backup og meta

မျက်နှာပေါ်က ဆားဝက်ခြံတွေကို ဘယ်လိုအထိရောက်ဆုံးဖယ်ရှားကြမလဲ

ဆားဝက်ခြံဆိုတာ အဖြစ်အများဆုံးဝက်ခြံပုံစံတွေထဲက တစ်ခုပါ။ ဆားဝက်ခြံတွေရှိနေရင် အသားအရည်ရဲ့ လှပချောမွတ်မှုကို ထိခိုက်စေသလို မိတ်ကပ်လိမ်းလို့လဲ မကောင်းပါဘူး။ အဆီပြန်တဲ့အသားအရေရှိတဲ့သူတွေမှာ ဆားဝက်ခြံဖြစ်တာပိုများပေမယ့် ဘယ်လိုအသားအရေ အမျိုးအစားရှိသူမဆို ဆားဝက်ခြံဖြစ်နိုင်ပါတယ်။ ဆဲလ်အသေတွေနဲ့ အဆီဂလင်းက အဆီပိုတွေပေါင်းစုမိပြီး ဆားဝက်ခြံဆိုတာဖြစ်လာတာပါ။ ရိုးရိုးဝက်ခြံနဲ့မတူတာက ရိုးရိုးဝက်ခြံတွေဟာ ထိပ်ဖက်မှာအပိတ်ဖြစ်ပြီး ဆားဝက်ခြံရဲ့ မျက်နှာပြင်ကတော့အပွင့်ပါ။

ဒါကြောင့် ပြင်ပလေထုနဲ့ဓာတ်ပြုပြီး ဆားဝက်ခြံကအမည်းရောင်ဖြစ်နေတာပါ။ ဆားဝက်ခြံတွေကို လက်နဲ့ညှစ်ထုတ်တာက လွယ်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်တာက အရေပြားကိုအမာရွတ်ထင်စေပြီး ပျက်စီးစေပါတယ်။ အကြည့်ရဆိုးပြီး အနှောင့်အယှက်ပေးလှတဲ့ ဆားဝက်ခြံတွေကို ဘယ်လိုတိုက်ထုတ်မလဲဆိုတာ ကြည့်ကြရအောင်။

 (၁) ဆားဝက်ခြံကပ်ခွာတွေနဲ့ အိမ်သုံးဆားဝက်ခြံထုတ်နည်းတွေကို မေ့လိုက်ပါ။

 စျေးကွက်ထဲမှာရှိတဲ့ တချို့သော ဆားဝက်ခြံကပ်ခွာတွေနဲ့ mask တွေဟာ ခဏတော့ အသုံးဝင်ကောင်းဝင်ပါလိမ့်မယ်။ ဒါပေမယ့် သင့်အသားအရည်ကို အကျိူးပြုတဲ့ ပစ္စည်းတွေကိုပါ သူကဖယ်ရှားပစ်တာပါ။ ဥပမာ သဘာဝအဆီတွေနဲ့ မျက်နှာပြင်ကမွေးညင်းတွေလိုမျိုး။ အညစ်အကြေးသာမက ရှိသမျှ အရာတွေကိုဖယ်လိုက်တဲ့အတွက် သင့်အသားအရေကိုခြောက်သွေ့စေပြီး အထိခိုက်မခံဖြစ်လာစေပါတယ်။ အဲဒီအခါ တန်ပြန်အနေနဲ့ အဆီဂလင်းတွေကနေအဆီပိုထုတ်ပြီး နောက်ဆက်တွဲအနေနဲ့ ဆားဝက်ခြံတွေပိုဖြစ်လာစေပါတော့တယ်။ ဒါပေမယ့် ဆားဝက်ခြံကို ပရော်ဖက်ရှင်နယ်ကျကျ ထုတ်ပေးတဲ့ နေရာတွေရှိပါတယ်။ ဥပမာ အရေပြားဆရာဝန်လို၊ အလှအပပြုပြင်မှုဆိုင်ရာဆေးခန်းလို နေရာမျိူးမှာ ထုတ်ရင်တော့ သူတို့ရဲ့ အထူးပြုလုပ်ထားတဲ့ ပစ္စည်းတွေက ပိတ်နေတဲ့ဆားဝက်ခြံတွေကို ဘေးကအရေပြားကိုမပွန်းခြစ်မိစေဘဲ ထုတ်ပေးလို့ရပါတယ်။ ဒါပေမယ့် ပိုးသတ်ထားတဲ့ပစ္စည်းတွေဖြစ်ဖို့နဲ့ service ပေးသူရဲ့ ကျွမ်းကျင်မှုတော့ လိုအပ်ပါတယ်။

(၂) Salicylic acid နဲ့ မျက်နှာကို သန့်စင်ပါ။ 

 Benzoyl peroxide ထက် ဆားဝက်ခြံအတွက်ပိုသင့်တော်တဲ့ ဆေးဆိုင်စတိုးဆိုင်တွေမှာ အလွယ်ဝယ်လို့ရတဲ့ ပစ္စည်းကတော့ salicylic acid ပါတဲ့ မျက်နှာသန့်စင်ပစ္စည်းတွေပါပဲ။ နေ့စဉ်အသုံးပြုခြင်းအားဖြင့် ဆားဝက်ခြံအပြင် အဆီပိုနဲ့ မိတ်ကပ်တွေကိုပါ ဖယ်ရှားပေးနိုင်မှာပါ။ တခြားမျက်နှာသစ်ဆေးတွေလိုတော့ တစ်နေ့နှစ်ကြိမ်သုံးဖို့မသင့်တာမို့ တစ်ကြိမ်ကို အခြားမျက်နှာသစ်ဆေးနဲ့သစ်ပြီး salicylic acid ပါတဲ့ မျက်နှာသစ်ဆေးရည်ကိုတော့ တစ်နေ့တစ်ကြိမ်ပဲသုံးပါ။ ဒါပေမယ့် တချို့လူတွေဟာ salicylic acid ကို ထိရှလွယ်တတ်တာမို့ သတိထားဖို့တော့လိုပါတယ်။

(၃) AHA BHAတွေနဲ့ ဆဲလ်သေတွေကို ဖယ်ပါ။

အရင်တုန်းကတော့ ဒီပစ္စည်းတွေဟာ ဝက်ခြံကိုမသက်သာစေဘဲ ပိုဆိုးစေတယ်လို့ ဆိုသူတွေရှိကြပါတယ်။ အမှန်တကယ်ကတော့ ဒါဟာ ရိုးရိုးဝက်ခြံအတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ညင်ညင်သာသာပွတ်တိုက်ပေးမယ်ဆိုရင်  ဆားဝက်ခြံမှာတော့ အလုပ်ဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ အရေပြားရဲ့အပေါ်ဆုံးအလွှာကိုခွာချတာမို့ အရေးအကြောင်းတွေ၊ မှဲ့ခြောက်တွေကိုသက်သာပြီး ဆားဝက်ခြံတွေကိုလဲ လျော့ပါးစေနိုင်ပါတယ်။ ခုလို ဆဲလ်အသေဖယ်ရှားခြင်း exfoliate လုပ်တာကို တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် အလွန်ဆုံးနှစ်ကြိမ်သာလုပ်သင့်ပါတယ်။

 (၄) Retinol လိမ်းဆေးလိမ်းပါ။

Retinoids/ retinol တွေဟာ ဖယ်ရှားရခက်နေတဲ့ ဆားဝက်ခြံတွေကို ကွာစေပါတယ်။ ပိတ်နေတဲ့အပေါက်ထဲက ဆားဝက်ခြံကို ဖယ်ရှားပေးရုံသာမက တခြားလိမ်းဆေးတွေရဲ့ အာဏိသင်ကိုလဲ ပိုမိုကောင်းမွန်စေပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်စဉ်မှာတော့ ဒီလိမ်းဆေးကိုမသုံးသင့်ပါဘူး။

(၅)  Clay မျက်နှာပေါင်းတင် ကပ်ခွာကို သုံးပါ။

Clay maskတွေဟာ အဆီပြန်အသားအရေအတွက်တော့ မရှိမဖြစ်ပါပဲ။ တစ်ပတ်ကိုတစ်ကြိမ်သုံးမယ်ဆိုရင် ဆားဝက်ခြံတွေကိုလျော့ပါးသက်သာစေပါတယ်။

 (၇) chemical peel လုပ်ဖို့စဉ်းစားပါ။

chemical peel တွေရဲ့ မူလရည်ရွယ်ချက်ကတော့ အရေးအကြောင်းတွေနဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှဲ့ခြောက်လိုဟာမျိူးတွေအတွက်ပါ။ chemical peels တွေမှာ AHA တွေပါဝင်တတ်ပြီး အရေးပြားရဲ့အပေါ်ဆုံးအလွှာကို ဖယ်ရှားပေးပါတယ်။ ဆဲလ်အသေတွေကိုဖယ်ရှားပေးနိုင်ပြီး အရေပြားကိုနုပျိူစေ ချောမွတ်စေပါတယ်။ ဆားဝက်ခြံတွေဖယ်ပေးနိုင်တဲ့အပြင် ချွေးပေါက်တွေကိုလဲ ကျဉ်းစေပါတယ်။

(၈) မိတ်ကပ်တွေနဲ့ ညမအိပ်ပါနဲ့။

 တချို့သော သဘာဝမကျတဲ့ ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်တွေဟာ မိတ်ကပ်တွေအပြည့်နဲ့ ညအိပ်ရာဝင်ကြတာကို ဟာသသဖွယ်တွေ့ဖူးကြမှာပါ။ ဒါပေမယ့် လက်တွေ့လိုက်လုပ်ရင်တော့ ရယ်စရာမကောင်းလှပါဘူး။ ဒါဟာ ဆားဝက်ခြံတွေပိုဖြစ်လာစေဖို့ ဖိတ်ခေါ်နေသလိုပါပဲ။ ချွေးပေါက်တွေကိုလဲ မိတ်ကပ်တွေက ပိတ်စေမှာပါ။ အသားအရေခြောက်သွေ့ယားယံခြင်းနဲ့ ပိုးဝင်ခြင်းတွေကိုလဲ ဖြစ်စေနိုင်ပါတယ်။

ရေးသားသူ- Dr Sein Moe Satt

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

30/08/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆားဝက်ခြံတွေကို နှိမ်နင်းဖို့ နည်းလမ်းများ

မျက်ခုံးထဲက ဆားဝက်ခြံ ဘယ်လိုဖြေရှင်းရမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 30/08/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement