backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အနာသွေးတိတ်အောင်ဘယ်လိုလုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အနာသွေးတိတ်အောင်ဘယ်လိုလုပ်မလဲ

အနာသွေးတိတ်အောင်ဘယ်လိုလုပ်မလဲ ……. ထိခိုက်ဒဏ်ရာ ရရင် သွေးမထွက်တာမျိုးက သိပ်မရှိပါဘူး။ အနည်းဆုံး သွေးလေးတော့ စို့တတ်ကြပါတယ်။ အနာ ဖြစ်လို့ သွေးထွက်တဲ့အခါ သွေးထွက်လွန်လား။ အနာက ပြင်းထန်နေတာလား ဆိုပြီး စိုးရိမ်စရာတွေ ဖြစ်လာတာက အမြဲလိုလို ဖြစ်တတ်ကြမယ် ထင်ပါတယ်။ ဒီတော့ အနာကို သွေးတိတ်အောင် ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာကို သိထားမယ် ဆိုရင်တော့ အဆင်ပြေမှာပါ။ အနာက သွေးထွက်မှလည်း အနာထဲမှာ ဝင်နေတဲ့ အမှုန်နဲ့ ပိုးမွှားတွေကို သန့်စင်ပြီး ဖြစ်မှာပါ။

အနာ ဖြစ်တဲ့ အခါ သွေးထွက်တယ် ဆိုတာက ခန္ဓါကိုယ်မှာ ရှိနေတဲ့ သွေးကြောတွေထဲက သွေးတွေ ဆုံးရှုံးသွားတာပဲ ဖြစ်ပါတယ်။ အနာဖြစ်လို့ သွေးထွက်တဲ့အခါ သွေးလွန်တာမျိုး မဖြစ်စေဖို့အတွက် သွေးတိတ်အောင် မြန်မြန် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ထိခိုက် ဒဏ်ရာ ရမှု တော်တော်များများမှာ အရမ်း မပြင်းထန်ဘူး ဆိုရင်တော့သွေးတိတ်အောင် လုပ်ဖို့က အခက်အခဲ မရှိပါဘူး။ သွေးကြောကို ထိမိတာ၊ တစ်ရှုးတွေ ပျက်စီးသွားမယ်ဆိုရင်တော့ သွေး အရမ်း ထွက်တာမျိုး ဖြစ်ပါလိမ့်မယ်။ အခုတစ်ခေါက်တော့ အနာ ဖြစ်ရင် သွေးတိတ်အောင်ဘယ်လိုလုပ်မလဲ ဆိုတာလေး ပြောပြမယ်နော်။

အနာသွေးတိတ်အောင်ဘယ်လိုလုပ်မလဲ

အနာသွေးတိတ်အောင်ဘယ်လိုလုပ်မလဲ ဆိုတော့

  • အနာပေါ်မှာ အသာအယာလေး ဖိထားပေးပါ

အနာ ဖြစ်လို့ သွေးထွက်လာတဲ့အခါ ပထမဆုံး လိုက်နာရမှာက အနာပေါ်ကို အဝတ်စသန့်သန့်လေးနဲ့အုပ်ပြီး အသာအယာဖိထားပေးဖို့ပါ။ လက်မှာ ထိခိုက်ဒဏ်ရာ ရထားတာဆိုရင်တော့ ဒဏ်ရာရထားတဲ့လက်ကို နှလုံးအပေါ် ရောက်အောင် မြှောက်ထားပေးဖို့ပါ။ အနာပေါ်ကို အဝတ်စသန့်သန့်လေးနဲ့ ဖိထားတာတောင်မှ သွေးက ထွက်နေတုန်းပဲဆိုရင်လည်း ဖိထားတဲ့အဝတ်စကို မဖယ်လိုက်ပါနဲ့။ ဆက်ပြီးဖိထားပေးပါ။ အနာပေါ်မှာ ၅ မိနစ် ၁၀ မိနစ်ကြာအောင် ဖိထားတာတောင်မှ အနာက သွေးမတိတ်ဘူးဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသဖို့ လိုအပ်ပါမယ်။

  • ရေနဲ့ဆေးကြောပါ

ရေပိုက်ဖွင့်ပြီးရေပိုက်အောက်မှာ အနာကိုထားရင်း ဆေးကြောပေးရင်လည်း သွေးတိတ်အောင် အထောက်အကူပြုပေးမှာ ဖြစ်ပါတယ်။ အနာပေါ်ကို ရေအေးအေးလေး လောင်းချပေးတာက သွေးကြောတွေကို ကျဉ်းသွားစေပြီး သွေးမြန်မြန် တိတ်စေပါလိမ့်မယ်။ပြတ်ရှဒဏ်ရာတွေကို ရေခပ်နွေးနွေးလေးနဲ့ လောင်းဆေးပေးရင်လည်း သွေးခဲအောင် လုပ်ဆောင်ပေးပါလိမ့်မယ်။ ရေနွေးရော ရေအေးရောကိုတော့ အသုံးမပြုရပါဘူး။

  • ရေခဲကပ်ပေးပါ

အနာက သွေးထွက်နေရင် အဝတ်စ သန့်သန့်ထဲမှာ ရေခဲတုံးလေးတွေ ထည့်ပြီး အနာပေါ်မှာ ကပ်ပေးပါ။ ရေခဲကပ်ပေးတာက အနာသွေးတိတ်အောင်လုပ်ပေးနိုင်တဲ့ အိမ်တွင်းကုထုံး တစ်ခုပါ။ ရေခဲ ကပ်တာက အနာကို အရောင်ကျစေနိုင်သလို အနာကျက်အောင်လည်းထောက်ပံ့ပေးပါတယ်။ ခန္ဓါကိုယ် အပူချိန် မြင့်လေလေ သွေး ပိုထွက်လေလေပါ။ ခန္ဓါကိုယ်အပူချိန်ကျအောင်လုပ်ဆောင်ပေးမယ်ဆိုရင်သွေးတိတ်အောင်လည်း အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။ ခန္ဓါကိုယ် အပူချိန်က အရမ်း မြင့်နေရင် ဖြစ်ဖြစ် ပုံမှန်ထက် ကျဆင်းနေရင်ဖြစ်ဖြစ် အနာကို ရေခဲ မကပ်သင့်ပါဘူး။

  • ဗီနီကာအသုံးပြုပေးပါ
  • ဗီနီကာက အနာကို ပိုးမဝင်အောင် ကာကွယ်ပေးနိုင်သလို သွေးတိတ်အောင် လုပ်ဆောင်ပေးနိုင်စွမ်းလည်း ရှိပါတယ်။ ပြတ်ရှဒဏ်ရာ ရရှိတဲ့အခါ ဗီနီကာကို ဂွမ်းစ သန့်သန့်လေးနဲ့ ယူပြီး အနာပေါ်မှာ တို့သုတ်ပေးပါ။ သွေးတိတ်အောင် ခဏတော့ စောင့်ပေးရပါမယ်။

    • သကြားသုံးပေးလို့ရတယ်

    ပြတ်ရှဒဏ်ရာ ရလို့ သွေးထွက်လာမယ် ဆိုရင်တော့ အနာ ပေါ်မှာ သကြား တစ်ဇွန်းစာလောက် အုံပေးလိုက်ပါ။ သကြားက အနာ ထဲမှာ ပိုးရှိနေရင် သေစေနိုင်ပြီး အနာကို သန့်စင်အောင် လုပ်ပေးနိုင်စွမ်း ရှိပါတယ်။ သွေးတိတ်အောင်လည်း လုပ်ဆောင် ပေးနိုင်ပါသေးတယ်။

    • အနာကို ပလာစတာကပ်ပေးပါ

    အနာထဲကို ညစ်ပေတဲ့ အရာတွေနဲ့ ပိုးမွှားတွေ မဝင်စေဖို့နဲ့ သွေး ထပ်မထွက်လာစေဖို့ အနာကို ပလာစတာ ကပ်ပေးပါ။ အနာကို ပလာစတာ ကပ်ပေးတာ အနာကျက် မြန်အောင်လည်း အထောက်အကူ ပြုပေးပါတယ်။

    ထိခုက်ဒဏ်ရာ ရတဲ့အခါ အခု ပြောပြခဲ့တဲ့ နည်းတွေ အတိုင်း သွေးတိတ်အောင် လုပ်ဆောင်ကြည့်လိုက်ပါ။ အနာကို သွေးတိတ်အောင် မလုပ်ခင်မှာ အနာ ကိုင်မယ့် လက်ကို သန့်စင်အောင် ဆေးကြောဖို့ မမေ့ပါနဲ့။ အနာရောဂါ ကင်းကြပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 16/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement