မျက်စိနာတာကို မျက်ကြည်လွှာရောင်ခြင်းလို့လည်း ခေါ်ပါတယ်။ အဖြစ်အများဆုံး မျက်လုံးရောဂါတစ်ခုဖြစ်ပြီး ကလေးတွေမှာ ပိုတွေ့ရတတ်ပါတယ်။ မျက်ကြည်လွှာက မျက်လုံးအဖြူအပိုင်း မျက်ခွံအောက်မှာ ရှိပါတယ်။ မျက်စိနာတာက အနီးကပ်အတူနေသူတွေ၊ မိသားစုဝင်တွေဆီကိုလည်း ကူးလွယ်ပါတယ်။ ပုံမှန်အားဖြင့် မပြင်းထန်တဲ့ မျက်လုံးပိုးဝင်ခြင်းဖြစ်ပေမဲ့ တစ်ခါတရံ ပြင်းပြင်းထန်ထန် ဖြစ်နိုင်ပါတယ်။ ဒီတော့ မျက်စိနာရင် ဘာလုပ်မလဲ ဆိုတာကို သေသေချာချာ သိထားသင့်ပါတယ်။
မျက်စိနာခြင်း ဘာကြောင့်ဖြစ်တာလဲ။
အဖြစ်အများဆုံး အကြောင်းမှာ
- ဗိုင်းရပ်စ်
- ကလက်မိုင်းဒီးယားလိုမျိုး ဘက်တီးရီးယားတွေ
- မျက်စိကို ကသိကအောက်ဖြစ်စေတဲ့ ပစ္စည်းတွေ (ဥပမာ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ရေကန်ထဲရှိ ကလိုရင်း) စသည်။
- ဓာတ်မတည့်စေတဲ့ ပစ္စည်းများ (ဥပမာ ဖုန်၊ ပန်းဝတ်မှုန်၊ မီးခိုး၊ မျက်ကပ်မှန်) စသည်။
ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ မျက်စိနာခြင်းက တခြားသူတွေကို အနီးကပ်ထိတွေ့မိရာကနေတဆင့် ကူးစက်နိုင်ပါတယ်။ မသန့်ရှင်းတဲ့ မျက်ကပ်မှန်ကို သုံးရာကနေလည်း မျက်လုံးရဲပြီး ရောင်လာနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် အခြားမျက်လုံးပြဿနာများရှိနေနိုင်တဲ့အတွက် မျက်စိရောင်တဲ့အခါ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
မျက်စိနာခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။
လက္ခဏာတွေက ရောဂါရဲ့ ပြင်းထန်မှုအပေါ် မူတည်ပါတယ်။ များသောအားဖြင့်
- မျက်ခွံအတွင်းပိုင်း ရောင်ခြင်း
- မျက်ရည်တရွဲရွဲ ဖြစ်နေခြင်း
- မျက်တောင်စူးခြင်း (အထူးသဖြင့် အိပ်နေချိန်တွင်)
- မျက်လုံးယားခြင်း
- မျက်လုံးပူခြင်း
- အမြင်ဝါးခြင်း
- အလင်းမခံနိုင်ခြင်း
မျက်စိနာရင် ဘယ်လိုကုသင့်လဲ။
မျက်စိနာရင် ဖြစ်တဲ့ အကြောင်းပေါ်မူတည်ပြီး ရောဂါကို ကုသသင့်ပါတယ်။ ကုသတဲ့ ပုံစံလေးမျိုး ရှိပါတယ်။
- ဗိုင်းရပ်စ်
မျက်စိနာစေတဲ့ အကြောင်းရင်းတွေထဲမှာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာ များပါတယ်။ ဥပမာ ရေယုန်ဗိုင်းရပ်စ်၊ Varicella zoster ဗိုင်းရပ်စ်၊ Piconavirus၊ Poxvirusတို့ ဖြစ်ပါတယ်။ အေးတဲ့ ရာသီဥတုမှာဆိုရင် အလျင်အမြန်ပျံ့သွားနိုင်ပါတယ်။ ဒါကြောင့် ကူးစက်လွယ်ပါတယ်။ ကာကွယ်ဖို့ လက်ကိုခဏခဏဆေးသင့်ပါတယ်။
တစ်ခုခုမစားခင် သို့မဟုတ် တစ်ယောက်ယောက်ကို မကိုင်မီ လက်သေချာဆေးသင့်ပါတယ်။ မျက်ကပ်မှန်တပ်နေသူဖြစ်မယ်ဆိုရင် မျက်စိနာနေချိန်မှာ မတပ်သင့်ပဲ မျက်မှန်ကို တပ်သင့်ပါတယ်။ မျက်စိနာနေချိန် အမြင်ဝါးလာပါက ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။ အချို့သော ဗိုင်းရပ်စ်များက မျက်ကြည်လွှာမှာ အမာရွတ်ကျန်ခဲ့နိုင်ပါတယ်။
- ဘက်တီးရီးယား
အဖြစ်များဆုံးနှစ်မျိုးကတော့ ကလက်မိုင်းတီးယားနဲ့ ဂနို ဖြစ်ပါတယ်။ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေလည်း ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေဖြစ်တာကြောင့် ပဋိဇီဝပိုးသတ်ဆေး မျက်စဉ်းဆေးများနဲ့ ကုသနိုင်ပါတယ်။
မျက်စဉ်းဆေးကို မျက်စိအတွင်းသို့ တစ်နေ့သုံးကြိမ်မှ လေးကြိမ်ထည့်ပေးရနိုင်ပါတယ်။ ငါးရက်မှ ခုနှစ်ရက်ထိ ကုသရန် လိုအပ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေး မျက်စဉ်းဆေးတွေကတော့ ဆရာဝန်ညွန်ကြားချက်နဲ့ပဲ အသုံးပြုသင့်ပါတယ်။
- မျက်စိကို ကသိကအောက် ဖြစ်စေတဲ့ အရာ
မျက်လုံးထဲသို့ အဲ့လိုပစ္စည်းတွေ ဝင်သွားပြီဆိုရင် တတ်နိုင်သမျှ ရေများများနဲ့ ဆေးချပါ။ အနည်းဆုံးငါးမိနစ်ခန့် ရေဘုံဘိုင်ဖွင့်ပြီး ဆက်တိုက်ဆေးချရပါမယ်။ ဖြည်းဖြည်းချင်း သက်သာလာပါလိမ့်မယ်။ အက်စစ် သို့မဟုတ် အယ်ကာလီ ဝင်သွားတာဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသတာ သို့မဟုတ် ဆေးရုံသို့ချက်ချင်းသွားတာတွေ လုပ်သင့်ပါတယ်။
- ဓာတ်မတည့်ခြင်း
ဓာတ်မတည့်ခြင်းကြောင့် မျက်စိရောင်တာက တချို့သူများမှာ ဖြစ်တတ်ပါတယ်။ ဓာတ်မတည့်တဲ့ အရာမရှိတော့ဘူးဆိုရင် သက်သာသွားမှာဖြစ်ပါတယ်။ မျက်စိနာခြင်းနဲ့ အခြားဓာတ်မတည့်ခြင်း လက္ခဏာများ (ဥပမာ ယားတာ၊ အင်ပြင်ထွက်တာတွေ) တွဲဖြစ်ပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။
မျက်စိနာရင် ဘာလုပ်မလဲ
မျက်စိနာရင် ဘာလုပ်မလဲ ဆိုတော့
- ရောင်နေတဲ့ မျက်လုံးကို မပွတ်ပါနဲ့။
- အစာမစားခင် ဆပ်ပြာနဲ့ ရေသုံးပြီး လက်ကိုသေချာဆေးပါ။
- မျက်ဝတ်များထွက်ပါက သန့်ရှင်းတဲ့ ဝါဂွမ်းလေးနဲ့ ဆေးပေးပါ။
- မျက်စိရောင်နေချိန် မျက်ကပ်မှန်တပ်ခြင်းကို ရှောင်ပါ။ အခြားသူရဲ့ မျက်ကပ်မှန်ကို မျှဝေမသုံးပါနဲ့။
- မျက်စိ အလှပြင် ပစ္စည်းများကို သူများနဲ့ မျှမသုံးပါနဲ့။
- မျက်စဉ်းဆေး မထည့်မီ သင့်လက်ကို ဆေးပါ။
- အိမ်တွင်းကုထုံးအနေနဲ့ မျက်ရည်တုမျက်စဉ်းဆေးကိုသာ ထည့်ပါ။ စတီးရွိုက်ပါတာတွေ၊ ပိုးသတ်ဆေးပါတာတွေကိုတော့ ဆရာဝန်နဲ့ ညွှန်ကြားချက်န့မှ အသုံးပြုသင့်ပါတယ်။
- မျက်စိနာခြင်း သာမက အခြားမျက်လုံးပြဿနာများကို သက်သာစေရန် သုံးစွဲသည့် ပစ္စည်းများကို သန့်ရှင်းစွာ ရှိနေစေရန် အရေးကြီးပါတယ်။
[embed-health-tool-bmi]