backup og meta

မျက်လုံးတစ်ဝိုက် ထိခိုက်ဒဏ်ရာရရင် ဂရုစိုက်ပါ


Yun Sandi Nan Mon မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်လုံးတစ်ဝိုက် ထိခိုက်ဒဏ်ရာရရင် ဂရုစိုက်ပါ

    မျက်နှာမှာဖြစ်တဲ့ ဒဏ်ရာက သေးသေးလေးပဲဖြစ်ပါစေဦး၊ မျက်လုံးတစ်ဝိုက် နီးရင် ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါဘူး။ တတ်နိုင်သလောက် အမြန်ဆုံးဂရုစိုက်ကုသပေးဖို့ လိုအပ်ပါတယ်။

    ဥပမာ မျက်ခွံမှာ ထိခိုက်ရှနာဖြစ်တယ်ဆို ဆရာဝန်ပြတာကောင်းပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် လျှောက်လုပ်ရင်း မျက်လုံးထဲရောဂါပိုးဝင်သွားရင် ကုသရခက်ပါတယ်။

    မျက်လုံးနဲ့ သိပ်မနီးတဲ့ ဒဏ်ရာအသေးစားတွေကိုတော့ အိမ်မှာတင် ကုသလို့ရပါတယ်။ တစ်ခုရှိတာက ရောဂါပိုးမဝင်ဖို့ရယ်၊ အောက်ကအချက်တွေကို လိုက်နာဖို့ရယ် ဂရုစိုက်ရပါမယ်။

    • အနာကို မထိတွေ့ခင်မှာ လက်ကို သေချာဆေးကြောသန့်စင်ပါ။
    • အနာကို အညစ်အကြေး ၊ဘက်တီးရီးယားကင်းစေဖို့ တတ်နိုင်သလောက် သန့်စင်ပါ။ ပိုးသတ်ထားတဲ့ ဂွမ်းစလေးနဲ့ ရေဆွတ်ပြီး ညင်ညင်သာသာသန့်စင်ပေးလို့ရပါတယ်။
    • ပေကျံနေတာရှိသေးရင် ထပ်ပြီးသန့်စင်ပါ။
    • ဒဏ်ရာက သွေးထွက်နေတယ်ဆိုရင် အသာအယာဖိထားပေးပါ။
    • အနာကျက်ဆေးအနည်းငယ်ထည့်ပြီး ပလာစတာကပ်ပေးပါ။

    ဒဏ်ရာကြီးရင်တော့ ချုပ်ဖို့လိုမှာဖြစ်ပြီး ဆရာဝန်ရဲ့ကုသမှု အမြန်ဆုံးခံယူဖို့လိုအပ်ပါတယ်။ မျက်နှာမှာဆိုတော့ အနာကျက်ပြီးရင် အမာရွတ်ဖြစ်ကျန်ခဲ့မှာစိုးရပါတယ်။ ဖြစ်သလို ပေပေတေတေမနေခဲ့ဘူးဆိုရင်တော့ ဒဏ်ရာအသေးတွေက အမာရွတ်မကျန်ခဲ့လောက်ပါဘူး။ အမာရွတ်တွေ ပါးပြီးပျောက်ကင်းစေနိုင်တဲ့ဆေးတွေလည်းရှိတယ်လေ။

    မျက်လုံးတစ်ဝိုက် ကို ထိခိုက်မိတာဆိုရင်ရော ဘယ်လိုအရေးပေါ်ကုသမလဲ၊ ဘာတွေသိထားသင့်သလဲ

    အိမ်မှာ၊ အလုပ်ထဲမှာနေရင်း၊ လမ်းသွားရင်း၊ အားကစားလုပ်ရင်း မျက်လုံးကို မတော်တဆထိခိုက်မိတာတွေ ရှိတတ်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ မျက်လုံးထိခိုက်မှုနဲ့ ဂရုစိုက်ရမယ့်အချက်တွေကို ဆက်ပြီးဖတ်ကြည့်နော်။

    မျက်လုံးကို တိုက်မိ၊ ခိုက်မိတာ (လက်သီးနဲ့ထိုးတာ၊ တံတောင်ဆစ်နဲ့တိုက်မိတာ၊ ဘောလုံးမှန်တာ စတဲ့အခြေအနေတွေ)

    • ရေခဲဝတ်ကပ်ပေးပါ။ မျက်လုံးကိုတော့ မဖိမိပါစေနဲ့။
    • အကိုက်အခဲပျောက်ဆေးသောက်ပါ။
    • ပေါက်ပြဲတာ၊ သွေးထွက်တာ၊ အမြင်အာရုံတစ်ခုခုထိခိုက်တာ ဒါမှမဟုတ် မျက်စိလှုပ်ရှားတိုင်းအောင့်တာ၊ နာကျင်တာဖြစ်လာရင် ဆရာဝန်အမြန်ဆုံးပြပါ။

    မျက်လုံးကို ကုတ်မိတာ၊ ခြစ်မိတာ (လက်သည်း သို့မဟုတ် သစ်ကိုင်း စတာတွေ)

    • ဆရာဝန်ဆီ မရောက်ခင် ဒီအချက်တွေသတိထားပါ။
    • အမှုန်အမွှားတွေဖယ်ရှားနိုင်ဖို့ မျက်လုံးကို ရေသန့်သန့်နဲ့ သန့်စင်ရပါမယ်။ အလွယ်ဆုံးက ဖန်ခွက်ထဲရေအပြည့်ထည့်ပြီး မျက်တောင်ခတ်ပါ။ အညစ်အကြေးတွေ ရေနဲ့အတူ ပါသွားပါလိမ့်မယ်။
    • မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ပါ။ မျက်ရည်ထွက်လာရင် အညစ်အကြေးတွေထွက်သွားပါလိမ့်မယ်။
    • မျက်လုံးကိုမပွတ်ပါနဲ့။ ပွတ်လိုက်ရင် မျက်လုံးထဲမှာကျန်နေတဲ့ အမှုန်တွေ၊ အစအနတွေကြောင့် မျက်လုံးထဲမှာ ပွန်းစေနိုင်ပါတယ်။
    • ထိခိုက်ထားတဲ့မျက်လုံးကို အလင်းရောင်ကြောင့် မကျိန်းစပ်စေဖို့ နေကာမျက်မှန်တပ်ခြင်းအားဖြင့် ဝေဒနာသက်သာစေပါတယ်။

    မျက်လုံးထဲ ပြင်ပအရာဝတ္ထုတွေဝင်တာ (ဖုန်၊ သဲ၊ သစ်သားစအမှုန် စတဲ့အရာဝတ္ထုအသေးစားတွေ)

    • မျက်လုံးတစ်ဝိုက် ကို မပွတ်ပါနဲ့
    • မျက်လွှာချပြီး မျက်တောင်ခတ်ပါ။ မျက်ရည်ထွက်လာပြီးရင် အမှုန်နဲ့ သဲတွေ မျက်ရည်နဲ့အတူထွက်သွားပါလိမ့်မယ်။
    • အမှုန်ရှိနေတုန်းဆို ရေနဲ့မျက်တောင်ခတ်ပါ။
    • ဒါမှမရဘူးဆိုရင်တော့ မျက်လုံးကို ပတ်တီးစည်းပြီးတော့သာ ဆရာဝန်ဆီသွားပါ။
    • မျက်လုံးထဲက အရာဝတ္ထုတစ်ခုခုကို အထက်ကနည်းအတိုင်းမရရင် ကိုယ့်သဘောနဲ့ကိုယ်ဖယ်ထုတ်ဖို့ မကြိုးစားပါနဲ့။ ပိုထိခိုက်စေနိုင်ပါတယ်။ မျက်စိဆရာဝန်ရဲ့ကုသမှုကိုပဲ ခံယူသင့်ပါတယ်။

    မျက်လုံးကို လောင်စေတာ (အဝတ်လျှော်ဆပ်ပြာ၊ ချေးချွတ်ဆပ်ပြာရည်၊ ဖြန်းဆေး စတဲ့အိမ်သုံးဓာတုပစ္စည်းတွေ)

    • မျက်လုံးတစ်ဝိုက် ကို မပွတ်ပါနဲ့။
    • မျက်လုံးကို ချက်ချင်းရေများများနဲ့ ဆေးပစ်ပါ။ မြန်ဖို့ အရေးကြီးတဲ့အတွက် ဘေစင်ပဲဖြစ်ဖြစ်၊ ရေသန့်ဘူးထဲကဖြစ်ဖြစ် အနီးဆုံးရေကိုသာ ယူလိုက်ပါ။
    • ၁၅ မိနစ်လောက် ဆက်တိုက်ရေနဲ့ ဆေးပစ်ပြီး ဆရာဝန်အမြန်ပြပါ။
    • ဓာတုပစ္စည်းလောင်ထားတဲ့ မျက်လုံးကို ပတ်တီးမစည်းရပါ။

    ထိခိုက်မှုအသေးစားလို့သာဆိုရတယ်၊ တကယ်တော့ အထိခိုက်မခံနိုင်အောင် နုနယ်တဲ့မျက်လုံးနဲ့ ပတ်သက်လာရင် ကုသမှုသေချာခံယူတာ အကောင်းဆုံးပါပဲ။ အခန့်မသင့်လို့ ပျက်စီးနစ်နာရရင် နောက်မှဘယ်လောက်ကုသပါစေ နဂိုမျက်လုံးနဲ့ မြင်နိုင်စွမ်းအတိုင်း ပြန်ရနိုင်မှာမဟုတ်လို့ပါ။ ဒီအချက်တွေဟာ ဆရာဝန်မပြခင် အရေးပေါ်ဂရုစိုက်ပေးရမယ့်အချက်တွေသာဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement