backup og meta

ဆေးလိပ်ဖြတ်တဲ့အခါ ကြုံရနိုင်တဲ့ အခက်အခဲ (၇)ခု ကို ဘယ်လိုကျော်ဖြတ်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်ဖြတ်တဲ့အခါ ကြုံရနိုင်တဲ့ အခက်အခဲ (၇)ခု ကို ဘယ်လိုကျော်ဖြတ်ကြမလဲ

    ဆေးလိပ်ဖြတ်တဲ့ ခရီးစဉ်က တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တချို့က ထင်မထားလောက်အောင် လွယ်လွယ်လေးဖြတ်လို့ ရပေမယ့် တချို့ကျတော့ ပျက်ခါနီးလိုက် ပြန်သောက်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဆေးလိပ်ဖြတ်တဲ့အခါ မူးယစ်ဆေးဖြတ်သလိုပဲ ယင်းထတတ်ပါတယ်။ ဒါကြောင့်ပဲ ဆေးလိပ်က ဖြတ်ဖို့ခက်တာပါ။ များသောအားဖြင့် ဆေးလိပ်ဖြတ်တဲ့အခါ ကြုံရနိုင်တဲ့ အခက်အခဲ (၇)ခု ရှိပါတယ်။

    ဆေးလိပ်ဖြတ်ခြင်းနဲ့ ယင်းထခြင်း

    ဆေးလိပ်ကို စွဲလမ်းရတာက သူ့မှာပါတဲ့ နီကိုတင်းကြောင့်ပါ။ ဒါကြောင့် ဆေးလိပ်ဖြတ်တဲ့သူ တော်‌တော်များများက နီကိုတင်းငတ်တဲ့ဒဏ်ကို ခံရပါတယ်။ ဆေးလိပ်သောက်တာ ရပ်လိုက်တဲ့အခါ ခန္ဓာကိုယ်နဲ့ ဦးနှောက်က နီကိုတင်းကို မနေတတ်တာကြောင့် လူကပါ နေမထိုင်ထိုင်မသာ ဖြစ်လာပါတယ်။

    နီကိုတင်း မရှိလို့လည်း ခန္ဓာကိုယ်က ဘာမှမဖြစ်ပါဘူး။ နီကိုတင်းငတ်တဲ့အခါ ဖြစ်လာတဲ့ လက္ခဏာတွေကလည်း အန္တရာယ်မရှိပါဘူး။ ငတ်တဲ့ဒဏ်ကို မခံနိုင်ဘဲ ဆေးလိပ်ပြန်သောက်မိမှာ ပြဿနာဖြစ်မှာပါ။

    နီကိုတင်းငတ်တဲ့ လက္ခဏာတွေက ဆေးလိပ်မသောက်ဘဲနေတာ အချိန်ကြာလာတာနဲ့အမျှ သက်သာလာပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်‌ရောက်တဲ့အထိ မတောင့်ခံနိုင်ဘဲ ပြန်သောက်မိရာကနေ ဆေးလိပ်ပြတ်ဖို့ ခက်နေတာ ဖြစ်ပါတယ်။

    ဆေးလိပ်ဖြတ်တဲ့အခါ ကြုံရနိုင်တဲ့ အခက်အခဲ (၇)ခု

    ဆေးလိပ်ဖြတ်တဲ့အခါ တော်တော်များများကြုံရနိုင်တဲ့ အခက်အခဲ ၇ခုကတော့

    (၁) ဆေးလိပ်သောက်ချင်စိတ် ပြင်းပြတာ

    ဆေးလိပ်သောက်သူတွေ ဆေးလိပ်ဖြတ်စမှာ ‘ခံတွင်းချဉ်လိုက်တာ၊ ဆေးလိပ်သောက်ချင်လာပြီ’ လို့ ပြောတာ ကြားဖူးမှာပါ။ တချို့တွေမှာ သိပ်မဆိုးပေမယ့် တချို့တွေမှာ မသောက်ရမနေနိုင်အောင် ယင်းထလာပါတယ်။

    (၂) စိတ်တိုစိတ်ဆတ်တာ

    ဆေးလိပ်ဖြတ်နေချိန်မှာ ပိုပြီး စိတ်တိုစိတ်ဆတ်တတ်ကြပါတယ်။ ကိုယ့်နားက ဆေးလိပ်မသောက်တတ်သူတွေတောင် သတိထားမိလောက်အောင် ဆတ်ဆတ်ထိမခံဖြစ်တတ်ပါတယ်။ ဒါက ပုံမှန်ပဲဆိုတာ သတိရပေးပါ။

    (၃) ဂဏှာမငြိမ်ဖြစ်တာ

    ဆေးလိပ်စဖြတ်တဲ့ ရက်တွေနဲ့ ရက်သတ္တပတ်အနည်းငယ်မှာ ဂဏှာမငြိမ်ဖြစ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ တစ်ခုခုလိုနေသလို ဖြစ်တတ်ပါတယ်။ အပေါ်မှာ ဖြစ်တဲ့ စိတ်တိုစိတ်ဆတ်သလိုပဲ နီကိုတင်းမရှိလို့ ဖြစ်တာ ဖြစ်ပြီး နောက်ပိုင်းမှာ တဖြည်းဖြည်း သက်သာလာမှာပါ။

    (၄) အာရုံစူးစိုက်ဖို့ခက်တာ

    ဆေးလိပ်ဖြတ်ပြီး နောက်ရက်တွေမှာ ဘာကိုမှ အာရုံစိုက်လို့ မရတာကို သတိထားမိမှာပါ။ ဒါပုံမှန်ပါပဲ။

    (၅) အိပ်ပျော်ဖို့ခက်တာ

    ဆေးလိပ်စဖြတ်ဖြတ်ခြင်းဆို ညဘက်တွေ အိပ်ရခက်ပါတယ်။ တဖြည်းဖြည်းနဲ့ ကောင်းလာမှာဆိုပေမယ့် လတ်တလောမှာတော့ စိတ်ရှုပ်စရာကောင်းပါတယ်။ တကယ်လို့ လုံးဝအိပ်မပျော်ဘူးဆိုရင် ဆရာဝန်ဆီကနေ ဆေးဝါးအကူအညီရယူပါ။ ဘာကြောင့်လဲဆိုတော့ အိပ်ရေးပျက်တာများလာရင် ဆေးလိပ်ဖြတ်ဖို့ ပိုခက်လာနိုင်လို့ပါ။

    (၆) ဗိုက်ပိုဆာပြီး ကိုယ်အလေးချိန်တက်လာတာ

    ဆေးလိပ်ဖြတ်တဲ့သူတွေက စစချင်းမှာ စားချင်သောက်ချင်စိတ်တွေ များလာတယ်လို့ ပြောကြပါတယ်။ ဒါဟုတ်ပါတယ်။ ဒါ့ပြင် ကယ်လိုရီကို မြန်မြန်မလောင်ကျွမ်းစေတာကိုလည်း တွေ့ရပါတယ်။

    ခဏခဏ ဘာကြောင့် စားကြလဲဆိုတော့ ဆေးလိပ်ဖြတ်ချိန်မှာ စိတ်ဖိစီးမှု များနေတာကြောင့်ရယ်၊ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတာကြောင့် ပါးစပ်နဲ့ လက်ကို အလုပ်ပေးထားသလို စားနေကြတာပါ။

    ဆေးလိပ်ဖြတ်လိုက်တဲ့အတွက် အနံ့ခံအာရုံနဲ့ အရသာအာရုံပိုကောင်းလာတာကြောင့် အရင်ကထက် ပိုစားကောင်းနေတာလည်း ပါပါတယ်။ ဒီလိုနဲ့ပဲ ဝလာကြတာပါ။

    (၇) စိုးရိမ်စိတ်များတာ၊ ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတာ

    ဆေးလိပ်သောက်တဲ့သူတွေက မသောက်တဲ့သူတွေထက်  စိုးရိမ်စိတ်များပြီး စိတ်ဓာတ်ကျတာ ပိုဖြစ်တတ်ပါတယ်။ ဆေးလိပ်ဖြတ်တဲ့သူတွေက စစချင်းမှာ စိတ်အတက်အကျ မြန်တာမျိုး ကြုံရတတ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ စိုးရိမ်ပူပန်တာတွေ ဖြစ်နေတယ်၊ စိတ်ကျသလို ခံစားရတယ်ဆိုရင် သေချာ စောင့်ကြည့်ဖို့ လိုပါတယ်။

    တချို့တွေက ပြောကြတယ်။ သူတို့ စိတ်ညစ်လာရင် ဆေးလိပ်ထွက်သောက်လိုက်တာပဲ။ အိုင်ဒီယာအသစ်တွေတောင် ရလာတယ်လို့ ပြောကြသေးတယ်။ တကယ်တော့ ဒါက နီကိုတင်းရဲ့ လှည့်စားမှုတွေပါ။ သောက်သောက်ချင်းမှာ နီကိုတင်းက လူကို နေလို့ထိုင်လို့ကောင်းအောင် ဖန်တီးပေးတာကြောင့် ဖြစ်ပါတယ်။

    ဒါကြောင့်ပဲ ဆေးလိပ်ဖြတ်စမှာ နီကိုတင်းငတ်ပြီး စိတ်အတက်အကျဖြစ်တာတွေ ကြုံရတာပေါ့။ နောက်ပိုင်းကျရင်တော့ နေသားကျပြီး သက်သာသွားပါတယ်။ ဆေးလိပ်ပြတ်သွားတဲ့သူတွေရဲ့ ပြောစကားအရ ဆေးလိပ်သောက်တုန်းကထက်‌တောင် စိတ်ဓာတ်ကျတာ သက်သာတယ်လို့ ဆိုပါတယ်။

    ဆေးလိပ်ဖြတ်တဲ့အချိန်မှာ ကြုံရတတ်တဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ရမလဲ။

    ဆေးလိပ်တကယ်ပြတ်ဖို့ဆိုရင် ခုနကပြောခဲ့တဲ့ တောင်ကြီး ၇လုံးကို ‌ကျော်နိုင်မှ ရမှာပါ။ ဘယ်လိုတွေ ကျော်ဖြတ်မလဲဆိုတဲ့ နည်းလမ်းတွေကို ဆက်ပြီး ပြောပြပေးပါမယ်။

    (၁) ‌ဆေးလိပ်သောက်ချင်စိတ်တွေ ပြင်းထန်လာခဲ့ရင်

    ဆေးလိပ်သောက်ချင်စိတ်ကို ဖြေဖျောက်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဆေးဝါးအကူအညီနဲ့ ဖြတ်မလား ဒါမှမဟုတ်  တခြားနည်းလမ်းတွေကို သုံးမလားပေါ့။

    ဥပမာ ပြောရရင် ကိုယ့်ကို ဆေးလိပ်သောက်ချင်လာအောင် လှုံ့ဆော်နေတဲ့ အရာတွေကနေ ‌ဝေးဝေးရှောင်ရပါမယ်။ ကိုယ့်ရဲ့ ဆေးလိပ်သောက်ဖော်သောက်ဖက်တွေနဲ့ မတွေ့တာ၊ ဆေးလိပ်သောက်နေကျ နေရာတွေကို မသွားတာ၊ ဆေးလိပ်သောက်ရင်း လုပ်တတ်တဲ့ အလုပ်တွေကို မလုပ်တာ စတာတွေကို လုပ်လို့ ရပါတယ်။

    ဆေးလိပ်သောက်ချင်တဲ့ အတွေးဝင်လာပြီဆိုတာနဲ့ ‘ငါဆေးလိပ်ဖြတ်နေတာပဲ’ဆိုပြီး ကိုယ့်ကိုယ်ကို သတိပေးပါ။ ဆေးလိပ်ကတော့ မသောက်သောက်အောင်  စွဲဆောင်မှာပါပဲ။ ဒါကို မြောမပါသွားပဲ စိတ်ခိုင်ခိုင်ထားပြီး ကျော်ဖြတ်လိုက်ပါ။

    (၂) စိတ်တိုစိတ်ဆတ်လာခဲ့ရင်

    စိတ်ဆတ်လာပြီဆိုတာနဲ့ ဒါက ခန္ဓာကိုယ်က နီကိုတင်းမရှိတာကို အသားကျအောင် ကြိုးစားနေလို့ ဒီလိုဖြစ်တယ်ဆိုတာကို လက်ခံလိုက်ပါ။ အသက်ကို ပြင်းပြင်းလေး ရှူသွင်းရှူထုတ်လုပ်ပါ။ ‘ငါဆေးလိပ်ဖြတ်နေတာပဲလေ’ ဆိုတာကို အာရုံသွင်းလိုက်ပါ။

    (၃) ဂဏှာမငြိမ်ဘဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေရင်

    ထပြီး လှုပ်ရှားမှု တစ်ခုခုလုပ်လိုက်ပါ။ လမ်းလေး ဘာလေး ထလျှောက်လိုက်ရင်တောင် ဂဏှာမငြိမ်ဖြစ်တာက နည်းနည်းလောက် သက်သာသွားမှာပါ။ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်လိုမျိုး ကဖင်းပါတာတွေ သောက်တတ်ရင် ခဏရှောင်ထားပါ။ ဆေးလိပ်ဖြတ်နေတဲ့အချိန်ဆို ကဖင်းက ခန္ဓာကိုယ်မှာပိုပြီး ကြာကြာနေပါတယ်။ ကဖင်းများရင်လည်း တုန်တာက ပိုဆိုးတတ်ပါတယ်။

    (၄) အာရုံစိုက်ဖို့ ခက်နေရင်

    ဆေးလိပ်ဖြတ်စရက်တွေမှာ အာရုံစိုက်ပြီး လုပ်ရတဲ့ အလုပ်တွေကို လျှော့ထားပါ။ အာရုံစိုက်ဖို့လိုတဲ့အချိန်မှာ အာရုံမစိုက်နိုင်ရင် ပိုပြီး စိတ်တိုစိတ်ဆတ်တာတွေ ဖြစ်လာပါလိမ့်မယ်။

    (၅) အိပ်ပျော်ဖို့ ခက်နေရင်

    • ကိုယ်က ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည် စသဖြင့် ကဖင်းပါတာတွေကို ပုံမှန်သောက်နေတဲ့သူဆိုရင် ဆေးလိပ်ဖြတ်စရက်တွေမှာ ခဏနားထားပါ။ အထူးသဖြင့် ညနေခင်းနဲ့ ညဘက်တွေမှာ မသောက်ပါနဲ့။ ဆေးလိပ်ဖြတ်တဲ့အခါ ကဖင်းက ခန္ဓာကိုယ်ထဲမှာ ပိုပြီးကြာကြာနေနိုင်လို့ပါ။
    • တချို့က နီကိုတင်းငတ်တဲ့ ဒဏ်ကို ခံနိုင်အောင် နီကိုတင်းကပ်ခွာလေးတွေ ကပ်ထားတတ်ကြပါတယ်။ အိပ်ရာမဝင်ခင် ၁နာရီအလိုလောက်မှာ ဖြုတ်လိုက်ပါ။ တစ်ခါတလေကျရင် နီကိုတင်းကပ်ခွာတွေကလည်း အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတတ်ပါတယ်။
    • အိပ်ပျော်စေဖို့ တခြားနည်းလမ်းလေးတွေကိုလည်း စမ်းကြည့်နိုင်ပါတယ်။ ဥပမာ

    -အိပ်ရာထဲမှာ TVကြည့်တာ၊ ဖုန်းသုံးတာကို ရှောင်တာ

    -အိပ်ခန်းက အလင်းရောင်မဝင်ဘဲ တိတ်ဆိတ်ပြီး အေးအေးလူလူ ရှိတာ

    -အိပ်ခါနီး အစားစားတာ၊ အရက်သောက်တာကို ရှောင်တာ

    -အိပ်ချိန်နဲ့ကပ်ပြီး လေ့ကျင့်ခန်းလုပ်တာ

    -စနေ တနင်္ဂနွေအပါအဝင် အိပ်ချိန်ထချိန် မှန်အောင်လုပ်တာ စတာတွေကို စမ်းကြည့်ပါ။

    (၆) စားချင်သောက်ချင်စိတ်တွေ များနေခဲ့ရင်

    ဆေးလိပ်ဖြတ်ရင်  ဝလာတယ်လို့ ပြောကြတော့ ဝလာမှာကို ကြောက်ပြီး ဆေးလိပ်မဖြတ်ဘဲ မနေသင့်ပါဘူး။ ဆေးလိပ်ဖြတ်နေချိန်မှာ ဝမလာအောင် လုပ်နိုင်တဲ့ နည်းတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဒါက အကြောင်းပြချက်ကောင်း မဟုတ်ဘူးနော်။

    ဆေးလိပ်ဖြတ်တဲ့အချိန်မှာ ဝမလာစေဖို့ဆိုရင်

  • သွားရေစာကို သတိထားစားပါ။
  • သွားရေစာစားတဲ့အခါ ကယ်လိုရီနည်းပြီး ဝါးလို့ရတဲ့ တစ်ခုခုကို ရွေးစားပါ။ ပါးစပ်နဲ့ လက်နဲ့ကိုလည်း အလုပ်ပေးထားရဦးမှာကိုး။ ဥပမာ မုန်လာဥတို့၊ သကြားမပါတဲ့ ပူရှိန်းတို့၊ ပီကေတို့ စတာတွေ ဝါးနေလို့ ရပါတယ်။

    • လှုပ်လှုပ်ရှားရှားနေပါ။

    တစ်ခုခုလှုပ်နေတာက ဘာမှမလုပ်တာထက်စာရင် ပိုကောင်းပါတယ်။ Gymတွေ ဘာတွေ မသွားချင်ဘူးဆိုရင်တောင်မှ လမ်းသွက်သွက်လျှောက်တာတို့၊ ခပ်ရွရွပြေးတာတို့က ကယ်လိုရီလောင်ကျွမ်းဖို့ အထောက်အကူ ဖြစ်စေပါတယ်။

    ပုံမှန်ဆို ထမင်းစားနေရင်းနဲ့ TVကြည့်တာတို့၊ ဖုန်းသုံးတာတို့ လုပ်တတ်ကြတယ်ဟုတ်။ အဲ့လိုစားတဲ့အခါ စားသင့်တာထက် ပိုစားမိပါသတဲ့။ ဒါ‌ကြောင့် ထမင်းစားမယ်ဆို ထမင်းစားတဲ့ အလုပ်တစ်လုပ်ပဲ လုပ်ပါ။ စားတဲ့အခါမှာလည်း အရသာသေချာခံပြီး ကြေညက်အောင် ဝါးပါ။ ဒါမှ ခပ်မြန်မြန်လေး ဗိုက်ပြည့်ပြီး အလွန်အကျွံ မစားမိမှာပါ။

    (၇) စိုးရိမ်စိတ်များတာ၊ ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာရင်

    • လှုပ်လှုပ်ရှားရှားနေပါ။

    စိတ်ထဲနေလို့ မကောင်းချိန်မှာ လှုပ်လှုပ်ရှားရှားနေဖို့က ခက်မှာပါ။ ဒါပေမယ့် ဒါက တကယ်အသုံးဝင်ပြီး သက်သာစေတဲ့ နည်းလမ်းပါ။ ဒါ‌ကြောင့် တစ်ရက်ကို နည်းနည်းစီစပါ။ ဒီနေ့မှာ လှေကားအတက်အဆင်းလေး လုပ်ပြီး နောက်နေ့ကျ လမ်းတစ်ပတ်လောက် လျှောက်လိုက်တာမျိုးပေါ့။

    • တစ်နေ့တာ အစီအစဉ်ချမှတ်ထားပါ။

    ဒါမှ စိတ်လေလွင့်တာ နည်းမှာပါ။ တတ်နိုင်ရင် အပြင်လည်း ထွက်ပေးပါ။

    • တခြားသူတွေနဲ ဆက်သွယ်ပါ။

    တစ်ယောက်တည်း နေလေလေ စိတ်က လေလွင့်လေပါပဲ။ ဒါကြောင့် အသိမိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ အချိန်ဖြုန်းပါ။ စကားပြောပါ။ အဲ ဒါပေမယ့် ဆေးလိပ်သောက်တဲ့ သူငယ်ချင်းတွေနဲ့တော့ သွားမတွေ့နဲ့နော်။ ဆေးလိပ်ပြန်သောက်မိသွားလိမ့်မယ်။

    • ကိုယ့်ကိုယ်ကို ဆုချပါ။

    ကိုယ်ပျော်တဲ့ အလုပ်လေးတွေကို လုပ်ပါ။ ဥပမာ ဒီနေ့ ဆေးလိပ်တစ်လိပ်မှ မသောက်တဲ့အတွက် ကိုယ်လိုချင်တာလေး တစ်ခုခု ဝယ်လိုက်တာမျိုးပေါ့။

    • တစ်ယောက်တည်း အဆင်မပြေရင် ပညာရှင်နဲ့ တိုင်ပင်ပါ။

    စိတ်ပိုင်းဆိုင်ရာပြဿနာတွေမှာ တစ်ယောက်တည်း အဆင်မပြေတော့ဘူးလို့ ခံစားရရင် စိတ်ကျန်းမာရေးပညာရှင်၊ စိတ်ရောဂါကုဆရာဝန်တွေနဲ့ တိုင်ပင်ပါ။ လိုအပ်တဲ့ ကုသမှုကို ခံယူပါ။

    ဆေးလိပ်ဖြတ်ကြတဲ့အခါ

    ဆေးလိပ်ဖြတ်တဲ့အခါ ဒီတောင်ကြီး ၇လုံးကို ကျော်ဖြတ်ရတတ်ပါတယ်။ ကိုယ့်ရှေ့က ဆေးလိပ်ဖြတ်သူတွေလည်း ဒီလိုပဲကြုံခဲ့ရမှာပါ။ ဒါကိုသာ အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ရင် ဟိုဘက်မှာ ရလဒ်ကောင်းတွေက ဆီးကြိုနေမှာ ဖြစ်ပါတယ်။
    ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ဘယ်လောက်ကြာအောင် သောက်ခဲ့ သောက်ခဲ့ ဒီနေ့ဖြတ်ရင် ဒီနေ့ အကျိုးရှိပါတယ်။ ဆေးလိပ်ဖြတ်မရတဲ့သူဆိုတာ မရှိပါဘူး။ အတူတူကြိုးစားကြမယ်။ လိုအပ်တဲ့အကူအညီကို ရယူကြမယ်။ ဒါဆို ဆေးလိပ်ပြတ်အောင် ဖြတ်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement