backup og meta

အနာကျက် ပုံ အဆင့်ဆင့်

ထိခိုက်ဒဏ်ရာရပြီးရင် ဖြစ်လာမယ့် ဖြစ်စဉ် နှစ်ခု ရှိနေပါတယ်။ တစ်ခုကတော့ အနာကို သေချာဂရုစိုက်တာကြောင့် အနာက ကောင်းကောင်းမွန်မွန်နဲ့ ကျက်သွားတာ၊ နောက်တစ်ခုက အနာကို သေချာဂရုမစိုက်လို့ အနာရင်းလာတာပါ။ အနာမရင်းစေဖို့က အနေအထိုင် အစားအသောက်ကစလို့ အစစအရာရာကို ဂရုစိုက်ဖို့လိုပါလိမ့်မယ်။ အနာကျက် တဲ့ ဖြစ်စဉ်မှာ အဆင့်ဆင့်ရှိပါတယ်။ ဘာတွေလဲ ဆိုတာကို အောက်မှာ အသေးစိတ်ပြောပြပေးမယ်နော်။ ဆက်ကြည့်လိုက်ရအောင်။

အနာကျက် ဖြစ်စဉ်

အနာကျက် တယ်ဆိုတာက ထိခိုက်ဒဏ်ရာရပြီးတဲ့အခါ အရေပြားက ထိခိုက်မိတာကြောင့် ပျက်စီးသွားတာတွေကို သူ့အလိုလိုပြင်ဆင်တဲ့ဖြစ်စဉ်ပါ။ နည်းနည်းတော့ရှုပ်ထွေးပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ အပေါ်ယံအရေပြားလွှာက ပျက်စီးသွားပေမယ့် အတွင်းပိုင်းက မပျက်စီးဘဲ ကျန်ရှိနေတဲ့ အရေပြားလွှာက ပြင်ပပတ်ဝန်းကျင်က အရာတွေကြောင့်ဖြစ်လာမယ့်ရောဂါတွေကို ကာကွယ်ပေးပါတယ်။ အနာကျက် တဲ့ ဖြစ်စဉ်ကို အဆင့်လေးတွေ ခွဲခြားသတ်မှတ်ထားပါတယ်။ အနာကျက်တဲ့ အဆင့်တွေက –

  • သွေးခဲတဲ့အဆင့်
  • အနာတဝိုက် အရေပြားတွေ တင်းလာတဲ့အဆင့်
  • တစ်ရှူးတွေ ပြန်လည်ဖြစ်ပေါ်လာတဲ့အဆင့်
  • တစ်ရှူးတွေ ဖွံ့ဖြိုးလာတဲ့အဆင့်ရယ်ပါ။

အနာကျက် ပုံ အဆင့်ဆင့်

(၁) သွေးခဲတဲ့ အဆင့်

အနာဖြစ်ပြီးကာစ မိနစ်အနည်းငယ်အကြာမှာဖြစ်တဲ့ အခြေအနေပါ။ သွေးထဲက သွေးကလာပ်စည်းတွေက အနာဖြစ်သွားတဲ့ အရေပြားတွေ ပြန်စေ့သွားစေဖို့ စတင်ဖွဲ့စည်းဖြစ်ပေါ်တဲ့အဆင့်ပါ။ သွေးကလာပ်စည်းတွေက သွေးခဲမြန်စေဖို့ လုပ်ဆောင်ပေးပြီး သွေးခဲမှုဖြစ်စဉ် မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာအောင် chemical signals တစ်ရပ်ကို ထုတ်လွှတ်ပေးလိုက်ပါတယ်။ သွေးကလာပ်စည်းတွေ စုစည်းသွားပြီး ထိခိုက်မိတာကြောင့် ပေါက်သွားတဲ့ သွေးကြောကို ဖာထေးပေးတဲ့နည်းနဲ့ သွေးထွက်နှေးသွားအောင် လုပ်ဆောင်ပေးသလို နောက်ထပ်သွေးမထွက်အောင် လုပ်ဆောင်ပေးပါတယ်။ ဒါကတော့ အနာကျက်ဖြစ်စဉ်ရဲ့ ပထမဆုံးအဆင့်ပါ။

(၂) အနာတဝိုက် အရေပြားတွေ တင်းလာတဲ့အဆင့်

ဒီအဆင့်မှာတော့ ထိခိုက်ပျက်စီးသွားတဲ့ ဆဲလ်တွေကို ဘက်တီးရီးယားတွေ၊ အခြား အမှိုက်သရိုက်တွေနဲ့အတူ ဖယ်ရှားရှင်းလင်းလိုက်ပါတယ်။ ဒီအဆင့်က ခန္ဓာကိုယ်က ထိခိုက်ဒဏ်ရာကို အလိုလျောက် တုံ့ပြန်တဲ့အဆင့်ပါ။ ထိခိုက်ဒဏ်ရာရပြီးပြီးချင်းမှာ အနာရဲ့ အောက်ဘက်ပိုင်းသွေးကြောတွေက ကျုံ့သွားပြီး သွေးတိတ်သွားအောင် လုပ်ဆောင်လိုက်ပါတယ်။ သွေးခဲစေတဲ့ အဆင့် အောင်မြင်သွားတဲ့အခါ သွေးကြောတွေက အရေးပါတဲ့ ဆဲလ်တွေ၊ ပဋိဇီဝပစ္စည်းတွေ၊သွေးဖြူဥဆဲလ်တွေ၊ အင်ဇိုင်းတွေနဲ့ လိုအပ်မယ့်အာဟာရဓာတ်တွေကို ထိခိုက်မိတဲ့နေရာဆီကို ပို့ဆောင်ပေးဖို့ ပုံမှန်အနေအထားကို ပြန်လည်ရောက်ရှိသွားပါတယ်။ အနာတဝိုက် အရေပြားတင်းလာပြီး ပြတ်ရှဒဏ်ရာတွေမှာဆိုရင် အရေပြားပြန်စေ့လာပြီး ခပ်တင်းတင်းဖြစ်လာတဲ့အနေအထားပါ။

အနာကျက် ပုံ အဆင့်ဆင့်

(၃) တစ်ရှူးတွေ ပြန်လည်ဖြစ်ပေါ်လာတဲ့အဆင့်

ထိခိုက်မိတာကြောင့် ပျက်စီးသွားတဲ့ တစ်ရှူးတွေ ပြန်လည်ဖြစ်ပေါ်လာတဲ့အဆင့်ပါ။ ဒီအဆင့်မှာ အရေပြားရဲ့ကော်လာဂျင်တွေ ပြန်ဖြစ်ပေါ်လာမယ်။ အရေပြားအသစ်ဖြစ်လာမယ်၊ အနာဖေးတက်လာမယ်။ ဒါတွေတင်မကသေးပါဘူး ထိခိုက်မိတဲ့ ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အရေပြားအပေါ်ယံလွှာက သွေးကြောမျှင်လေးတွေလည်း အသစ်ဖြစ်ပေါ်လာပြီ ဖြစ်ပါတယ်။ ဒီအဆင့်က အနာကျက် ဖို့ တော်တော်လေးနီးစပ်လာပြီဖြစ်တဲ့ အဆင့်ပါ။

(၄) တစ်ရှူးတွေ ဖွံ့ဖြိုးလာတဲ့အဆင့်

ဒီအဆင့်ကတော့ အနာကျက်ဖြစ်စဉ်ရဲ့ နောက်ဆုံးအဆင့်ပါ။ အရေပြားဆဲလ်တွေ တစ်ရှူးလွှာတွေ ပုံမှန်ပကတိ ပြန်ကောင်းလုနီးပါးဖြစ်နေပါပြီ။ အနာတဝိုက်အရေပြားတွေ တင်းရင်းလာမှုနဲ့အတူ ကော်လာဂျင်တွေလည်း ပုံမှန်အတိုင်းပြန်ဖြစ်ပါပြီ။ ဆဲလ်တွေအနေနဲ့လည်း ဆဲလ်သေတွေကို ဖယ်ရှားဖို့ မလိုအပ်တော့ပါဘူး။ ပုံမှန်အရေပြားအတိုင်း အပြည့်အဝပြန်လည်ဖြစ်ပေါ်လာတဲ့အဆင့်ပါပဲ။

အနာကျက်တဲ့ ဖြစ်စဉ်က ရှုပ်ထွေးရုံတင်မက အတိမ်းအစောင်းလည်းမခံပါဘူး။ အနာကို သေချာဂရုမစိုက်တဲ့အခါ အနာကကျက်ဖို့ နှေးသွားတာ၊ အနာရင်းတာတွေ ဖြစ်လာပါတယ်။ ဆီးချိုရောဂါလိုမျိုး နာတာရှည်ရောဂါတစ်ခုခုရှိနေတာ၊ အသက်အရွယ် ကြီးရင့်လာတာ၊ ရောဂါပိုးဝင်တာနဲ့ အာဟာရမပြည့်တာတွေကြောင့် အနာကျက် နှေးနိုင်ပါတယ်။ အနာကိုကောင်းကောင်းမွန်မွန် ကျက်ချင်တယ်ဆိုရင်တော့ သေသေချာချာဂရုစိုက်ဖို့လိုသလို သန့်ရှင်းမှုရှိအောင် ဂရုစိုက်ဖို့လည်း လိုပါမယ်။ အနာပြန်ဖြစ်တာမျိုး မဖြစ်စေဖို့အတွက်လည်း အနာကျက်လာတာကြောင့် အရေပြားတင်းပြီးယားလာတဲ့အခါ မကုတ်ဖဲ့မိအောင် သတိထားဖို့လိုပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.advancedtissue.com/the-6-steps-of-the-wound-healing-process/

http://www.clinimed.co.uk/Wound-Care/Education/Wound-Essentials/Phases-of-Wound-Healing.aspx

https://en.wikipedia.org/wiki/Wound_healing

ယခုပုံစံ

19/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အနာကို သန့်စင်ဖို့ Hydrogen Peroxide သို့မဟုတ် အရက်ပြန်ကိုသုံးသင့်သလား

သင့်ရဲ့အရေပြားမှာ အနာကိုအကျက်မြန်စေတဲ့ အစားအသောက်များ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement