backup og meta

မျက်လုံး အညိုအမည်းတွေကို မြန်မြန်ဘယ်လို ပျောက်ကင်းအောင် လုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 14/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်လုံး အညိုအမည်းတွေကို မြန်မြန်ဘယ်လို ပျောက်ကင်းအောင် လုပ်မလဲ

    မျက်နှာနဲ့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာတွေ ရတာကြောင့် မျက်ကွင်းညိုမည်း စွဲတတ်ပါတယ်။ ဒါက ပျောက်ကင်းဖို့ အချိန်ယူရသလို နာကျင်ပြီး မျက်နှာအလှလည်း ပျက်စေပါတယ်။ တစ်ခါတလေ ထိခိုက်ဒဏ်ရာကြောင့် ဦးနှောက်တွင်းကို ထိသွားတာလည်း ရှိနိုင်ပါတယ်။ ဒီလိုမျိုးဆိုရင်လည်း မျက်လုံးညိုနေနိုင်ပါတယ်။ ဒီလို မျက်လုံး အညိုအမည်းတွေကို ဘယ်လို သက်သာအောင် လုပ်ရမလဲ။

    သာမန်ပဲဆိုရင်တော့  မျက်လုံး အညိုအမည်းတွေကို သက်သာပျောက်ကင်းအောင် လုပ်လို့ရပါတယ်။ မြန်မြန် ပျောက်ကင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

    ဘယ်အရာတွေက မျက်လုံး အညိုအမည်း စွဲအောင် လုပ်တာလဲ။

    နှာခေါင်း၊ မျက်လုံးနဲ့ မျက်နှာမှာ ထိခိုက်ဒဏ်ရာတွေကြောင့် မျက်လုံးမှာ အညိုအမည်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒီထိခိုက်မှုတွေ အပြီးမှာတော့ မျက်လုံးဟာ  သူဘေးနားမှာ သွေးနဲ့ အခြားအရည်တွေ စုပုံလာပြီး ရောင်လာကာ အညိုအမည်းစွဲ လာပါတယ်။

    မျက်လုံးမှာ အညိုအမည်းစွဲနေတာကို ဘယ်လိုဖျောက်နိုင်မလဲ။

    ခုဖော်ပြမယ့် အကြောင်းအရာကတော့ မျက်လုံး အညိုအမည်းတွေကို ဖျောက်နိုင်မယ့် နည်လမ်းအဆင့်ဆင့်ပါပဲ။ မျက်လုံး အညိုအမည်းတွေကို မြန်မြန်ဘယ်လို ပျောက်ကင်းအောင် လုပ်မလဲ ဆိုတော့

    စတင်ကုသခြင်း

    အဆင့် ၁။ ရေခဲကပ်ပါ။

    ထိခိုက်ဒဏ်ရာရရပြီးချင်း ၁၀မိနစ်ခန့် ရေခဲကပ်ပေးပါ။ ရေခဲကို မျက်နှာသုတ်ပဝါ ဒါမှမဟုတ် အဝတ်ဖြင့် ထုပ်ပေးဖို့ မမေ့ပါနှင့်။ ဘာကြောင့်လဲဆိုတော့ ရေခဲနဲ့ အသားနဲ့ တိုက်ရိုက်ထိနေမယ်ဆိုရင် နှင်းကိုက်နာတွေ ဖြစ်တတ်လို့ပါ။ ဖြစ်ဖြစ်ချင်း ၂ရက်မှာတော့ နာရီတိုင်း မိနစ်၂၀ခန့် ပြုလုပ်ပေးပါ။ ရေခဲထုပ်ကို မျက်လုံးမှာ တိုက်ရိုက် မကပ်ဘဲ မျက်လုံးဘေးနားက အရေပြားကိုသာ ကပ်ပေးပါ။

    အဆင့် ၂။ အကိုက်အခဲ ပျောက်ဆေးသောက်ပါ။

    သည်းမခံနိုင်လောက်အောင် နာနေမယ်ဆိုရင်တော့ ပါရာစီတမောနဲ့ အိုင်ဗျူပရိုဖန်တို့ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်ပါတယ်။

    အဆင့် ၃။ အခြားထိခိုက်ဒဏ်ရာတွေ ရှိလား စစ်ဆေးကြည့်ပါ။

    ထိခိုက်ဒဏ်ရာတွေဟာ စိုးရိမ်ရတာ ရှိသလို မစိုးရိမ်ရတာလည်း ရှိပါတယ်။ ဒီအဆင့်ကတော့ စိုးရိမ်ရတဲ့ အခြေအနေတွေမှာ ဆရာဝန်ကို စစ်ဆေးခိုင်းတာပါပဲ။ မျက်လုံးအညိုအမည်းစွဲတာဟာ အောက်ဖော်ပြပါ အချက်တွေနဲ့ တွဲဖြစ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသင့်ပါပြီ။

    • မျက်သားနဲ့ မျက်ဆံတွေမှာ သွေးများတွေ့ရခြင်း။
    • ကြည့်ရအဆင်မပြေခြင်း၊ ဝါးနေခြင်း၊ နှစ်ထပ်မြင်ရခြင်း၊ အလင်းစူးခြင်း။
    • ခေါင်းအလွန်အကျွံကိုက်ခြင်း၊ မူးဝေခြင်း၊ မျက်လုံးချိုင့်ဝင်သွားခြင်း။
    • ညိုမည်းတာအပြင် ဖူးရောင်နေခြင်း။
    • အထိမခံနိုင်နာကျင်ခြင်း
    • နားနဲ့ နှာခေါင်းမှာ သွေး ဒါမှမဟုတ် အရည်ကြည်များထွက်ခြင်း။

    ဆက်လက်ကုသခြင်း

    အဆင့်၁။ မျက်လုံးကို အနားပေးပါ။

    မျက်လုံး အညိုအမည်း စွဲတာက နာကျင်ရောင်ရမ်းခြင်းနဲ့ အတူဖြစ်တတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ မျက်လုံးဖွင့်ပြီးနေတာထက် ပိတ်ပြီး မျက်လုံးအနားပေးထားတာ ပိုကောင်းပါတယ်။ ဖုန်းသုံးတာ၊ တီဗွီကြည့်တာကိုလည်း လျှော့ပါ။

    အဆင့်၂။ အပူကပ်ပေးခြင်း။

    ပထမတစ်ရက်နှစ်ရက် ရေခဲကပ်ပြီးတဲ့နောက်မှာ အပူငွေ့လေးပြောင်းကပ်ပေးပါ။ အပူကြောင့် သွေးကြောများကျယ်ပြီး သွေးစီးဆင်းမှုများကောင်းကာ ထိခိုက်ခံရတဲ့ နေရာတွေမှာ သွေးများစုပုံ မနေအောင် လုပ်ပေးပါတယ်။ ဒါကြောင့် ဒဏ်ရာကို မြန်မြန် ပျောက်ကင်းစေပါတယ်။

    ရေနွေးနွေးစွတ်ထားတဲ့ အဝတ်စ ဒါမှမဟုတ် ရေနွေးအိတ်လေးကို ဒဏ်ရာပေါ်မှာ ၁၀မိနစ်နား ၁၀မိနစ်ကပ် နှစ်ကြိမ်ခန့် ကပ်ပေးပါ။ မျက်လုံးပေါ်မှာ တိုက်ရိုက်မကပ်ဘဲ မျက်လုံးဝန်းကျင်တွင်သာ ကပ်ပါ။ ခံနိုင်လောက်တဲ့ အပူရှိန်ပဲ ဖြစ်ပါစေ။

    အဆင့်၃။ ဒဏ်ရာက ပိုဆိုးလာပါက သို့မဟုတ် မပျောက်ကင်းပါက ဆရာဝန်နှင့်ပြသပါ။

    ၁၀ရက်ခန့်လောက်ကြာပြီးရင်တော့ ဒဏ်ရာပျောက်ကင်းနိုင်ပြီလို့ ထင်ရပါတယ်။ ဒီအချိန်အထိ မပျောက်ကင်းဘူးဆိုရင် ဆရာဝန်နဲ့ စစ်ဆေးတိုင်ပင်ပါ။

    အသုံးဝင်တဲ့ အခြားနည်းလမ်းများ

    အလှကုန်တွေ သုံးပါ။

    မျက်လုံး အညိုအမည်း စွဲတယ်ဆိုတာ လူတွေရဲ့ ရုပ်အလှပေါ်မှာ များစွာ သက်ရောက်နေပါတယ်။ ဒါကြောင့် အချို့သော ပွဲလမ်းသဘင်တွေမှာ အလှကုန်တွေက ကူညီပေးမှာပါ။ ဒါပေမဲ့လည်း သတိထားရမယ့်အရာတွေ ရှိပါတယ်။

    • အရောင်ကျတဲ့အထိစောင့်ပါ။ ရောင်နေတဲ့အရေပြားဟာ အထိခိုက်မခံပါဘူး။ ဒါကြောင့် အလှကုန်တွေသုံးရင် အရေပြားကျိန်းစပ်တာတွေ ဖြစ်လာပါလိမ့်မယ်။
    • သင့်တော်တဲ့ Concealer ကို ရွေးချယ်ပါ။ အစိမ်းရောင်နဲ့ အဝါရောင် Concealer အရည်က အသင့်တော်ဆုံးပါ။ Cream ကတော့ လိမ်းချယ်ဖို့ အားပိုသုံးပေးရပါတယ်။ အစပိုင်းအခြေအနေတွေမှာ ဒဏ်ရာက ခရမ်းရောင်ဖြစ်နေတဲ့အခါ အဝါရောင်ကိုသုံးပါ။ နောက်ပိုင်း အနီနဲ့ အညိုရောင် ဖျော့ဖျော့လေး ဖြစ်သွားမယ်ဆိုရင်တော့ အစိမ်းရောင်သုံးပါ။
    • တို့ဖတ်နဲ့ Brushလေးတွေအစား လက်ချောင်းလေးတွေ အသုံးပြုပါ။ ညင်ညင်သာသာ လိမ်းခြယ်ပေးပါ။

    အိမ်တွင်း ဆေးဝါးများ အသုံးပြုပါ။

    အာလူး၊ အေးအောင်လုပ်ထားသော လက်ဖက်ရည်အိတ်များ၊ သခွားသီး အလွှာလေးတွေလို အိမ်တွင်းဆေးဝါးတွေ အသုံးပြုနိုင်ပါတယ်။ ဒါတွေက နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေကို သက်သာစေမှာပါ။

    မျက်လုံး အညိုအမည်း တော်တော်များများက သိပ်ပြီးစိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့်လည်း အချို့အခြေအနေတွေကတော့ စိုးရိမ်ရပြီး သင့်တော်တဲ့ ကုသမျိုး လိုအပ်ကြပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Phyo Wai Yan မှ ရေးသားသည်။ · 14/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement