၄။ အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
ဆေးလိပ်ဖြတ်ထားတဲ့ သူတွေ ဆေးလိပ်ပြန်သောက်မိကြခြင်းရဲ့ နောက်ကွယ်က အဓိက အကြောင်းရင်းကတော့ အရက်သောက်ခြင်းပါ။ အရက်ယမကာဟာ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကို လျှော့နည်းသွားစေပြီး ဆေးလိပ်ဖြတ်မယ်လို့ ပိုင်းဖြတ်ထားတဲ့ စိတ်ကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။ လူအများစုဟာ အရက်သောက်တဲ့ အခါ ဆေးလိပ်သောက်ကြလေ့ရှိကြပါတယ်။ ဒါ့ကြောင့် ဆေးလိပ်ဖြတ်နေတယ်ဆိုရင် အရက်ကိုပါ ရှောင်ကြဉ်ဖို့ လိုပါလိမ့်မယ်။
၅။ ဆေးလိပ်မသောက်ရ ဧရိယာတွေကို မကြာခဏသွားပါ။
သင့်အနေနဲ့ ဆေးလိပ်သောက်ချင်စိတ်ပြင်းပြလာတယ်ဆိုရင် ဆေးလိပ်သောက်လို့ မရတဲ့ နေရာတွေ ဖြစ်တဲ့ ရုပ်ရှင်ရုံ၊ စာကြည့်တိုက်၊ စတိုးဆိုင် စတဲ့ နေရာတွေကို ခဏသွားလိုက်ပါ။ ကိုယ်သွားတဲ့ နေရာက အာရုံလွှဲနိုင်စွမ်း ကောင်းတဲ့ နေရာ ဖြစ်လေလေ ဆေးလိပ်သောက်ချင်စိတ် ပျောက်လေလေပါပဲ။
၆။ ဆေးလိပ်ဖြတ်ရခြင်းရဲ့ အကြောင်းရင်းကို ကောင်းကောင်း မှတ်ထားပါ။
သင်ဆေးလိပ်ဖြတ်ရခြင်းရဲ့ အကြောင်းရင်းတွေ အားလုံးကို ချရေးထားလိုက်ပါ။ ဒီစာရင်းကို သင်အလွယ်တကူ မြင်ရတဲ့ နေရာတွေ ဖြစ်တဲ့ မီးဖိုချောင်၊ အလုပ်ခွင်နဲ့ ရေချိုးခန်းမှန်တွေမှာပါ ကပ်ပေးထားပါ။ ဒီစာရင်းကို သင်အလွယ်တကူမြင်နိုင်အောင်လုပ်ထားပါ။ ဆေးလိပ်ဖြတ်နိုင်ခဲ့သူတွေကတော့ ဒီစာရင်းနဲ့ သူတို့ မိသားစုရဲ့ ဓါတ်ပုံတွေကို အတူတကွ ယှဉ်တွဲကပ်ထားခြင်းက ဆေးလိပ်သောက်ချင်စိတ်ကို ပိုနည်းပါးစေတယ်လို့ ဆိုခဲ့ကြပါတယ်။
၇။ ကိုယ်လက်အားကစား နေ့တိုင်းလုပ်ပါ။
လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ ဆေးလိပ်သောက်ချင်စိတ်ကို လုံးဝမေ့နေစေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေတဲ့အခါ သင်ရဲ့ စိတ်ဖိစီးမှုကိုပြေလျော့စေတဲ့ သဘာဝဓါတုပစ္စည်းတွေ ထွက်ရှိလာပါတယ်။ ဘာအားကစားမှ လုပ်ဖို့ အချိန်မရှိဘူးဆိုရင် လမ်းလျှောက်ခြင်းက အကောင်းဆုံးရွေးချယ်စရာပါပဲ။ ဒီတော့ သင့်အတွက် လေ့ကျင့်ခန်းလုပ်ချင်စိတ်အမြဲတမ်းဖြစ်နေစေဖို့ မတူညီတဲ့ လေ့ကျင့်ခန်းတွေကို ရွေးချယ်ပါ။ အထူးသဖြင့် ဆေးလိပ်ဖြတ်ပြီး ပထမဆုံးတစ်လအတွင်းမှာ အချိန်တစ်ခုသတ်မှတ်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့လိုအပ်ပါတယ်။
၈။ ပြက္ခဒိန် တွင်မှတ်သားပါ။
ဆေးလိပ်ဖြတ်နေတဲ့ ပထမ အပတ်အတွင်း သင်လုပ်ချင်တဲ့ အရာတွေ၊ လုပ်ဖို့လိုတဲ့ အရာများစွာကို ပြက္ခဒိန် တွင်မှတ်သားထားပါ။ ဥပမာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အပြင်ထွက်ပြီး ထမင်းစားမယ့် အစီအစဉ်တွေ ဆွဲပြီး ဆေးလိပ်သောက်ချင်တဲ့ စိတ်ကို အာရုံလွှဲပါ။ သင်အလုပ်များနေလေလေ ဆေးလိပ်သောက်ချင်စိတ်ကို မေ့နေလေ ပါပဲ။
၉။ သင့်ပါးစပ်ထဲ အစားအစာ တစ်ခုခုကို အမြဲတမ်းထည့်ထားပါ။
ဆေးလိပ်သောက်ချင်စိတ်ကို နည်းပါးစေရန်အတွက် သင့်ပါးစပ်ထဲ အစားအစာတစ်ခုခုကို ပုံမှန်ထည့်ထားသင့်ပါတယ်။ စီးကရက်အစား သကြားမပါတဲ့ ပီကေတွေ၊ သကြားလုံးတွေ၊
ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အဆာပြေ အစားအစာတွေကို သင်ဆေးလိပ်သောက်ချင်လာတဲ့ အခါတိုင်းပုံမှန်စားပေးပါ။ ဒီအရာတွေကိုလည်း သင့်အနီးအနားမှာ အမြဲရှိနေပါစေ။ တကယ်လို့ သင်ဟာ ဆေးလိပ်ဖြတ်ပြီး ကိုယ်အလေးချိန်တက်လာမှာကို စိုးရိမ်နေတယ်ဆိုရင်တော့ ကယ်လိုရီနည်းတဲ့ အစားအစာတွေ ဖြစ်တဲ့ သစ်သီး၊ သစ်ရွက်များကို စားသုံးနိုင်ပါတယ်။
၁၀။ ကိုယ့်ကို အမြဲတမ်း ခွန်အားပေးနိုင်မယ့်လူတစ်ယောက်ထားရှိပါ။
သင့်အကူညီလိုအပ်တဲ့ အချိန်တိုင်း သင့်ဘေးမှာ ကူညီပေးမယ့် လူတစ်ယောက်ရှိပါစေ။ အကောင်းဆုံးကတော့ ဆေးလိပ်ပြတ်သွားတဲ့ သင့်သူငယ်ချင်းတစ်ယောက်လောက် ရှိရင်ပိုကောင်းပါတယ်။ ဒါပေမဲ့ သင့်ကိုချစ်ပြီး သင့်ကို ဆေးလိပ်ပြတ်စေချင်တဲ့ဘယ်သူမဆို သင့်ကို ကူညီပေးနိုင်ပါတယ်။
၁၁။ ကော်ဖီလျှော့သောက်ပါ။
ကော်ဖီတွေဟာ သင့်ကို မနက်ပိုင်းတွေနဲ့ ပင်ပန်းတဲ့ အချိန်တွေမှာ လန်းဆန်းအောင်ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ ကော်ဖီက စိတ်ဖိစီးခြင်းနဲ့ ကတုန်ကယင်ဖြစ်စေနိုင်ပါတယ်။ နီကိုတင်းကို ဖြတ်နေတဲ့အခါမှာလည်း ဒီခံစားချက်တွေက ပိုဆိုးလာနိုင်ပါတယ်။ ဒီတော့ ဆေးလိပ်ဖြတ်နေတဲ့ အချိန် ကော်ဖီလည်း လျှော့သောက်တာ အကောင်းဆုံးပါပဲ။
၁၂။ ပျော်ပျော်နေပါ။
အဆိုးမြင် လက္ခဏာဆောင်တဲ့ စိတ်ဖိစီးမှု၊ ဒေါသနဲ့ အားမလိုမရ ဖြစ်တဲ့ အခါမှာ လူတွေ ဆေးလိပ် ပြန်သောက်တတ်ကြပါတယ်။ ဒီလို စိတ်ခံစားချက်မျိုးဟာ လူတိုင်းမှာ ဖြစ်တတ်ကြပါတယ်။
ဒါပေမဲ့ ဒီလို ခံစားချက်တွေကို သင်ဆေးလိပ်ဖြတ်နေတဲ့ ပထပတ်မှာ ပိုပြီး ခံစားရမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သင့်စိတ်ကို အာရုံလွှဲစေနိုင်တဲ့ အလုပ်တွေများများ လုပ်ပေးပါ။ သူငယ်ချင်း တွေနဲ့ အပြင်ထွက်တာပဲ ဖြစ်ဖြစ်၊ မိသားစုနဲ့ အပြင်ထွက်တာပဲ ဖြစ်ဖြစ်၊ သင့်စိတ်ကို ပျော်ရွှင်စေမယ့် အလုပ်မျိုးစုံ ကိုလုပ်ကြည့်ပါ။
၁၃။ အပေါင်းအသင်းကြည့်ပေါင်းပါ။
သူငယ်ချင်းတွေနဲ့ မိသားစုက ဆေးလိပ်ဖြတ်တဲ့ အခါမှာ သင့်ကို ကူညီပေးရမှာပါ။ ဒါပေမဲ့ သင်လိုချင်တဲ့ပုံစံအတိုင်း သင့်သူငယ်ချင်းတွေနဲ့ မိသားစုတွေ ဖြစ်မနေပေးနိုင်ပါဘူး။ တစ်ခါတစ်ရံမှာ သင်ပေါင်းသင်းနေတဲ့ လူတွေက သင်ဆေးလိပ်ဖြတ်နေတာကို ကြိုက်ကြမှာ မဟုတ်ပါဘူး။ သူတို့က တစ်ခါတစ်ရံ သင်ဆေးလိပ်ဖျက်နေတာကို ဖျက်လိုဖျက်ဆီး လုပ်တတ်နိုင်ပါသေးတယ်။ သင့်ပတ်ဝန်းကျင်မှာ ဒီလို လူမျိုးတွေ ရှိတာနေတာကို တွေ့ရင် သူတို့နဲ့ မပေါင်းပါနဲ့။ တကယ်လို့ မပေါင်းဘဲနေလို့ မရဘူးဆိုရင်လည်း သင်နဲ့ ပေါင်းသင်းနေတဲ့ လူတွေကို ဆေးလိပ်ဖြတ်ခြင်းက သင့်အတွက် ဘယ်လောက်အရေးကြီးတဲ့ လုပ်ရပ်ဆိုတာကိုသေချာရှင်းပြပါ။ သူတို့ရဲ့ အကူအညီကိုတောင်းခံပါ။
၁၄။ လမ်းလွှဲမသွားစေပါနဲ့။
ဆေးလိပ်မသောက်ဘဲ နေနိုင်တာ ၂ ပတ် ခန့်ရောက်ပြီဆိုရင် သင့်ဟာ နီကိုတင်းစွဲလမ်းမှုကင်းစင်တဲ့ လူတစ်ယောက်ဖြစ်လာပါပြီ။ ဒါပေမဲ့ သင့်အနေနဲ့ ဆေးလိပ်သောက်ချင်စိတ်တွေ ဖြစ်လာဦးမှာပါ။ ဒီလို တစ်ခါ တစ်ရံ ဆေးလိပ်သောက်မိသွားရင်လည်း သင်ဘယ်တော့မှ ဆေးလိပ်ဖြတ်လို့မရတော့တာ မဟုတ်ပါဘူး။ ကိုယ်ဘာမှားသွားလဲဆိုတာ ပြန်စဉ်းစားပါ။ အဲ့နောက် ဒီလိုအခြေအနေမျိုးနဲ့ ထပ်ကြုံရရင် ဆေးလိပ်မသောက်မိအောင် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့နည်းလမ်းတွေကို စဉ်းစားထားပါ။ သင့်ရဲ့ ဆရာဝန်ကလည်း သင့်ကို ကူညီပေးနိုင်သေးပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။