ရေကူးနေရင်း ကြွက်တက်တယ်ဆိုတာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ ကြွက်တက်လို့ မသေပေမယ့် ကြွက်သားတွေ လှုပ်မရတာကြောင့် အခန့်မသင့်ရင် ရေနစ်ပြီး အသက်ဆုံးရှုံးတက်ပါတယ်။ ဒါကြောင့် မတော်တဆများ ရေကူးရင်း ကြွက်တက်လာခဲ့ရင် အသက်အန္တရာယ် မထိခိုက်အောင် ဘာတွေလုပ်သင့်လဲဆိုတာ ပြောပြပေးပါ့မယ်။
ရေကူးရင်း ဘာကြောင့်ကြွက်တက်တာလဲ။
အကြောင်းရင်းတွေ သိထားတော့ နောက်တစ်ခါ မဖြစ်အောင် ကာကွယ်လို့ရတာပေါ့။ များသောအားဖြင့်တော့
- ရေနဲ့ ဓာတ်ဆား မလုံလောက်တာ။ ကြွက်သားတွေ ကောင်းကောင်း ကျုံ့ဆန့်နိုင်ဖို့ သတ္တုဓာတ်တွေ လိုအပ်ပါတယ်။ အထူးသဖြင့် နွေရာသီမှာ ပူကလည်းပူ၊ ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးနေတတ်ပြီး အေးအောင်ဆိုပြီး ရေဆင်းကူးလိုက်ရင် ဒီပြဿနာဖြစ်တတ်ပါတယ်။
- ကြွက်သားတွေ တောင့်တင်းတာ
- အလွန်အကျွံ ရေကူးတာ
- ရေထဲမှာ ကောင်းကောင်း အသားမကျသေးတာ
- ရေက အေးလွန်းတာ
- မလိုအပ်ဘဲ အားသုံးပြီးကူးတာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။
ရေကူးရင်း ကြွက်တက်ခဲ့ရင်
မတော်တဆ ရေကူးနေရင်းနဲ့မှ ကိုယ်ကိုယ်တိုင် ကြွက်တက်ခဲ့ရင်
- စိတ်အေးအေးထားပါ။
- အတင်းကာရော မကူးပါနဲ့။ အတင်းကူးလေလေ ကြွက်သားတွေ ပိုတောင့်တင်းလေလေပါပဲ။
- ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းပါ။
- ကုန်းပေါ်ကို ကိုယ်တတ်နိုင်သလောက် ကြိုးစားပြီး ကူးကြည့်ပါ။
- စိတ်ချရတဲ့ နေရာရောက်ပြီဆိုရင် တောင့်တင်းနေတဲ့ ကြွက်သားကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။
- အကြောလျှော့ပါ။
- ရေနွေးအိတ် ဒါမှမဟုတ် ရေခဲဝတ်လေး ကပ်ပေးပါ။
- ဓာတ်ဆားရည်သောက်ပါ။
သူများကြွက်တက်ပြီး ရေနစ်နေတာတွေ့ရင်
- ရေကူးတတ်ရင် ဆင်းကယ်ပါ။
- တစ်လက်စတည်း ပတ်ဝန်းကျင်ကို အကူအညီတောင်းပါ။
- လူနာကုန်းပေါ်ကို ရောက်ပြီဆို သတိရသလား၊ ရေနစ်ထားသလား စစ်ဆေးကြည့်ပါ။
- သတိလစ်နေတယ်၊ နှလုံးလည်း မခုန်တော့ဘူးဆိုရင် အရေးပေါ်အသက်ကယ်နည်းကို စလုပ်ပါ။ သာမန်လူတစ်ယောက် အနေနဲ့ တစ်မိနစ်ကို အခါ ၁၀၀ ရင်ဘတ်ဖိပေးရင် လုံလောက်ပါတယ်။
- သတိရတယ် ဘာမှမဖြစ်ဘူးဆိုရင် ကြွက်တက်တဲ့ နေရာကို စစ်ဆေးကြည့်ပါ။
- ကြွက်တက်တုန်းပဲဆိုရင် တောင့်တင်းနေတဲ့ ကြွက်သားကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။
- အကြောလျှော့ပါ။
- ရေနွေးအိတ် ဒါမှမဟုတ် ရေခဲဝတ်လေး ကပ်ပေးပါ။
- ဓာတ်ဆားရည်သောက်ပါ။
ဒီနည်းလမ်းတွေနဲ့ဆိုရင် ကြွက်တက်တာ သက်သာသွားမှာပါ။ သက်သာသွားသွားချင်း ရေပြန်မကူးပါနဲ့ဦး။ တစ်ရက်၊ နှစ်ရက်လောက် ကြွက်သားတွေ အနားရပြီးမှ ပြန်ကူးတာကောင်းပါတယ်။
ရေကူးနေရင်း ကြွက်မတက်ချင်ဘူးဆိုရင်
ရေကူးရင်း ကြွက်တက်တာက အခန့်မသင့်ရင် ရေနစ်နိုင်ခြေရှိလို့ တတ်နိုင်သမျှ ကြွက်မတက်အောင် ကာကွယ်ထားသင့်ပါတယ်။ ဒါကြောင့်
- ရေမကူးခင်မှာ ကြွက်သားတွေ အကြောလျှော့ထားပါ။
- ရေထဲရောက်ရောက်ချင်း စမကူးပါနဲ့။ ရေနဲ့ အသားကျအောင် ခဏနေပါ။
- ကြွက်သားတွေ တင်းနေချိန်မှာ အားနဲ့ မကူးပါနဲ့။
- ရေနဲ့ ဓာတ်ဆား လုံလောက်အောင် သောက်ထားပါ။
- နောက်တစ်ခုက လူရှင်းတဲ့နေရာတွေမှာ ရေမကူးပါနဲ့။ မတော်တဆ ရေနစ်ခဲ့ရင် အော်ဟစ်အကူအညီတောင်းဖို့ အဆင်ပြေတဲ့ နေရာမှာ ကူးပါ။
ဒီနည်းလမ်းတွေနဲ့ဆိုရင်တော့ ရေကူးရင်း ကြွက်တက်ခဲ့ရင်တောင် အသက်အန္တရာယ်ကို ကာကွယ်နိုင်မှာပါ။
[embed-health-tool-bmi]