Depilatory cream သို့ hair removal cream လို့ခေါ်တဲ့ အမွေးကျွတ်ဆေးတွေကို အသုံးပြုမယ်ဆိုရင်တော့ အညွှန်းကို သေချာ ဖတ်ပြီးမှ အသုံးပြုသင့်ပါတယ်။ တချို့ အညွှန်းမပါတဲ့ ဆေးတွေကို အသုံးပြုမယ်ဆိုရင် ခြေထောက်မှာ သုံးဖို့ထုတ်ထားတဲ့ ဆေးကို မျက်နှာမှာ သုံးမိတာမျိုး၊ လိုအပ်တာထက် အချိန်ကြာကြာ လိမ်းထားမိလို့ အရေပြား လောင်ပြီး ထိခိုက်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ပါဝင်ပစ္စည်းတွေနဲ့ မတည့်တဲ့အခါ ရောင်ရမ်းခြင်း၊ ယားယံခြင်း နဲ့ အခြားဓာတ်မတည့်တဲ့ ပြသနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အဲဒီလို အမွေးကျွတ်ဆေးတွေ အသုံးပြုတဲ့အခါ အညွှန်းကို သေချာဖတ်ပြီးမှ အသုံးပြုဖို့ အကြံပေးချင်ပါတယ်။
၄။ Waxing လုပ်ခြင်း
ဒီနည်းလမ်းကတော့ အိမ်မှာပဲဖြစ်ဖြစ်၊ အလှပြင်ဆိုင်တွေမှာ ဖြစ်ဖြစ် ပူတဲ့ ဖယောင်းရည်ကို အသုံးပြုပြီး အမွေးတွေကို ကျွတ်အောင်လုပ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ ရိတ်တာလောက် အမွေးတွေ မြန်မြန်ပြန်မထွက်လာနိုင်ပေမယ့် ပြန်တော့ ထွက်လာနိုင်ပါသေးတယ်။ ဆိုးကျိုးအနေနဲ့ ဖယောင်းရည်က အရမ်းပူသွားတဲ့အခါ အသားအရေလောင်သွားနိုင်သလို ပိုးဝင်တဲ့ ပြသနာတွေလည်း ဖြစ်လာနိုင်ပါတယ်။ အဆိုးဆုံးကတော့ waxing လုပ်တဲ့အချိန်မှာ ခံစားရတဲ့ နာကျင်မှု ပြသနာပဲ ဖြစ်ပါတယ်။
၅။ လေဆာ အသုံးပြုပြီး အမွေးအမျှင်တွေကို ဖယ်ရှားခြင်း
အမွေးတွေ အတော်ကြာကြာ ပြန်မပေါက်နိုင်တဲ့ ကြာရှည်ခံတဲ့ နည်းလမ်းထဲက တစ်ခုကတော့ လေဆာအသုံးပြုပြီး ဖယ်ရှားခြင်းပါပဲ။ ဒါပေမယ့် ဒီနည်းလမ်းက တစ်ကြိမ်ထဲလုပ်လို့ မရပါဘူး။ ၄ပတ် (သို့) ၆ ပတ်လောက်ခြားပြီး ၃၊ ၄ ကြိမ်လောက် ကုသရမှာ ဖြစ်ပြီး အကုန်အကျများတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
မလိုချင်တဲ့ နေရာတိုင်းမှာ ဖယ်ရှားဖို့ကုသနိုင်ပြီး ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ အကုန်အကျခံနိုင်လို့ ဒီနည်းလမ်းကို ရွေးချယ်မယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန် (သို့) ပညာရှင်တွေဆီမှာ သေချာတိုင်ပင်ပြီး ကုသမှု ခံယူနိုင်ပါတယ်။
၆။ Electrolysis
Electrolysis ကတော့ လျှပ်စီးကြောင်းကို အသုံးပြုပြီး အမွေးတွေထွက်တဲ့ hair follicle လေးတွေကို ဖျက်ဆီးပစ်ပြီး လုံး၀ အမွေးတွေထပ်မထွက်လာအောင် ကူညီပေးတဲ့ နည်းလမ်းတစ်မျိုးပါ။ ဒီနည်းလမ်းကိုလည်း သေချာ လေ့ကျင့်ထားတဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်တွေနဲ့သာ လုပ်ဆောင်သင့်ပြီး ရက်ချိန်းတိုင်းမှာ မှန်မှန်လာပြပြီး လိုအပ်သလို ကုသမှုခံယူမှသာ အကောင်းဆုံးရလဒ်တွေ ရနိုင်မှာဖြစ်ပါတယ်။
၇။ ဆေးဝါးများ
Spironolactone နဲ့ အချို့သောဆေးတွေက အမွေးတွေ အထွက်နည်းအောင်၊ အတွက်နှေးအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် သောက်ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးတွေရှိပြီး သင့်အတွက် သောက်ဖို့ သင့်တော်၊ မသင့်တော် ဆိုတာကို ဆရာဝန်နဲ့အရင်ပြသပြီး တိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးသင့်ပါတယ်။
ဒီဆောင်းပါးလေးကို ဖတ်ပြီး ကိုယ်မကြိုက်တဲ့ နေရာမှာ ရှိတဲ့ အမွေးတွေကို ဖယ်ရှားဖို့ သင့်တော်တဲ့ နည်းလမ်းကောင်းတွေကို ရွေးချယ်နိုင်ကြပါစေနော်။
ရေးသားသူ – Khine Phoo Ngon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။