backup og meta

ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးထိခိုက်နိုင်သလား

ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးထိခိုက်နိုင်သလား

လူအများစုဟာ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်တတ်ကြောင်း သိကြပါတယ်။ ဒါပေမယ့် ဆေးလိပ်ကြောင့် နှလုံးကိုပါ ထိခိုက်နိုင်ကြောင်း သိရှိသူနည်းပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးထိခိုက်နိုင်သလား ဆိုတော့ ဆေးလိပ်ဟာ နှလုံးရောဂါနဲ့ သွေးကြောဆိုင်ရာ ရောဂါများကို ဖြစ်ပွားနိုင်ခြေ မြင့်တက်စေပါတယ်။

အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနရဲ့ အဆိုအရ ဆေးလိပ်ကြောင့် သေဆုံးသူပေါင်းဟာ တနှစ်ကို ၄၈၀၀၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။

ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးထိခိုက်နိုင်သလား

သုတေသနတွေအရ ဆေးလိပ်သောက်တဲ့အခါ နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးကြောတွေကို မာကြောလာစေပါတယ်။ စည်းချက်မမှန်ဘဲ နှလုံးကို ပိုပြီးအားစိုက်ကာ အလုပ်လုပ်ရစေပါတယ်။ ဆေးလိပ်ကြောင့် သွေးတိုးစေနိုင်ပြီး လေဖြတ်နိုင်ခြေလည်း မြင့်စေပါတယ်။

ဆေးလိပ်နဲ့ စီးကရက်တွေမှာ အဓိကပါဝင်တာကတော့ နီကိုတင်းဖြစ်ပါတယ်။ ဒါ့အပြင် တား လို့ခေါ်တဲ့ ကတ္တရာဓာတ်ပေါင်းတမျိုးနဲ့ ကာဗွန်မိုနောက်ဆိုဒ်လည်းပါဝင်ပြီး နှလုံးကို နည်းမျိုးစုံနဲ့ ဒုက္ခပေးပါတယ်။ အဆိုပါ ဓာတုပစ္စည်းများဟာ သွေးကြောတွေထဲမှာ အနည်များဖြစ်လာစေပြီး သွေးကြောနံရံတွေကို မာကြောထူထဲ လာစေပါတယ်။ တဖြည်းဖြည်းနဲ့ ကျဉ်းသွားစေပါတယ်။ သူတို့ဟာ ကိုလက်စထရောပမာဏအပေါ် သက်ရောက်မှုဖြစ်စေပါတယ်။ သွေးခဲစေတဲ့ ဓာတ်ပစ္စည်းတမျိုးကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် သွေးခဲနိုင်ခြေရှိပြီး နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်းများ ဖြစ်ပေါ်စေပါတယ်။

ဆေးလိပ်နဲ့ ပတ်သက်ရင် ဘေးကင်းတဲ့ ပမာဏဆိုတာ မရှိပါဘူး။ တခါတရံမှသာ သောက်သုံးရင်လည်း နှလုံးနဲ့ သွေးကြောတွေကို ထိခိုက်စေပါတယ်။ ဆေးလိပ်သောက်ပြီး ကိုယ်ဝန်တားဆေးသုံးနေတဲ့ အမျိုးသမီးတွေ၊ ဆီးချိုရှိပြီး ဆေးလိပ်သောက်နေတဲ့ အမျိုးသမီးတွေဟာ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်းများ ဖြစ်နိုင်ခြေ မြင့်စေပါတယ်။

မိမိဆေးလိပ်သောက်ခြင်းကြောင့် တခြားသူတွေပါ ထိခိုက်စေသလား

သင်ဆေးလိပ်သောက်ရင် ပတ်ဝန်းကျင်ကလူတွေကိုပါ ထိခိုက်စေပါတယ်။ ဒါကို တဆင့်ခံဆေးလိပ်ငွေ့ ရှူရှိုက်ခြင်းလို့ ခေါ်ပါတယ်။ တဆင့်ခံရှူရှိုက်မိခြင်းကြောင့် လေဖြတ်နိုင်ခြေဟာ ဆေးလိပ်မသောက်သူတွေကြားမှာ ၂၀-၃၀% ရှိတယ်လို့ သုတေသနတခုမှာ ဆိုထားပါတယ်။

တဆင့်ခံ ဆေးလိပ်ငွေ့တွေကြောင့် နာတာရှည် အသက်ရှူလမ်းကြောင်းပြဿနာတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေမှာ ဖြစ်ပါတယ်။ တခါမှ ဆေးလိပ်မသောက်ဖူးသူတွေကိုတောင် ကင်ဆာနဲ့ နှလုံးရောဂါတွေ ဖြစ်လာစေပါတယ်။ ကလေးနဲ့ဆယ်ကျော်သက်အရွယ်တွေဟာလည်း အရွယ်ရောက်ပြီးသူတွေလိုပဲ နှလုံးရောဂါဖြစ်လာနိုင်ခြေ မြင့်ပါတယ်။

အကြောင်းကတော့ အကျိုးပြုကိုလက်စထရောနည်းပါးပြီး သွေးပေါင်ချိန်တိုးကာ နှလုံးကိုထိခိုက်စေလို့ ဖြစ်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့များဟာ အသက်ရှူလမ်းကြောင်းပြဿနာရှိပြီး လမစေ့ဘဲမွေးလာတဲ့ ကလေးတွေနဲ့ ပန်းနာရင်ကျပ်ရှိတဲ့ ကလေးတွေကို ပိုပြီး ဒုက္ခပေးတတ်ပါတယ်။

ဆေးလိပ်ဘယ်လိုဖြတ်မလဲ

ဆေးလိပ်ဖြတ်ဖို့အတွက် စိတ်ခိုင်ဖို့ လိုပါတယ်။ ဆေးလိပ်သောက်သူအတော်များများဟာ အကြိမ်ပေါင်းများစွာ ဖြတ်ခဲ့ကြပေမယ့် မအောင်မြင်ဘဲ ပြန်သောက်ဖြစ်ကြပါတယ်။ အောက်ပါနည်းလမ်းတွေ ကျင့်သုံးသင့်ပါတယ်။

• ရက်တရက်သတ်မှတ်ပါ။ အဓိပ္ပာယ်ရှိတဲ့ ရက်တရက်ရက် ဥပမာ မွေးနေ့၊ အထိမ်းအမှတ်ရက် စသဖြင့်ဖြစ်ရင် ပိုကောင်းပါတယ်။

• အိမ်တွင်း၊ ကားတွင်း၊ အလုပ်စားပွဲပေါ် စတဲ့နေရာတွေမှာ ဆေးလိပ်နဲ့ ပတ်သက်တဲ့အရာတွေကို ရှင်းထုတ်ထားပါ။ မီးခြစ်နဲ့ ဆေးလိပ်ပြာခွက်ကအစ မထားပါနဲ့။

• ဘာကြောင့် သောက်ချင်စိတ်ပေါ်သလဲ သိအောင်လုပ်ပါ။ အဲဒီအခြေအနေတွေကို သတိထားပါ။ ဥပမာ ခံတွင်းချဉ်လို့၊ စိတ်ညစ်လို့ စသဖြင့် ဖြစ်ပါတယ်။ အဆိုပါအခြေအနေတွေကို ရှောင်ရှားပါ။ တခုခုအပြောင်းအလဲလုပ်ပါ။

• မိမိဆေးလိပ်ဖြတ်နေကြောင်း မိသားစုဝင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြောပြထားပါ။ သူတို့ကို မိမိအနားမှာ ဆေးလိပ်သောက်ခြင်း မလုပ်ပါစေနဲ့။

• အစားထိုးနိုင်မယ့် ပစ္စည်းတွေ သုံးစွဲပါ။ ဥပမာ နီကိုတင်းဆေးပြား၊ ရှူဆေး၊ ငုံဆေး စသဖြင့် ဖြစ်ပါတယ်။ ဒါဟာ နီကိုတင်းစွဲခြင်းကို လျော့ပါးစေပါလိမ့်မယ်။ နောက်ပိုင်းမှာ ဒီပစ္စည်းတွေပါ မသုံးစွဲရင် အကောင်းဆုံးပါပဲ။

• ဆွေးနွေးတိုင်ပင်တဲ့ အသင်းအဖွဲ့များနဲ့ ချိတ်ဆက်ပါ။

ဆေးလိပ်ဖြတ်ခြင်းရဲ့ကောင်းကျိုးများ

အမေရိကန် ကျန်းမာရေးဌာနရဲ့အဆိုအရ အောက်ပါအကျိုးကျေးဇူးတွေ ရှိပါလိမ့်မယ်။

• ဆေးလိပ်ဖြတ်ပြီး မိနစ် ၂၀ ကြာတဲ့အခါ နှလုံးခုန်နှုန်း လျော့လာပါလိမ့်မယ်။

• ၁၂ နာရီအတွင်း သွေးထဲက ကာဗွန်မိုနောက်ဆိုဒ်ပမာဏဟာ ပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်။

• ၃ လအတွင်း နှလုံးထိခိုက်နိုင်ခြေနည်းသွားပြီး အဆုတ်ဟာ ပုံမှန်အလုပ်လုပ်လာပါလိမ့်မယ်။

• တနှစ်ကြာတဲ့အခါ နှလုံးသွေးလွှတ်ကြောရောဂါဖြစ်နိုင်ခြေဟာ သောက်သုံးနေစဉ်ထက် ထက်ဝက် လျော့သွားပါလိမ့်မယ်။

• ၅ နှစ်အကြာမှာ လေဖြတ်နိုင်ခြေဟာ ဆေးလိပ်မသောက်သူများနဲ့ အတူတူဖြစ်တဲ့ထိ လျော့နည်းသွားပါလိမ့်မယ်။

• ၁၀ နှစ်နေရင် အဆုတ်ကင်ဆာဖြစ်နိုင်ခြေဟာ သောက်သုံးသူများရဲ့ ထက်ဝက်ခန့်သာ ရှိတော့မှာ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.texasheart.org/heart-health/heart-information-center/topics/smoking-and-your-heart/ Accessed Date 17 April 2020

ယခုပုံစံ

25/05/2023

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆေးလိပ်ဖြတ်လိုက်တဲ့အခါ

ဆေးလိပ်သောက်သူတွေရဲ့ ခံတွင်းနံ့ဆိုး ပြဿနာ ဘယ်လိုဖြေရှင်းရမလဲ


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


25/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement