backup og meta

သွားမကောင်း တဲ့ ဘိုးဘိုးဘွားဘွားတို့ကို ဘာကျွေးမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားမကောင်း တဲ့ ဘိုးဘိုးဘွားဘွားတို့ကို ဘာကျွေးမလဲ။

    ဘိုးဘိုးဘွားဘွားတွေဟာ အသက်ကြီးလာတာနဲ့အမျှ စားသောက်တဲ့ပုံစံ ပြောင်းလာတာကို သတိထားမိပါသလား။ သူတို့က တဖြည်းဖြည်းနဲ့ အစားကို သိပ်ပြီး မက်မက်စက်စက် မရှိတော့ဘူး။ အသက်ကြီးလာတော့ အရင်လို လှုပ်လှုပ်ရှားရှား မလုပ်ရတော့ ကယ်လိုရီလည်း သိပ်မလိုတော့ပါဘူး။ ဒီတော့ ဗိုက်လည်း သိပ်မဆာတော့ပါဘူး။ နောက်ပြီး အသက်ကြီးလာတော့ အရသာခံတာတွေ၊ ခံတွင်းတွေ့လာတွေလည်း ပြောင်းလာပါတယ်။ အရင်လို တစ်ခုခုကို မက်မက်မောမော စားချင်လိုက်တာဆိုတာမျိုး သိပ်မရှိတော့ပါဘူး။ နောက်ဆုံးတစ်ချက်ကတော့ သွားမကောင်း လို့ပါ။ သွားမကောင်းတော့ စားရ ဝါးရတာ မလွယ်တော့ တော်ရုံဆို စားချင်စိတ်လည်း မရှိတော့ပါဘူး။

    ဒီအချက်တွေက ကြာလာရင် ဘိုးဘိုးဘွားဘွားတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ အစားမဝင်တာက ကြာလာရင် နဂိုက ကျန်းမာရေး ကောင်းတဲ့ ဘိုးဘိုးဘွားဘွားတွေကိုတောင် အာဟာရပြတ်ပြီး အိပ်ရာထဲလဲစေနိုင်ပါတယ်။ အဓိက သွားမကောင်းလို့ စားကို မစားနိုင်တဲ့ ဘိုးဘိုးဘွားဘွားတွေမှာပေါ့။ ဒါကြောင့် ဒီဆောင်းပါးမှာ ဘိုးဘိုးဘွားဘွားတွေ သွားမကောင်းပေမယ့် အာဟာရပြည့်အောင်  ဖြည့်ဆည်းပေးနိုင်မယ့်နည်းလမ်းတွေကို ပြောပြပေးပါမယ်။

    သွားမကောင်း တဲ့ ဘိုးဘိုးဘွားဘွားတို့အတွက် အာဟာရ

    • သွားကျန်းမာရေးက စပါ။

    သွားကျန်းမာရေး ကောင်းမှ စားနိုင်သောက်နိုင်မှာပါ။ ဘိုးဘိုးဘွားဘွားတွေက သွားမကောင်းတော့တာ မှန်ပေမယ့် ခုခေတ် ဆေးပညာတွေက တိုးတက်နေတော့ သွားတွေကို နဂိုနီးပါး ပြန်ကောင်းအောင် လုပ်လို့ရပါတယ်။ သွားစိုက်တာ၊ အံကပ်တပ်တာ စတဲ့ နည်းလမ်းတွေက ဘိုးဘိုးဘွားဘွားတွေကို အစာကောင်းကောင်း ဝါးနိုင်ဖို့ ကူညီပေးနိုင်မှာပါ။ ဒါကြောင့် သွားတွေကို လိုအပ်တဲ့ ကုသမှုတွေ လုပ်ထားပါ။

    • အစားမှန်မှန် စားပါစေ။

    သွားမကောင်းလို့ပဲ ဖြစ်ဖြစ်၊ ခံတွင်းမတွေ့လို့ပဲ ဖြစ်ဖြစ် အနပ်တွေ ကျော်စား၊ ပေါင်းစားတတ်ပါတယ်။ လူကြီးတွေနဲ့ အနေနီးသူဆို ကောင်းကောင်းသိပါတယ်။ သူတို့ဟာ ကလေးတွေလိုပါပဲ။ အစစအရာရာ ဂရုစိုက်ပေးရပါတယ်။ ဘိုးဘိုးဘွားဘွားတွေကို ဘာပဲဖြစ်ဖြစ် အစားမှန်မှန် စားခိုင်းပါ။ တစ်နေ့ ၃နပ်ဆိုတာထက် နည်းနည်းနဲ့ ခဏခဏ စားပေးတာ ပိုကောင်းပါတယ်။

    • အစာပျော့ပျော့ကျွေးပါ။

    ကိုယ့်သွားနဲ့ကိုယ်စားတာပဲ ဖြစ်ဖြစ်၊ အံကပ်နဲ့ ဝါးတာဖြစ်ဖြစ် အသက်ကြီးလာတော့ အစာဝါးရင် သွားဖုံးက နာတတ်ပါတယ်။ ဒါကြောင့် အစာပျော့ပျော့ကျွေးပေးပါ။ ဆန်ပြုတ်လိုဖြစ်နေစရာတော့ မလိုပါဘူး။ ဘိုးဘိုးဘွားဘွားတွေ  ဝါးနိုင်တဲ့ အနေဆို ရပါပြီ။

    • ပူလွန်း အေးလွန်းတာတွေ မကျွေးပါနဲ့။

    လူငယ်တွေတောင် သွားကျဉ်တတ်သေးတာ ဘိုးဘိုးဘွားဘွားတွေလည်း ပူလွန်း အေးလွန်းတာတွေ စားရင် သွားကျဉ်နိုင်ပါတယ်။

    • အာဟာရ အစုံပါပါစေ။

    ဘိုးဘိုးဘွားဘွားတွေကလည်း ကလေးလိုပဲ အာဟာရအစုံပါအောင် စားရမှာပါ။ ဥပမာလေး ပြောပြပါ့မယ်။

    -ကာဘိုဟိုက်ဒရိတ် အတွက် ထမင်းဆိုရင် ဝါးနိုင်သလောက် ပျော့ပျော့ချက်ပေးပါ။ ပေါင်မုန့်ဆိုလည်း ဒီတိုင်းစားတာာထက် နို့နဲ့ စိမ်စားတာမျိုး၊ ဘီစကစ်တို့၊ ကိတ်ခြောက်တို့ဆိုလည်း ဒီလိုပါပဲ။

    -ပရိုတိန်းဓာတ်အတွက် ဘိုးဘိုးဘွားဘွားတွေကို ကြက်ကြော်တုံးကိုက်ခိုင်းလို့ မရပါဘူး။ ဒါကြောင့် အသား၊ ငါးတွေကို ပြုတ်ကြော်လေး၊ ပေါင်းတာလေး၊ စင်းကောလေး လုပ်ကျွေးပါ။ ပဲဆိုလည်း နူးအိနေအောင် ချက်ပေးပါ။

    -အဆီဓာတ်ကတော့ အထွေအထူး ပြောစရာ မလိုပါဘူး။ အများကြီး မကျွေးမိအောင် ဂရုစိုက်ပေးပါ။

    -အသီးအရွက်တွေ ကျွေးမယ်ဆိုရင် နူးအိနေအောင် ပေါင်းကျွေးတာ၊ နူးနေအောင် ကြော်တာ၊ အရည်သောက်ချက်တာ လုပ်ပေးလို့ရပါတယ်။

    -အသီးအနှံတွေဆိုလည်း ပါးပါးသေးသေး လှီးကျွေးတာမျိုး၊ ဖျော်ရည်ဖျော်တိုက်တာမျိုး လုပ်ပေးပါ။

    -နောက်ပြီး နို့တွေ၊ ဒိန်ချဉ်တွေ တိုက်ပေးဖို့ မမေ့ပါနဲ့။

    -အစားကောင်းကောင်း မစားနိုင်တဲ့ အဘိုးအဘွားတွေအတွက် ဆရာဝန်နဲ့တိုင်ပင်ပြီး အားဆေး တိုက်တာ ဖြစ်ဖြစ်၊ အာဟာရမှုန့်တိုက်တာဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။

    • အစာဝါးတဲ့အခါ သတိထားခိုင်းပါ။

    အစာဝါးတဲ့အခါ ဖြည်းဖြည်းနဲ့ ကြေညက်အောင် ဝါးခိုင်းပါ။ ထမင်းစားတဲ့အခါ ဒီတိုင်းစားတာထက် အရည်သောက် တစ်ခုခုနဲ့ စားတာက သူတို့အတွက် ပိုပြီး အဆင်ပြေမှာပါ။

    ဘိုးဘိုးဘွားဘွားတွေကို ထမင်းကျွေးရတာ ကလေးတွေကို ဖြည့်စွက်စာ ကျွေးတာနဲ့ တူတယ်လို့ မထင်ဘူးလား။ သွားပေါက်ခါစ ကလေးတွေနဲ့ သွားတွေ ကုန်တော့မယ့် ဘိုးဘိုးဘွားဘွားတွေကို ထမင်းကျွေးရတာက တူတူပါပဲ။ ဘိုးဘိုးဘွားဘွားတွေအတွက် ဂရုစိုက်ရမှာက အစားအစာတွေသည် သူတို့ ဝါးနိုင်တဲ့ အနေအထားဖြစ်ဖို့ရယ်၊ အာဟာရစုံလင်ဖို့ရယ်ပါ။ ကျန်းမာရေးသာကောင်းနေမယ်ဆိုရင် အစားတွေ ရှောင်စရာမလိုဘဲ စားလို့ရပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement