backup og meta

အရက်နာကျတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 6 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရက်နာကျတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

    သောကြာနေ့လိုမျိုး ညတွေမှာ တစ်ပတ်တာ ပင်ပန်းသမျှကို ဖြေဖျောက်တဲ့ အနေနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ တွေ့ပြီး ပျော်ပျော်ရွှင်ရွှင်သောက်ကြစားကြတာမျိုး ရှိကြမယ် ထင်ပါတယ်။ တစ်ခါတစ်လေ သူငယ်ချင်းတွေ စုမိကြတဲ့အခါ ကိုယ်သောက်နိုင်တဲ့ ပမာဏထက် ပိုပြီးသောက်မိသွားတာမျိုးလည်း ကြုံဖူးကြမှာပါ။ ဒီလို များသွားတာက သောက်တုန်းတော့ သိပ်မသိသာပေမယ့် နောက်တစ်နေ့ ရောက်တဲ့အခါမှာတော့ အရက်နာကျတဲ့ ခံစားမှုကို စတင် ခံစားရပြီလေ။ အရက်နာကျတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    အရက်နာကျတယ် ဆိုတာက

    အရက်နာကျတာက လူတစ်ယောက်နဲ့ တစ်ယောက်မှာ မတူနိုင်ပါဘူး။ အဖြစ်များတဲ့ လက္ခဏာတွေ ကတော့ အရက်နာကျတဲ့အခါ ခေါင်းကိုက်မယ်၊ မအီမသာ ဖြစ်ပြီး ပျို့အန်ချင်သလို ဖြစ်နေမယ်၊ ခြေကုန်လက်ပန်း ကျနေမယ်၊ ခန္ဓါကိုယ်မှာ ရေဓါတ် ကုန်ခန်းသလို ဖြစ်နေတာတွေပါပဲ။ အရက်နာကျတဲ့ သူတွေမှာ အဖြစ်များဆုံး လက္ခဏာက ခန္ဓါကိုယ်မှာ ရေဓါတ် ကုန်ခမ်းနေသလို ခံစားရတာပါပဲ။

    အရက်နာကျတဲ့အခါ အာရုံစိုက်ဖို့ မလွယ်တာမျိုး ဖြစ်နိုင်သလို စိတ်ထဲ မကြည်မလင် ဖြစ်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ အရက်နာကျရတဲ့အဓိက အကြောင်းအရင်းကတော့ အရက်ထဲမှာ ပါတဲ့ အီသနောပါပဲ။ အီသနောက အဆိပ်ရှိတဲ့ ဓာတုပစ္စည်း တစ်မျိုး ဖြစ်ပြီး ဆီးခဏခဏသွားစေတာကြောင့် ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ဆုံးရှုံးစေပါတယ်။

    အရက်နာကျတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

    • ရေသောက်ပါ

    ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည် ဖြည့်တင်းနိုင်စေဖို့အတွက် ရေသောက်ပေးဖို့ လိုပါမယ်။ ရေများများသောက်ပေးလေလေ ခန္ဓာကိုယ်ထဲက အဆိပ် ဖြစ်စေတဲ့ အရာတွေကို သန့်စင်နိုင်လေလေပါ။ ဖြစ်နိုင်ရင်တော့ ညဘက် အရက် သောက်နေချိန်မှာကိုက ရေကို သောက်ပေးသင့်တာပါ။

    • ရေဓာတ် ပြည့်ဝစေမယ့် ဖျော်ရည်တွေ သောက်ပေးပါ

    ရေသောက်ပေးရုံ နဲ့ ရေဓာတ် ကုန်ခန်းသွားတာတွေကို ဖြည့်နိုင်ပြီလို့ မဆိုသာပါဘူး။ အရက်နာကျတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်ကိုပါ ဆုံးရှုံးနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အရက်နာကျနေချိန်မှာ အချိုရည်၊ အုန်းရည်လိုမျိုး အရာတွေကို သောက်သုံးပေးလို့ ရသလို စွပ်ပြုတ် တစ်ခုခုကို သောက်ပေးလို့လည်း ရပါတယ်။

    • မနက်စာစားပေးပါ

    ညက အရမ်း များသွားပြီး နောက်တစ်နေ့ နိုးလာချိန်မှာ ခေါင်းက မကြည်မလင် ဖြစ်နေခဲ့ရင်တောင် မနက်စာကို လုံးဝမစားဘဲ နေတာမျိုး မလုပ်ပါနဲ့။ အစားအစာတွေမှာ ပါတဲ့ Electrolytesတွေက ခန္ဓာကိုယ်ကို ရေဓာတ် ပြန်လည် ဖြည့်တင်းပေးနိုင်သလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လိုရီတွေကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။

    အရက်နာကျနေတဲ့အခါ ကြေလွယ်တဲ့ အစားအစာကို စားသုံးမိဖို့တော့ လိုအပ်ပါတယ်။ ပေါင်မုန့်မီးကင်၊ ခရက်ကာတို့ စားသုံးပေးပါ။ ဒီ အစားအစာတွေက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ် ပမာဏကို ဖြည့်တင်းပေးနိုင်ပါတယ်။

  • ချင်းနည်းနည်း စားပေးပါ
  • ချင်းက အရက်နာကျတာကြောင့် မအီမသာဖြစ်တာနဲ့ အော့အန်တာကို သက်သာစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ အရက်သောက်တာ များသွားတဲ့အခါ ရေနွေး ပူပူထဲကို ချင်းတစ်ပြားလောက် ထည့်သောက်တာမျိုးဖြစ်ဖြစ်၊ ချင်းကို ပါးပါးလေး လွှာပြီး ဝါးစားတာမျိုး ဖြစ်ဖြစ် လုပ်ပးပါ။

    • ကညွတ်စားပေးပါ

    ကညွတ်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ခန္ဓာကိုယ်ဆဲလ်တွေက အယ်လ်ကိုဟော ချေဖျက်နိုင်စွမ်းကို တိုးစေနိုင်ပါတယ်။ ကညွတ်က အယ်လ်ကိုဟောကြောင့် ခန္ဓာကိုယ်မှာ ရေရှည် ထိခိုက်နိုင်ခြေတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

    ကညွတ်က အရက်နာကျတာကို သက်သာစေနိုင်သလို အရက်ကြောင့် အသည်း ထိခိုက်ပျက်စီးတာကိုလည်း ကာကွယ်ပေးပါတယ်။

    • ငှက်ပျောသီးစားပေးပါ

    အရက်နာကျတဲ့အခါ ခန္ဓာကိုယ်မှာ ပိုတက်ဆီယမ်နဲ့ ဆားဓာတ်တွေ လျော့ကျနေတတ်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးလိုမျိုး ပိုတက်ဆီယမ်ပါတဲ့ အသီးတွေ စားသုံးပေးပါ။ အငန်ဓာတ်ပါတဲ့ မုန့်ကြွပ်လေးတွေ စားသုံးပေးလို့လည်း ရပါတယ်။ အငန်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေက ခန္ဓာကိုယ်က ရေဓာတ်တွေ ဆုံးရှုံးမှုမရှိအောင် တားဆီးပေးနိုင်ပါတယ်။

    အရမ်းများသွားလို့ အရက်နာကျနေတဲ့ သူတွေ အနေနဲ့ အခုပြောပြခဲ့တဲ့ အစားအသောက် နည်းလမ်းတွေအတိုင်း လုပ်ကြည့်ပြီး အရက်နာကျတာကို သက်သာအောင် လုပ်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 6 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement