backup og meta

ပိုးသားလို နူးညံ့ပျော့ပျောင်းတဲ့ ဆံနွယ်ရစေဖို့ နည်းလမ်း (၃) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 13/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိုးသားလို နူးညံ့ပျော့ပျောင်းတဲ့ ဆံနွယ်ရစေဖို့ နည်းလမ်း (၃) ချက်

    ဆံသားဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါပဲ။ ကိုယ့်ရဲ့ ဆံနွယ်ေလးတွေ နူးညံ့ပျော့ပျောင်းနေဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ အိပ်မက်ပါပဲ။ ဒါပေမဲ့ လူဆိုတာကလည်း လှချင်တဲ့ စိတ်ကများနေတော့ ဆံပင်ကို ဟိုနားက ပြုပြင်၊ ဒီနားက ပုံသွင်းလိုက်နဲ့ သေချာ ထိန်းသိမ်းမှု မလုပ်တဲ့အခါမှာ ဆံသားနဲ့ ဦးရေပြားက တဖြည်းဖြည်းနဲ့ ခြောက်လာတော့တာပေါ့။ ဒီလိုမဖြစ်စေဖို့ ကာကွယ်လို့ ရမယ့် နည်းလမ်း (၃)ချက်ကို ပျိုမေတွေအတွက် ပြောပြပေးမယ်နော်။

    ၁။ ဆံသားမပျက်စီးစေဖို့ ဂရုစိုက်ပါ။

    • နေ့တိုင်းခေါင်းလျှော်တာထက် တစ်ရက်ခြား တစ်ခါဖြစ်စေ၊ တစ်ပတ်ကို ၂ကြိမ်လောက်ဖြစ်စေ ခေါင်းလျှော်ေပးရင် ရပါတယ်။ ခေါင်းမကြာခဏ လျှော်တဲ့အခါ ဦးရေပြားက ဆံသားချောမွေ့စေဖို့ ထုတ်ပေးလိုက်တဲ့ သဘာဝအဆီဓါတ်တွေကို ဖယ်ရှားပစ်လိုက်လို့ပါ။
    • ရေအေးနဲ့ပဲ ခေါင်းလျှော်ပေးပါ။ ရေပူရေနွေးနဲ့ ခေါင်းလျှော်လိုက်တဲ့အခါ ဦးရေပြားကို ခြောက်သွေ့သွားစေပြီး အဆီဓါတ်ကို ပိုမိုခမ်းခြောက်ဖို့ လွယ်ကူစေပါတယ်။
    • ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးရင် ဆံသားပျော့ဆေး (Conditioner) လေးပါ အသုံးပြုပေးပါ။ ဆံသားပျော့ဆေးမှာ ဦးရေပြားအတွက် အစိုဓါတ်၊ အာဟာရဓါတ်တွေ ဖြည့်စွမ်းပေးနိုင်တဲ့အပြင် ဆံသားကို နူးညံ့ပျော့ပျောင်းသွားစေတယ်။ ဆံပင်ခြောက်ပြီး ကြမ်းနေတဲ့သူတွေ၊ ဆံပင်အရမ်းကျွတ်တဲ့သူတွေ ဆံသားပျက်စီးမှုကင်းဝေးစေဖို့ သုံးပေးသင့်တယ်နော်။
    • ခေါင်းလျှော်ပြီးရင် ဆံပင်ကို ခြောက်စက်နဲ့ မှုတ်ပေးတာထက် မျက်နှာသုတ်ပဝါနဲ့ ခြောက်အောင် သုတ်ပေးတာ ပိုကောင်းပါတယ်။ ဆံပင်မခြောက်တခြောက် ဖြစ်နေတဲ့အချိန် ဘီးကျဲနဲ့ ခေါင်းကို ဖြည်းဖြည်းလေး ဖြီးပေးရပါမယ်။
    • ၆ပတ်မှ ၁၂ပတ်အတွင်း ဆံပင်အနားသားလေးတွေကို ကပ်ကြေးနဲ့ ညှပ်ပေးပါ။ ကိုယ်က ဆံပင်ရှည်ထားချင်တာဆိုရင် ဆံပင်အနားသားတွေမှာ ဖွာလန်နေတာ၊ ကောက်နေတာ၊ ပျက်စီးနေတာတွေ ဖြစ်လာမှာပါ။

    ၂။ ဆံသားပျော့ပျောင်းစေမယ့် နည်းလမ်းတွေကို အမြဲ လုပ်ပေးပါ။

    • တစ်ပတ်ကို တစ်ကြိမ် ညအိပ်ခါနီးမှာ သဘာဝအုန်းဆီ သို့မဟုတ် သံလွင်ဆီနဲ့ ဦးရေပြားနေရာအနှံ့ကို နှံ့စပ်အောင် ပွတ်လိမ်းပေးပါ။ လိမ်းနေရင်း လက်ချောင်းလေးနဲ့ ဦးရေပြားကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးမယ်ဆိုရင် သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေပြီး ဆံပင်သန်စွမ်းမှုကို အားဖြစ်စေပါတယ်။
    • ခေါင်းလျှော်နေစဉ် ဆံသားခြောက်တာမျိုး မဖြစ်စေဖို့ တစ်နာရီ ကြိုတင်ပြီး ဦးရေပြားကို သံလွင်ဆီအနည်းငယ်နဲ့ လိမ်းပေးထားပါ။ ဦးရေပြားထဲ ကောင်းကောင်းစိမ့်ဝင်သွားပြီဆိုမှ ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေးနဲ့ ခေါင်းလျှော်ပေးရင် ပိုကောင်းပါတယ်။
    • ကိုယ်ခန္ဓါအတွက်သာမက ဦးရေပြားကိုပါ နူးညံ့ချောမွေ့သွားစေဖို့ ကြက်ဥအကာကို အသုံးပြုပေးလို့ ရပါတယ်။ ကြက်ဥအကာ ၂လုံးကို သံပရာရည် ၂ဇွန်းထည့်ပြီး အမြှုပ်ထတဲ့အထိ သေချာခေါက်ပေးထားပါ။ ရေချိုးတဲ့အချိန် ဆံပင်ကို ရေအနည်းငယ် စွတ်ပြီး ကြက်ဥအကာအမြှုပ်ကို နှံ့စပ်အောင် လိမ်းပေးပါ။ ဆံသားအမြစ်ကနေ ဆံစအနားသားအထိ ဘီးလေးနဲ့ သေချာဖြီးပေးပါ။ ၅မိနစ်လောက် ကြာရင် ရေအေးနဲ့ ပြောင်စင်အောင် ဆေးပေးပါ။ သတိထားဖို့က ရေနွေး၊ ရေပူကို အသုံးမပြုဖို့နဲ့ သုံးနေရင် အရေပြားယားယံတယ်၊ ဓါတ်မတည့်ဘူးလို့ ခံစားမိရင် အမြန်ဆုံး ဆေးကြောလိုက်ဖို့ပါပဲ။
    • နောက်တစ်နည်းကတော့ ငှက်ပျောသီးနဲ့ ပျားရည်အနှစ်ပါပဲ။ ဆံသားကို နူးညံ့ချောမွေ့စေပြီး တောက်ပလာစေတဲ့ ပျားရည်နဲ့ အစိုဓါတ်ထိန်းပေးနိုင်တဲ့ ငှက်ပျောသီးကို သေချာရောမွှေပြီး ကြိတ်ချေပေးပါ။ ကြက်ဥအကာကို သုံးတဲ့နည်းလမ်းအတိုင်းပဲ ရေချိုးနေတဲ့အချိန်မှာ ဆံပင်ကို သုတ်လိမ်းပေးပြီး ရေအေးနဲ့ သေချာဆေးပေးလိုက်ရင် ရပါပြီ။

    ၃။ ဆံသားကို ခြောက်သွေ့စေမယ့် အပြုအမူတွေကို ရှောင်ကြဉ်ပါ။

    • ကိုယ့်ဆံသားကို နူးနူးညံ့ညံ့လေး ဖြစ်စေချင်တယ်ဆိုရင် ဆံပင်ကို အပူပေးပြီး အခြောက်ခံတာ၊ ဖြောင့်စက်၊ ကောက်စက်နဲ့ ဆံပင်ကို မကြာခဏ ပုံစံသွင်းတာတွေကို မလုပ်သင့်ပါဘူး။
    • အရောင်ဆိုးဆေး၊ ချွတ်ဆေးတွေမှာ ဦးရေပြားကို ထိခိုက်စေတဲ့ ဓါတုဗေဒပစ္စည်း အပြင်းစားတွေ အများကြီး ပါဝင်နေပါတယ်။ ဒါကြောင့် ဆံပင်ကို အရောင်ဆိုးတာတွေ မလုပ်ဘဲ သဘာဝအတိုင်းပဲ ထားထားပေးပါ။
    • ဆံပင်မခြောက်သေးဘဲ ခေါင်းစိုစိုကြီးနဲ့ အိပ်လိုက်တာ၊ ခေါင်းကို တစ်ဖက်ထဲမှာ အမြဲဖိပြီး အိပ်တဲ့ အလေ့အကျင့်ကိုလည်း ဖျောက်ထားဖို့တော့ လိုမယ်နော်။
    • အချိန်အကြာကြီး ဆံပင်မညှပ်ဘဲတော့ မနေပါနဲ့။ ကိုယ်က ဆံပင်ရှည်ထားချင်တယ်ဆိုရင်လည်း ဆံသဆိုင်မှာ သေချာပြောပြီး အနားစလေးတွေကို ညီညာသွားအောင် ညှပ်ပေးတာ၊ ဆံပင်ပေါင်းတင်တာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။
    • ဆေးလိပ်၊ အရက်သောက်တဲ့ အကျင့်ကိုလည်း ဖျောက်လိုက်တာ အကောင်းဆုံးပါပဲ။ အရေပြားကို ခြောက်သွေ့ပျက်စီးစေတဲ့ ဓါတ်ပစ္စည်းတွေ အများအပြားပါဝင်နေတဲ့ ဆေးလိပ်၊ အရက်ဟာ အလှအပအတွက်သာမက ကျန်းမာရေးကိုလည်း တော်တော်လေးကို ဒုက္ခပေးနိုင်တဲ့ အရာတွေထဲမှာ ပါဝင်နေပါတယ်။

    ဒီနည်းလမ်း ၃ချက်ကို သေချာလိုက်နာပေးမယ်ဆိုရင် ပျိုမေတွေလည်း ပိုးသားလေးလို နူးညံ့အိစက်တဲ့ ဆံသားကို အမြန်ဆုံး ပိုင်ဆိုင်ရမှာ အသေအချာပါပဲ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 13/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement