backup og meta

ဝက်ခြံဖြစ်ဖို့ အားပေးသော အစားအစာများ

ဝက်ခြံဖြစ်ဖို့ အားပေးသော အစားအစာများ

ဝက်ခြံထွက်ခြင်းဟာ ကြီးမားတဲ့ ပြဿနာမဟုတ်ပေမယ့် လူတစ်ဦးကို စိတ်အနှောင့်အယှက် ကောင်းကောင်းပေးနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဝက်ခြံများလာခြင်းဟာ လူတစ်ဦးရဲ့ အသွင်အပြင် ယုံကြည်မှုကိုလည်း ထိခိုက်စေတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရာများစွာ ရှိပါတယ်။ မွေးညှင်းပေါက်ပိတ်ခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်း စတဲ့အကြောင်းအချက်တွေကြောင့် ဝက်ခြံများ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီအချက်တွေထဲမှာ အစားအသောက်လည်း ပါဝင်ကြောင်း သုတေသီများက ယုံကြည်ခဲ့ကြပါတယ်။

ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ဝက်ခြံဖြစ်နိုင်ခြေကို ပိုမိုအားပေးနေတဲ့ အစားအသောက်တွေအကြောင်း ဖြစ်ပါတယ်။

၁။ စားကောင်းအောင်ပြုလုပ်ထားတဲ့ အစေ့အဆန်များနှင့် သကြားများ

သုတေသနအချို့အရ ဝက်ခြံအထွက်များသူများဟာ စားကောင်းအောင် ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်ကို ပိုမိုစားသုံးကြကြောင်း သိရပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို

– ဂျုံမှုန့်အဖြူဖြင့် ပြုလုပ်ထားသော ပေါင်မုန့်အနု၊ ခရက်ကာ၊ အချိုတည်းစားစရာများ

– ဆန်ချော၊ ဆန်ခေါက်ဆွဲ

– ဆိုဒါနှင့် အချိုရည်များ

– ကြံသကာ၊ ပျားရည် စသည့် အချိုဓာတ်ကဲသော စားစရာများ စတာတွေမှာ အများဆုံး တွေ့ရပါတယ်။

သုတေသနအချို့အရ သကြားဓာတ်ကဲတဲ့ အစားအစာတွေကို စားသုံးသူတွေဟာ ဝက်ခြံဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။

စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်များဟာ အစာအိမ်အူလမ်းကြောင်းကတဆင့် သွေးထဲကို လျင်မြန်စွာပဲ ရောက်ရှိသွားပြီး သွေးတွင်းသကြားဓာတ်ကို တက်လာစေပါတယ်။ အဲဒီအချိန်မှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ အင်ဆူလင်ဟော်မုန်းလည်း မြင့်တက်လာပါတယ်။ အင်ဆူလင်ဟော်မုန်းဟာ အန်ဒရိုဂျင်ဟော်မုန်း ထုတ်လုပ်မှုကို ပိုမိုမြင့်တက်စေပြီး ဝက်ခြံများကို ပိုမိုဖြစ်ပေါ်လာစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအချက်ကို ပိုမိုသေချာစေဖို့ သုတေသနတွေ ပိုမိုလိုအပ်သေးတယ်လို့ ပညာရှင်အချို့က ဆိုကြပါတယ်။

၂။ နို့ထွက်ပစ္စည်းများ

နို့ထွက်ပစ္စည်းများ စားသုံးခြင်းနဲ့ ဝက်ခြံထွက်ခြင်းအကြား ဆက်နွယ်မှုရှိနေတယ်လို့ သုတေသနအချို့က ဆိုပါတယ်။ အထူးသဖြင့် နို့ထွက်ပစ္စည်းများနဲ့ ရေခဲမုန့် အစားများတဲ့ ဆယ်ကျော်သက်အရွယ်များမှာ ဝက်ခြံထွက်တာ ပိုများတယ်လို့ ဆိုကြပါတယ်။

နို့ထွက်ပစ္စည်းများဟာ ဝက်ခြံထွက်ဖို့ ဘာကြောင့် ပိုမိုအားပေးသလဲဆိုတာကိုတော့ ရှင်းလင်းတိကျစွာ မသိရသေးပါဘူး။ ဖြစ်နိုင်ခြေတစ်ချက်ကတော့ အင်ဆူလင်ကို တက်စေခြင်းကြောင့် ဖြစ်စေတယ်လို့ ဆိုပါတယ်။ နောက်ဖြစ်နိုင်ခြေကတော့ နွားနို့မှာ အသည်းကနေ IGF-1 လို့ခေါ်တဲ့ ဓာတ်ကိုထွက်လာဖို့ လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် ဝက်ခြံထွက်ခြင်းကို ပိုမိုဆိုးရွားတယ်လို့ ဆိုပါတယ်။

၃။ အသင့်စား စားစရာများ

အသင့်စားနိုင်အောင် ပြုပြင်ထားတဲ့ စားစရာများဟာ ကယ်လိုရီ၊ အဆီဓာတ်နဲ့ ကာဘိုဟိုက်ဒရိတ် ပါဝင်မှုမြင့်မားပါတယ်။ အထူးသဖြင့် အနောက်တိုင်း စားသောက်မှုပုံစံ ဖြစ်ပါတယ်။ ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ အာလူးကြော်၊ ဆိုဒါ၊ မစ်ရှိတ် စတာတွေဟာ ဝက်ခြံဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။

သုတေသနတစ်ခုအရ အဆီဓာတ်ပါဝင်မှုမြင့်မားတဲ့ အသင့်စားစားစရာတွေဟာ ဝက်ခြံထွက်နိုင်ခြေ ပိုမိုမြင့်မားပါတယ်။ အသင့်စားစားစရာတွေကို ပုံမှန်စားသုံးသူတွေဟာ ဝက်ခြံထွက်နိုင်ခြေ ၁၇ ရာခိုင်နှုန်း ပိုမိုများပြားစေတယ်လို့ ဆိုပါတယ်။ ဘာဂါ၊ ဝက်အူချောင်းကို ပိုမိုစားသုံးသူများဟာ ဝက်ခြံပိုထွက်တတ်ပါတယ်။ အကြောင်းအရင်းကို တိကျစွာ မသိရပေမယ့် ဟော်မုန်းအပြောင်းအလဲကြောင့်လို့ သုတေသီအချို့က ဆိုကြပါတယ်။

၄။ Omega 6 များသော အစားအစာများ

Omega 6 ဖက်တီးအက်ဆစ်ပါဝင်မှုများတဲ့ အစားအစာတွေဟာ ရောင်ရမ်းမှုကို ပိုမိုအားပေးပြီး ဝက်ခြံဖြစ်နိုင်ခြေလည်း များပါတယ်။ Omega 6 များတဲ့ အစားအစာတွေကတော့ ပဲပိစပ်၊ ပြောင်းဖူး၊ နေကြာဆီ၊ အခွံမာသီး စတာမျိုးတွေ ဖြစ်ပါတယ်။ Omega 3 နည်းပြီး Omega 6 မြင့်တက်ခြင်းဟာ ဝက်ခြံအခြေအနေကို ပိုဆိုးလာစေတယ်လို့ ဆိုပါတယ်။

၅။ ချောကလက်

ချောကလက်စားခြင်းဟာ ဝက်ခြံအထွက်များခြင်းနဲ့ ဆက်စပ်နေတဲ့ အယူအဆကို သုတေသီအချို့ယုံကြည်လာတာ နှစ်ပေါင်းနှစ်ဆယ်လောက် ရှိပြီ ဖြစ်ပါတယ်။ သုတေသနတခုအရ ချောကလက်ညိုကို တစ်ရက်မှာ ၂၅ ဂရမ် ပုံမှန်စားသုံးလာသူတချို့ဟာ နှစ်ပတ်ကျော်ခန့်ကြာလာတဲ့အခါ ဝက်ခြံထွက်တာ ပိုများလာကြောင်း တွေ့ရပါတယ်။

၆။ Whey ပရိုတိန်းမှုန့်

Whey ပရိုတိန်းမုန့်ဟာ လူကြိုက်များတဲ့ ဖြည့်စွက်စာဖြစ်ပြီး leucine နဲ့ glutamine ဆိုတဲ့ အမိုင်နိုအက်ဆစ် ကြွယ်ဝပါတယ်။ အဆိုပါ အမိုင်နိုအက်ဆစ်များဟာ အရေပြားဆဲလ်တွေ ကြီးထွားနှုန်း၊ ပွားများနှုန်းကို ပိုမိုမြန်ဆန်စေတာကြောင့် ဝက်ခြံတွေ ပိုမိုဖြစ်ပေါ်နိုင်စေပါတယ်။ ဒီအချက်ကို ခိုင်မာတိကျစေဖို့ သုတေသနတွေတော့ ပိုမိုလိုအပ်ပါသေးတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/foods-that-cause-acne Accessed Date 11 June 2020

ယခုပုံစံ

25/08/2022

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံထွက်ခြင်းနှင့် စိတ်ခံစားမှုအကြောင်း

သင့်အသားအရေအတွက် အကောင်းဆုံးအစားအစာများ



Dr. Thant Zin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement