ်ကို ရေနည်းနည်းစွတ်ပြီး အုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။

    ၅။ တံခါးကို ပိတ်ထားခဲ့ပါ။

    မီးလောင်နေတဲ့အချိန် ကိုယ်က အခန်းထဲမှာရောက်နေမယ်၊ အိမ်ထဲမှာရောက်နေမယ်ပေါ့ဗျာ။ အဲ့ဒါဆိုရင် ကိုယ် အခန်းကနေ ထွက်ပြီးပြီးချင်း တံခါးကို ပိတ်ထားခဲ့လိုက်ပါ။ အနည်းဆုံးတော့ အခန်းထဲမှာရှိနေတဲ့ မီးခိုးငွေ့တွေ အပြင်ထွက်လာဖို့ ခဲယဉ်းသွားသလို မီးကူးစက်ဖို့လည်း အချိန်ကြာသွားတဲ့အတွက် မီးသတ်တပ်ဖွဲ့ဝင်ရောက်လာတဲ့အချိန်မှာ အပျက်အစီးဆုံးရှုံးမှုနည်းမှာ ဖြစ်ပါတယ်။

    ၆။ အဝတ်အစားမီးလောင်နေရင် မလန့်ပါနဲ့။

    ကိုယ်က မီးလောင်နေတဲ့အခန်းကနေ အပြင်ကို ပြေးထွက်လာတဲ့အချိန် အခန့်မသင့်ရင် အဝတ်အစားကို မီးကစွဲသွားတတ်ပါတယ်။ အကြောက်လွန်ပြီး လက်နဲ့ မပုတ်ထုတ်ပါနဲ့။ ကြမ်းပြင်ပေါ် အရင်လှဲချလိုက်ပါ။ ပြီးသွားရင် မီးလောင်နေတဲ့နေရာကို အောက်မှာထားပြီး ကိုယ်ကို မြန်မြန်လှိမ့်လိုက်ပါ။ လက်နဲ့လုပ်လိုက်ရင် မီးသေဖို့လည်း ခဲယဉ်းသလို လက်လည်းအပူလောင်သွားနိုင်ပါတယ်။

    ၇။ မြေကြီးနဲ့ နီးနိုင်သမျှ နီးပါစေ။

    မီးဆိုတာက လောင်ပြီဆိုရင် ဘေးပတ်ချာလည်သာမက မျက်နှာကျက်တွေမှာပါ လောင်တတ်ပါတယ်။ ဒါကြောင့် ကိုယ်က အိမ်အပြင်ဘက် ပြေးထွက်တော့မယ်ဆိုရင် တည့်တည့်ကြီးမလျှောက်ပါနဲ့။ လက်တစ်ဖက်က နှာခေါင်းကို အဝတ်နဲ့ အုပ်ပြီးတော့ ကျန်တစ်ဖက်ကို ခေါင်းပေါ် တင်ပြီး ကာထားပေးပါ။ ကိုယ်ကို ကုန်းနိုင်သလောက် ကုန်းပြီး မြန်မြန်လမ်းလျှောက်ပါ။

    ၈။ ထွက်ပြေးလွတ်မြောက်နိုင်မယ့် လမ်းကြောင်းကို ရွေးပါ။

    တချို့တိုက်ခန်းတွေမှာက မီးဘေး၊ သူခိုးဘေးအတွက် အလွယ်တကူထွက်လို့ရမယ့် နောက်ဘေးလမ်းကြားလှေကားတွေ ရှိပေမယ့် တချို့တိုက်ခန်းတွေမှာက မရှိနိုင်ပါဘူး။ ကိုယ့်အတွက် အဆင်အပြေဆုံးဖြစ်မယ့် လမ်းကို ရွေးပါ။ အဲ့လမ်းအတိုင်း နောက်ကနေ မိသားစုဝင်တွေအကုန်လုံးကို လိုက်ခိုင်းပါ။

    ၉။ မီးသတ်ဖြန်းဆေးဘူးကို ဆောင်ထားပါ။

    အိမ်တိုင်းအိမ်တိုင်းမှာ အလွယ်တကူ အသုံးပြုလို့ရမယ့် မီးသတ်ဆေးဘူးတွေကို ဆောင်ထားသင့်တဲ့အပြင် ဘယ်လိုအသုံးပြုလို့ရသလဲဆိုတဲ့ နည်းလမ်းတွေကိုပါ သိထား၊ နားလည်ထားဖို့ လိုပါတယ်။ အရေးရယ် အကြောင်းရယ်ဆိုရင် ဒီမီးသတ်ဆေးဘူးတွေကို ကိုယ့်ဘဝကို ကယ်တင်ပေးမယ့် ကျေးဇူးရှင်တွေ ဖြစ်သွားနိုင်ပါတယ်။

    ဘယ်လိုရာသီမှာမဆို မီးဘေးနဲ့ ပတ်သက်ပြီး မပေါ့ပါနဲ့။ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားပါ။ အိပ်တဲ့အချိန်ဆိုရင် မီးခလုတ်တွေ အကုန်ပိတ်ပါ။ မိန်းချထားပါ။ လျှပ်စစ်ပစ္စည်းတွေကို အချိန်အကြာကြီး ပူခြစ်နေအောင် အသုံးမပြုပါနဲ့။ ဝါယာကြိုးတွေ ဟောင်းနေရင်၊ ပေါက်ပြဲနေရင် အသစ်ပြန်လဲပါ။ မီးသတ်ဆေးဘူးကို ဆောင်ထားပါ။ အသုံးပြုပုံတွေကိုလည်း လေ့လာထားပါ။ မီးလောင်တဲ့အခါမှာလည်း အကြောက်မလွန်ပါနဲ့။ လူကကြောက်လွန်းတဲ့အခြေအနေမှာ အသိစိတ်တွေလွတ်ပြီး ကိုယ့်အတွက် အသက်အန္တရာယ်ဖြစ်နိုင်တာတွေ ပိုလုပ်မိတတ်တာကြောင့် ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သေချာလိုက်နာကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အားလုံးပဲ ကိုယ့်ရဲ့ မိသားစုဂေဟာလေးမှာ ဘေးအန္တရာယ်ကင်းရှင်းတဲ့ နေ့ရက်တွေကို ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement