ကလေးနေကောင်းရဲ့လား။ ဒီမေးခွန်းကို ဖြေဖို့ မေမေတို့ ဘာကိုကြည့်ပြီးဆုံးဖြတ်ကြလဲ။ ကျန်းမာရေးဆိုတာ ဘယ်အချိန်ဘာဖြစ်မယ်လို့ ကြိုတင်မှန်းဆပြီးမသိနိုင်တဲ့အရာဆိုတော့ခက်သားနော်။ အသက်ကြီးပိုင်းတွေနဲ့ကလေးတွေဆိုတာ ကျန်းမာရေးအပြောင်းအလဲမြန်လွန်းလို့ တော်တော်ဂရုစိုက်ရတဲ့အရွယ်တွေပါ။ ဒါ့ကြောင့် ကလေးက မလန်းဘူး၊ မှိုင်နေတယ် စတာတွေလို ပုံမှန်ထက်ထူးခြားတဲ့လက္ခဏာတစ်ခုခု ကိုစောင့်ကြည့်ရပါတယ်။
ကလေးဖျားနေပြီဆိုရင် သတိထားမိနိုင်တဲ့လက္ခဏာတွေက ကိုယ်ပူလာမယ်၊သွေးခုန်နှုန်းမြန်လာမယ်၊ အသက်ရှူမြန်လာတယ်၊ ကလေးက အီနေမယ်၊ တငိုငိုနဲ့ ဂျီကျနေမယ်။ ကလေးက ငြိမ်နေတယ်၊ ဘာကိုပဲဖြစ်ဖြစ်စိတ်မကြည်ဘဲ ငိုနေတယ်ဆိုရင် ကိုယ်ပူနေပြီလား နဖူးလေးအရင်စမ်းကြည့်ရပါတယ်။။ ဖျားနေပြီဆိုရင်ဆေးခန်းပြေးတာ စိတ်ချရတယ်ဆိုပေမယ့် ညရေးညတာ ရုတ်တရက် အဖျားတက်လာရင် သက်သာအောင် မေမေတို့ကိုယ်တိုင်ပြုစုရတော့မှာပါပဲ။
ညဘက်အချိန်တွေ ကလေးကို ပစ်မထားဘဲစောင့်ကြည့်ဖို့အရေးကြီးသလို နည်းလမ်းမှန်နဲ့အရေးပေါ်ပြုစုနိုင်ဖို့လည်း လိုပါတယ်။ အဖျားသိပ်ကြီးလာတဲ့အခါ ကလေးမှာ တက်တာတွေ၊ သတိလစ်တာတွေဖြစ်လာရင်အကျိုးဆက်တွေမကောင်းနိုင်ပါဘူး။ ဒါ့ကြောင့် ဆရာဝန်မပြနိုင်ခင် အရေးပေါ်ပြုစုထားဖို့ သိထားသင့်တဲ့အချက်တွေလေ့လာထားသင့်ပါတယ်။ အရင်ဆုံး –
ကလေးက အသက်ရှူရခက်လာတဲ့ပုံစံဖြစ်လာရင်၊ အန်နေရင်၊ နှုတ်ခမ်း သို့မဟုတ် အသားတွေပြာလာရင်၊ တက်ရင်၊ အရေပြားအနီစက်တွေဖြစ်လာရင် မဖြစ်ဖြစ်တဲ့နည်းနဲ့ အမြန်ဆုံးဆေးရုံပို့ပါ။