backup og meta

မြွေကိုက်ခံရရင် အသက်အန္တရာယ် မဖြစ်အောင် ဘာတွေ ဆက်လုပ်ရမှာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 13/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မြွေကိုက်ခံရရင် အသက်အန္တရာယ် မဖြစ်အောင် ဘာတွေ ဆက်လုပ်ရမှာလဲ

    မိုးဦးကျပိုင်းကို ရောက်လာတဲ့ အချိန်ဟာ နယ်ဘက်တွေနဲ့ လယ်ကွင်းပေါတဲ့ ဒေသတွေမှာ မြွေအများအပြားကို တွေ့ရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် မိုးဦးကျရာသီ နဲ့ မိုးရာသီမှာဆိုရင် မြွေကိုက်ခံရတဲ့နှုန်းက မြင့်မားလာပါတယ်။ ကုန်းပေါ်မှာရော၊ ပင်လယ်ထဲမှာရော၊ သစ်တောတွေထဲမှာရော၊ ရေကန်ထဲမှာရော နေရာအစုံနေတတ်ကြတဲ့ မြွေတွေဟာ နာမည်ကြားတာနဲ့ ကြောက်ဖို့ကောင်းတဲ့ တိရစ္ဆာန်တွေ ဖြစ်ကြပေမဲ့ မြွေတော်တော်များများက သင်သူတို့ကို ကြောက်တာထက် သူတို့က သင့်ကို ပိုကြောက်တတ်ကြပါတယ်။ ဒါပေမဲ့လည်း မတော်တဆ မြွေကိုက်ခံရရင် အသက်အန္တရာယ် မဖြစ်အောင် ဘာတွေ ဆက်လုပ်ရမှာလဲ ဆိုတာကို ဗဟုသုတ ရအောင် မျှဝေပေးလိုက်ပါတယ်။

    အိန္ဒိယနဲ့ အရှေ့တောင် အာရှမှာ အတွေ့ရများတဲ့ တောကြီးမြွေဟောက် ( Ophiophagus hannah) နဲ့ အာဖရိကတိုက် မမ်ဗာ မြွေ (Dendroaspis polylepis) တွေကလွဲပြီး မြွေတော်တော်များများက လူတွေကိုကြောက်တတ်ကြပါတယ်။ ဒီမြွေ ၂ မျိုးကတော့ လူမြင်ပြီဆိုတာနဲ့ လိုက်လံတိုက်ခိုက်တတ်ကြတဲ့ မြွေမျိုးတွေ ဖြစ်ပါတယ်။

    မြွေအကြောင်း အကျဉ်းချုပ်

    မြွေတွေဟာ ခြေလက်တွေ မရှိကြတဲ့ တွားသွားသတ္တဝါတွေ ဖြစ်ကြပါတယ်။ မြွေတွေဟာ အင်းဆက်ပိုးမွှားတွေ၊ ငှက်တွေ၊ နို့တိုက် သတ္တဝါအကောင်ငယ်လေးတွေ၊ တစ်ခြား တွားသွား သတ္တဝါတွေနဲ့ တစ်ခါတစ်ရံ တစ်ခြားသော မြွေများကိုပါ စားတတ်ကြပါတယ်။ ကမ္ဘာပေါ်မှာ မြွေမျိုးစိတ်ပေါင်း ၃၀၀၀ ကျော်ရှိတဲ့ အနက် ၄၀၀ ခန့်သာ အဆိပ်ရှိကြပြီး မြွေအများစုက သားကောင်တွေကို ဖိအားနဲ့ ညှစ်ကာ ဖမ်းဆီးကြလေ့ ရှိပါတယ်။ တချို့သောမြွေတွေကတော့ သားကောင်ကို သွားနဲ့ ကိုက်ကာ ဖမ်းဆီးတတ်ကြပြီး ဒီအတိုင်း မျိုချစားသုံးတတ်ကြပါတယ်။

    မြွေတွေ ဘယ်လိုကိုက်သလဲ။

    မြွေတွေဟာ အဆိပ်ကို ထိုးသွင်းဖို့ အတွက် အထူးသီးသန့် ပါဝင်တဲ့ တံတွေးဂလင်းတွေကို အသုံးပြုတာ ဖြစ်ပါတယ်။ မြွေအဆိပ်ဟာ အထူးသီးသန့်တံတွေးတစ်မျိုးသာဖြစ်ပြီး အစာခြေဖျက်ခြင်းကို ကူညီပေးဖို့အတွက် ပါဝင်နေတာဖြစ်တယ်လို့ ပညာရှင်များက လက်ခံထားကြပါတယ်။ အဆိပ်ပမာဏ အနည်းအများအလိုက် ထုတ်ခြင်းဟာ သားကောင်ကို သတ်တဲ့ နေရာမှာ အသုံးဝင်ပါတယ်။

    အဆိပ်ထုတ်တဲ့ အချိန်မှာဆိုရင် အဆိပ်များက အဆိပ်ဂလင်းမှ မြွေစွယ်သို့ရောက်သွားပြီး အဲ့ကမှ တစ်ဆင့် သားကောင်ကိုယ်ထဲသို့ ရောက်သွားတာ ဖြစ်ပါတယ်။ မြွေဆိပ်တွေဟာ ဒြပ်ပေါင်းအမျိုးမျိုး ပေါင်းစည်းထားတဲ့အရာတစ်ခု ဖြစ်ပြီး ပါဝင်ပစ္စည်း အတိုင်းအတာအလိုက် အဆိပ်ကလည်း အပျော့အပြင်းရှိပါတယ်။ မြွေဆိပ် ပရိုတင်းတွေကို အဓိကအားဖြင့် အမျိုးအစား (၄) မျိုး ခွဲခြားထားနိုင်ပါတယ်။

    ၁။ Cytotoxins လို့ခေါ်တဲ့ တစ်ရှူးများကို ပျက်စီးစေတဲ့ အဆိပ်။

    ၂။ Hemotoxins လို့ခေါ်တဲ့ သွေးဆဲလ်များကို ဖျက်ဆီးပစ်ပြီး ခန္ဓာကိုယ်အတွင်းပိုင်း သွေးထွက်ခြင်း ဖြစ်စေနိုင်တဲ့ အဆိပ်။

    ၃။ Neurotoxins လို့ခေါ်တဲ့ နာဗ်ကြောများကို ပျက်ဆီးစေပြီး အာရုံကြောစနစ်ကို ပျက်ဆီးစေတဲ့ အဆိပ်။

    ၄။ Cardiotoxin (CTX) လို့ခေါ်တဲ့ နှလုံးကို တိုက်ရိုက် ပျက်ဆီးစေတဲ့ အဆိပ်တို့ ဖြစ်ပါတယ်။

    ကမ္ဘာတစ်ဝှမ်းမှာ ၁ နှစ်အတွင်း မြွေကိုက်မှုပေါင်း ၁.၈ သန်းအထိ ဖြစ်ပွားနေပြီး လူသေဆုံးမှုက ၂ သောင်းခန့်ကနေ ၉ သောင်း ၄ ထောင်ခန့် အထိသေဆုံးမှု ဖြစ်နေပါတယ်။ မြွေကိုက်မှု ဖြစ်ပွားတဲ့ နေရာများဟာ အထူးသဖြင့် အပူပိုင်းဒေသများနဲ့ လယ်ယာ လုပ်ငန်း လုပ်ကိုင်ကြတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။

    မြွေကိုက်ခံတဲ့အခါ ဖြစ်လာမယ့် လက္ခဏာများ

    အဆိပ်ရှိမြွေများ ကိုက်ရင် ဖြစ်လာမယ့် ဒဏ်ရာတွေဟာ သာမန် ဒဏ်ရာလေးကစလို့ အသက်အန္တရာယ် ဆုံးရှုံးသည် အထိ အမျိုးမျိုးရှိပါတယ်။

    အဆိပ်ရှိမြွေ ကိုက်ခံရတဲ့အခါ ဒဏ်ရာတွေ က နာကျင်လာပြီး ပြင်းထန်စွာ ရောင်ကိုင်းနိုင်ကာ သွေးထွက်ပြီး အရည်ကြည်ဖု တွေ ထွက်လာနိုင်ပါတယ်။အကိုက်ခံရတဲ့ ဒဏ်ရာနားက တစ်ရှူးတွေကို ပျက်ဆီးစေနိုင်ပါတယ်။ အာရုံကြောတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါ့ပြင်

    • သွေးထွက်ခြင်း။

    မြေပွေးအဆိပ်က ခန္ဓာကိုယ်ရဲ့ သွေးတိတ်ခြင်းစနစ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် အကိုက်ခံထားရတဲ့ ဒဏ်ရာနားကနေ သွေးတွေ ထွက်လာနိုင်သလို ကိုယ်တွင်းအင်္ဂါ‌‌တွေကနေလည်း သွေးယိုစိမ့်လာနိုင်ပါတယ်။

    • အာရုံကြော စနစ်ကို ထိခိုက်ခြင်း။

    မြွေဟောက်အဆိပ်ကတော့ အာရုံကြော စနစ်ကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။ အသက်ရှူကြွက်သားများကို အကြောသေစေနိုင်ပြီး အကိုက်ခံရတဲ့လူအနေနဲ့ အမြင်အာရုံဝေဝါးလာခြင်း၊ စကားပြောဗလုံးဗထွေး ဖြစ်လာခြင်း၊ အသက်ရှူကျပ်လာခြင်းနဲ့ ထုံထိုင်းသွားခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။

    • ကြွက်သားဆဲလ်သေခြင်း။

    ရပ်ဆဲလ် မြွေပွေး (Russell’s vipers)တွေ၊ ပင်လယ်မြွေတွေနဲ့ ဩစတြေးလျ တိုက်နေ Elapidae မြွေတွေဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများက ကြွက်သားဆဲလ်တွေ သေဆုံးခြင်း ဖြစ်စေပါတယ်။ ဒီကြွက်သားဆဲလ်တွေက အကြွင်းအကျန်တွေဟာ ကျောက်ကပ်မှာ လာရောက်ပိတ်ဆို့နိုင်ပြီး ကျောက်ကပ် အလုပ်မလုပ်တော့ခြင်းကို ဖြစ်စေနိုင်ပါတယ်။

    • မျက်လုံး။

    မြွေဟောက်များနဲ့ အာဖရိကတိုက်မှ မြွေဟောက်နဲ့ တူတဲ့ ringhals မြွေများဟာ သူတို့ရဲ့ အဆိပ်တွေကို သားကောင်ရဲ့ မျက်လုံးထဲကို တိတိကျကျ ပစ်လွှတ်နိုင်ပြီး မျက်လုံးနာကျင်ခြင်းနဲ့ ပျက်ဆီးခြင်းကို ဖြစ်စေနိုင်ပါတယ်။

    မြွေကိုက်ခံရတဲ့ လူအနေနဲ့ သူကို ကိုက်လိုက်တဲ့ မြွေဟာ အဆိပ်မရှိပါဘူးလို့ ဆေးဝါး ကျွမ်းကျင်သူက ထောက်ခံတဲ့ အချိန်ကလွဲပြီး ကျန်အချိန်တွေမှာ ဆေးရုံအရေးပေါ်ခန်းသို့ အမြန်သွားရောက်ပြသသင့်ပါတယ်။ အဆိပ်မရှိတဲ့ မြွေတွေ ကိုက်ခံရတဲ့ လူတွေ အနေနဲ့လည်း ဒဏ်ရာကို သေချာဂရုစိုက် ဆေးထည့်ဖို့လို့ပြီး လွန်ခဲ့တဲ့ ၅ နှစ်အတွင်း မေးခိုင်ပိုး ကာကွယ်ဆေး မထိုးခဲ့ရသေးဘူး ဆိုရင် မေးခိုင်ပိုးကာကွယ်ဆေးပြန်ထိုးဖို့ လိုပါလိမ့်မယ်။

    မြွေကိုက်ခြင်းကို ကုသဖို့ဆိုတာ ဖြစ်စဉ်အပေါ်လုံးဝမူတည်နေပါတယ်။ မြွေမျိုးစိပ်ကို တိတိကျကျ မခွဲခြားနိုင်ခြင်းကြောင့် သေဆုံးသွားကြတဲ့ လူအရေအတွက်ဟာ များပြားပါတယ်။ မြွေအားလုံးက အဆိပ်မရှိတဲ့အပြင် မြွေဆိပ် အမျိုးမျိုးအတွက် မြွေဆိပ် ဖြေဆေးအမျိုးမျိုးရှိတာကြောင့် ဆေးရုံသွားပြတဲ့ အခါ ကိုက်ခဲ့တဲ့မြွေကို သေချာ ခွဲခြားပြနိုင်ရင် အရမ်းအထောက်အကူ ဖြစ်ပါလိမ့်မယ်။

    အဆိပ်ရှိတဲ့ မြွေကိုက်ခံရမယ်ဆို နာကျင်မှုနဲ့ အကိုက်ခံရတဲ့ နေရာနားတစ်ဝိုက် ရောင်ကိုင်းလာခြင်းနဲ့ အရေကြည်ဖုလိုမျိုး ဒဏ်ရာများ ဖြစ်လာနိုင်ပြီး တစ်ရှုးတွေပျက်ဆီးလာနိုင်ပါတယ်။ မြွေကိုက်ခံရတဲ့ အခါမှာ အဆိပ်ရှိတဲ့ မြွေအကိုက်ခံရရင်တောင် တစ်ခါတစ်ရံမှာ အဆိပ်မရောက်တဲ့ ဖြစ်စဉ်မျိုး ဖြစ်နိုင်ပါတယ်။

    ဘာကြောင့်လဲဆိုတော့ မြွေတွေဟာ အဆိပ်ဘယ်လောက် ထုတ်လွှတ်မလဲဆိုတာကို ထိန်းချုပ်နိုင်ပြီး သူတို့ အတွက် အန္တရာယ်အများဆုံးလို့ ထင်နေတဲ့အချိန် အကိုက်ခံရရင်တော့ ပိုပြီး အဆိပ်ပြင်းပါတယ်။ မြွေဆိပ်မှာဆိုရင် ဓါတု ဓါတ်ပေါင်းများစွာပါဝင်ပြီး ဒီအဆိပ်တွေ ခန္ဓါကိုယ်ထဲရောက်လာမယ်ဆိုရင် တစ်ရှုးများကို ပျက်ဆီးစေပြီး သွေးခဲစေတဲ့ ပရိုတင်းတွေကိုပျက်ဆီးစေစေပါတယ်။

    အဆိပ်ပမာဏ အနည်းအများလိုက် ရောင်ကိုင်းခြင်းနဲ့ တစ်ရှုးပျက်ဆီးခြင်းဟာ တစ်နာရီအတွင်း ဖြစ်လာနိုင်ပြီး မကုသဘဲထားမယ်ဆိုရင် တစ်ရှုးပျက်ဆီးလာကာ ခြေတွေ၊ လက်တွေ ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

    မြွေကိုက်ခံရရင် အသက်အန္တရာယ် မဖြစ်အောင် ဘာတွေ ဆက်လုပ်ရမှာလဲ

    မြွေကိုက်ခံရရင် အသက်အန္တရာယ် မဖြစ်အောင် ဘာတွေ ဆက်လုပ်ရမှာလဲ

    • နီးစပ်ရာ ဆေးရုံး၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပါ။

    ကိုက်တဲ့မြွေက အဆိပ်မရှိဘူးဆိုရင်တောင် ကိုက်ခံရတဲ့ ဒဏ်ရာကနေ ပြင်းထန်တဲ့ ဘတ်တီးရီးယား ကူးစက်ရောဂါပိုးတွေ၊ မေးခိုင် ရောဂါ (tetanus) ကူးစက်ခံရနိုင်တာကြောင့် ဘာမြွေကိုက်ကိုက် ဆေးရုံဆေးခန်းသွားပြသင့်ပါတယ်။

    အကိုက်ခံရတဲ့ လက်၊ ခြေထောက်ကို အတတ်နိုင်သမျှ မလှုပ်ရှားဘဲနေပါ။ ဒီလို နေခြင်းဖြင့် အဆိပ်များပျံ့နှံ့ခြင်းကို နှေးကွေးစေလာပါလိမ့်မယ်။

    • မြွေရဲ့ ပုံပန်းသွင်ပြင်ကို မှတ်လာခဲ့ပါ။

    မြွေရဲ့ ပုံပန်းသွင်ပြင်ကိုမှတ်လာခဲ့ခြင်းဖြင့် ဆရာဝန်က ဘယ်မြွေကိုက်လိုက်သလဲဆိုတာကို အလွယ်တကူ ခွဲခြားစေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်ဒေသမှာ အကိုက်ခံရသလဲဆိုတာကလည်း အထောက် အကူဖြစ်စေနိုင်ပါတယ်။

    • မြွေကိုက်ခံရတဲ့ အချိန် ကို မှတ်ထားပါ။

    ဒီလို မှတ်ထားခြင်းဖြင့် ဆရာဝန်က အချိန်ဘယ်လောက် ကုန်သွားပြီလဲဆိုတာ သိလာမှာ ဖြစ်ပါတယ်။

    • လက်ဝတ်ရတနာတွေကို ချွတ်ထားပါ။

    မြွေကိုက်ခံရပြီး ဒဏ်ရာနားတစ်ဝိုက် မရောင်ကိုင်းလာခင် သွေးစီးဆင်းမှုကို နှောင့်ယှက်စေနိုင်တဲ့ လက်ဝတ်ရတနာတွေကို ချွတ်ထားပါ။

    • မြွေကို အတင်းမရမက လိုက်မဖမ်းပါနဲ့။

    မြွေကိုက်ခံရပြီးနောက် မြွေကို အတင်းမရမက လိုက်မဖမ်းပါနဲ့။ သင့်အနေနဲ့ ဒုတိယ အကြိမ် ထပ်အကိုက်ခံရနိုင်သေးတာကြောင့်မို့ပါ။

    • အဆိပ်တွေကို ပါးစပ်ကနေ စုပ်ထုတ်တာမျိုး မလုပ်ပါနဲ့။

    ဒီလို အဆိပ်တွေကို ပါးစပ်နဲ့ စုပ်ထုတ်တာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်တာက အလုပ်မဖြစ်ပါဘူး။ ဒါ့အပြင် ဓားနဲ့ခွဲတာ၊ မီးနဲ့တို့တာတွေလည်း မလုပ်ရပါဘူး။ အက်စပရင်၊ အိုင်ဗျူ ပရိုဖင် ( ibuprofen) နဲ့ တစ်ခြားသော အကိုက်အခဲပျောက် ဆေးများဟာ သွေးများကို ကျဲစေပြီး သွေးထွက်လွန်စေနိုင်တဲ့ အတွက် ဒီဆေးတွေ မသောက်သင့်ပါဘူး။

    • ပတ်တီးကျပ်ကျပ်မစည်းပါနဲ့။

    အရင်က မြွေကိုက်ခံရင် ဒဏ်ရာရဲ့ အထက်ကို ပတ်တီးကျပ်ကျပ်စည်းရမယ်လို့ လူအများသိခဲ့ကြပေမဲ့ ဒီလို သွေးစီးဆင်းမှုကို ပိတ်ချလိုက်ခြင်းဟာ တစ်ရှူးပျက်ဆီးမှုကို ပိုဖြစ်စေနိုင်တာကြောင့် ဒီလိုမလုပ်တော့ပါဘူး။ ပတ်တီးကျပ်ကျပ်စည်းတာက ကောင်းကျိုးရှိနိုင်တယ်လို့ ယူဆမှသာ စည်းပါတော့တယ်။

    မြွေကိုက်ခံရရင် ဘယ်လို ကုသရမလဲ။

    မြွေကိုက်ခံရင် ဘယ်လို ကုသရမလဲဆိုတာက ဘာမြွေ အကိုက်ခံလိုက်ရလဲဆိုတဲ့ အချက်နဲ့ မြွေဆိပ်တက်သလားဆိုတဲ့ အချက်အပေါ် မူတည်ပါတယ်။ မြွေကိုက်တိုင်း မြွေဆိပ်တက်တာ မဟုတ်ပါဘူး။

    အဆိပ်မတက်တဲ့ ဖြစ်ရပ်တွေမှာဆိုရင် အကိုက်ခံရတဲ့ ဒဏ်ရာကို ဆေးကြောခြင်းနဲ့ နောက်ထပ် ဘာအန္တရာယ်မှ မရဘူးဆိုတာ သေချာအောင်လို့ စစ်ဆေးချက်လုပ်ရုံ အပြင် တခြား ဘာမှကို လုပ်စရာမလိုပါဘူး။ အဆိပ်တက်မှသာ မြွေဆိပ်ဖြေဆေး ထိုးပေးတာ ဖြစ်ပါတယ်။ ‌ဖြေဆေးကိုယ်တိုင်ကလည်း ဓာတ်မတည့်တဲ့ ပြဿနာကို ဖြစ်စေနိုင်တာကြောင့် လိုမှထိုးပေးတာ ဖြစ်ပါတယ်။

    ကြိုတင်ကာကွယ်မှုများ။

    မြွေကိုက်ခံရဖို့ အတွက် ကြိုတင်ကာကွယ်မှု လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ မြွေတွေကို သွားမစဖို့ပါပဲ။ ကမ္ဘာတစ်ဝှမ်းက မြွေတော်တော်များများက ရန်လိုလေ့မရှိဘဲ သူတို့တွေကို ခြိမ်းခြောက်တယ်လို့ ခံစားရတဲ့ အချိန်မှာသာ ကိုက်တတ်ကြတာ ဖြစ်ပါတယ်။

    ဒါအပြင် မြွေအကိုက်ခံရနှုန်း များပြားတဲ့ အချိန်တွေမှာ လုပ်ကိုင်နိုင်တဲ့ အချက်တွေကတော့

    • လမ်းလျှောက်တဲ့ အချိန် ဂရုစိုက်ပါ။ မြွေတွေဟာ လမ်းမှာတွေ့ရင်တောင် သင် မတက်နင်းသ၍ မကိုက်တတ်ကြပါဘူး။
    • သတိရှိနေဖို့ အတွက် အရက်သောက်တာကို ရှောင်ရှားပါ။
    • မြွေပေါတဲ့လမ်းတွေမှာ လမ်းလျှောက်ရင် လမ်းလျှောက်တုတ်လေးတစ်ချောင်းဆောက်သွားပါ။

      အကယ်၍ လမ်းလျှောက်တုတ်နဲ့ မြွေကို သွားထိမိမယ်ဆိုရင် ဒီတုတ်ချောင်းကိုသာ မြွေက တိုက်ခိုက်ကြမှာ ဖြစ်ပါတယ်။

    • ခြေချင်းဝတ်နားတစ်ဝိုက် လုံလုံခြုံခြုံရှိစေဖို့ အတွက် လည်ရှည်ဖိနပ်များနဲ့ ဘောင်းဘီရှည်များကို ဝတ်ဆင်ပါ။
    • ညဘက် လမ်းသွားလမ်းလာ လုပ်ဆောင်တဲ့ အခါ မြွေကိုတွေ့ရင် ရှောင်နိုင်စေဖို့ အတွက် လက်နှိပ်ဓာတ်မီး၊ သို့ စမတ်ဖုန်းမှမီး အလင်းရောင်ကို အမြဲတမ်း အသုံးပြုပါ။
    • မြွေတော်တော်များများက လူကသူ့ကိုကြောက်တာထက် မြွေတွေက ပိုကြောက်ကြပါတယ်။ ဒါ့ကြောင့် မြွေကို ပြေးဖို့ နေရာပေးခြင်းဖြင့် မြွေကိုက်ခံရခြင်းမှ ရှောင်ရှားနိုင်ပါတယ်။
    • အဆိပ်ရှိတဲ့ မြွေတွေနဲ့ အဆိပ်ရှိမှန်း မသိရတဲ့ မြွေတွေကို ဖမ်းဆီးတာမျိုး၊ သွားစတာမျိုး မပြုလုပ်ပါနဲ့။
    • နေထိုင်တဲ့ နေရာက မြွေအန္တရာယ်များတဲ့ နေရာဖြစ်မယ်ဆိုရင် မြွေအကြောင်း ကောင်းကောင်းသိအောင်လုပ်ထားပြီး အမျိုးအစားခွဲခြားတတ်အောင့် လေ့ကျင့်ထားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Arkar Hein မှ ရေးသားသည်။ · 13/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement