backup og meta

ခရီး မှာ အသားအရေ ဂရုစိုက်ဖို့ မသိမဖြစ်အချက်လေးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခရီး မှာ အသားအရေ ဂရုစိုက်ဖို့ မသိမဖြစ်အချက်လေးတွေ

    တစ်ယောက်တည်းဖြစ်ဖြစ်၊ အပေါင်းအဖော်တွေနဲ့ပဲဆိုဆို ခရီး သွားရမယ်ဆို ပျော်ချက်ပဲနော်။ ဘာတွေဝတ်မယ်၊ ဘယ်လိုလေး ဓာတ်ပုံရိုက်မယ်ဆိုတဲ့ မိုတီဗေးရှင်းတွေက အပြည့်ပဲလေ။ ဒါပေမယ့် အလှအပမှာ အသားအရေက အသက်ပဲ ဆိုတာ မေ့နေပါဦးမယ်။

    မိတ်ကပ်တွေလိမ်း၊ အလန်းစားတွေဝတ်လည်း အသားအရေကိုဂရုမစိုက်ရင် အလှမပေါ်လွင်နိုင်ပါဘူး။ တော်တော်များများက ခရီးသွားရင် အသားအရေပျက်စီးမှာပဲလို့ တွေးပြီး မသွားခင်နဲ့ သွားနေတဲ့အချိန်မှာ သိပ်ဂရုမစိုက်တတ်ကြဘူး။ ပြန်ရောက်လာမှသာ အသားအရေပြန်ထိန်းသိမ်းဖို့ အပြေးအလွှား သွားပေါင်းတင်ကြတာမျိုး။

    ခရီး တလျှောက်လည်း ဂရုစိုက်သင့်တယ်

    ခရီး မှာ နေဒဏ်၊ လေဒဏ်၊ ပတ်ဝန်းကျင်ရဲ့ ညစ်ညမ်းမှုဒဏ်တွေကို ရင်ဆိုင်ရာမှာမို့ အသားအရေကို လိုအပ်တဲ့ကာကွယ်မှုတွေ၊ ဂရုစိုက်မှုတွေ၊ အားဖြည့်မှုတွေ ရှိရမယ်လေ။ လွယ်ပါတယ် –

    မျက်နှာသစ်ဖို့ မပျင်းပါနဲ့

    မျက်နှာသစ်ဖို့က သတိပေးဖို့မလိုလောက်ဘူးလို့ထင်ရပေမယ့် တစ်ခါတလေ ခရီးသွားတဲ့အခါ တစ်နေကုန်ပျော်ထားသမျှ လူကပင်ပန်းတာနဲ့ပဲ မျက်နှာမသစ်ဘဲ ထိုးအိပ်လိုက်တာမျိုး၊ မူးပြီးမှောက်သွားတာမျိုး ရှိတတ်ပါတယ်။ တစ်နေ့နှစ်ကြိမ် မှန်အောင်သစ်ပါနော်။

    ရေနွေးမသုံးပါနဲ့

    တည်းမယ့်ဟိုတယ်မှာ ရေပူရေအေးစနစ် ရလည်း ရေနွေးသုံးပြီး မျက်နှာမသစ်ပါနဲ့။ ရေချိုးတာလည်း တူတူပါပဲ။ ရာသီဥတုအေးလို့ ရေနွေးနွေးလေးချိုးမယ် ဆိုလည်း အပူကို တတ်နိုင်သလောက်လျှော့ထားဖို့ သတိပြုပါ။

    ရေနွေးကြောင့် အသားပိုခြောက်စေတဲ့အတွက် အသားအရေထိခိုက်ဖို့ ပိုလွယ်ကူစေပါတယ်။ ထိခိုက်လွယ်အသားအရေပိုင်ရှင်တွေဆိုရင် ပိုဆိုးတာပေါ့လေ။

    မိတ်ကပ် ထူထူ မလူးပါနဲ့

    လိုအပ်တဲ့ အခြေခံ skin care အဆင့်လေးတွေ လုပ်ပြီးရင် မိတ်ကပ်ကို တော်တန်ရုံပဲ လိမ်းပါ။ ခရီး ဒဏ် ခံနေရတဲ့ မျက်နှာအသားအရေမှာ မိတ်ကပ်ထူထူကြောင့် ပြဿနာများနိုင်ပါတယ်။

    မိတ်ကပ်ဖျက်ပါ

    လှချင်လို့ လိမ်းတုန်းကတော့ လိမ်းတာပဲ။ ပြန်ဖျက်ဖို့လည်း တာဝန်ရှိပါတယ်နော်။ မိတ်ကပ်တွေ၊ Sunscreen တွေ၊ ပေါင်ဒါတွေ၊ ရှဲဒိုးတွေ တင်ထားတဲ့ မျက်နှာအသားအရေကို သေချာမဖျက်ဘဲ ဒီတိုင်းအိပ်လိုက်မယ်ဆိုရင် တစ်နေကုန်စုထားသမျှ ဖုန်တွေ၊ အညစ်အကြေးတွေ၊ ပိုးမွှားတွေ အကုန် ချွေးပေါက်ထဲပိတ်ဆို့နေတော့မှာပေါ့။

    ညအိပ်ခါနီး Face Mask တွေ ကပ်ပါ

    နေ့ဘက်မှာ နေဒဏ်၊ လေဒဏ်ခံထားရတဲ့ မျက်နှာအသားအရေကို အနားယူချိန်မှာ ပြန်အားဖြည့်ပေးသင့်ပါတယ်။ ညအိပ်ခါနီးမှာ အစိုဓာတ်ထိန်းပေးမယ့် Face Mask တွေ ကပ်ပေးပါ။

    ဟိုတယ်က ပစ္စည်းတွေမသုံးပါနဲ့

    တခြားတော့မဟုတ်ပါဘူး။ ဟိုတယ်တွေမှာပေးထားတဲ့ ဆပ်ပြာ၊ ရှမ်ပူ စတာတွေကို မသုံးဘဲ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ကိုယ့်ဘာသာထည့်သွားတာကောင်းပါတယ်။

    ကိုယ့်အသားအရေနဲ့ အဆင်ပြေမှန်းမသိ၊ ပစ္စည်းတွေရဲ့အရည်အသွေးကို မသိ၊ ပစ္စည်းတွေရဲ့သက်တမ်းကို မသိနဲ့ သုံးလိုက်မယ်ဆိုရင် အရေပြားပိုထိခိုက်လွယ်ပါလိမ့်မယ်။

    နေပူကို ကာပါ

    Sunscreen သုံးဖြစ်အောင်သုံးပါ။ မျက်နှာဖြစ်ဖြစ်၊ ခန္ဓာကိုယ်ဖြစ်ဖြစ် အရေပြားအားလုံးကို Sunscreen နဲ့ကာကွယ်ထားဖို့လိုပါတယ်။ အစိုဓာတ်ထိန်းတဲ့ ခရင်မ်တစ်ခုခုလည်း ပါရဦးမယ်လေ။

    ခရီးမှာ မျက်နှာကို လက်နဲ့ခဏခဏ မထိပါနဲ့

    သွားရင်းလာရင်း မျက်နှာကိုထိတွေ့မိတဲ့လက်က ဘယ်လောက်သန့်စင်နိုင်ပါ့မလဲ။ လက်သန့်ဆေးရည်တွေ ဘယ်လောက်သုံးသုံး မျက်နှာကို မကြာခဏ ထိတွေ့တာက ဘက်တီးရီးယားပျော်စေပြီး ဝက်ခြံပေါက်စေနိုင်ပါတယ်။

    ခရီး သွားရင်း ဓာတ်ပုံလှလှလေးတွေ ရိုက်နိုင်ဖို့ အသားအရေကို အလှပဆုံး ထိန်းသိမ်းရအောင်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement