backup og meta

ကိုယ့်ကိုယ်ကို ရေသောက်ဖို့ ဘယ်လိုသတိပေးမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကိုယ်ကို ရေသောက်ဖို့ ဘယ်လိုသတိပေးမလဲ။

    ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းက ရေဓာတ်နဲ့ ဖွဲ့စည်းထားတာကြောင့် တစ်နေ့တာမှာ လုံလောက်တဲ့ ရေဓာတ်ရဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် အများစုက တစ်နေ့တာ ရေလိုအပ်ချက်ကို ပြည့်မီအောင် မသောက်မိတတ်ကြပါဘူး။ ဒါကြောင့် ရေသောက်ဖို့ ကိုယ့်ကိုယ်ကို သတိပေးနေဖို့ လိုပါတယ်။

    ရေသောက်ဖို့ ဘာကြောင့်အရေးကြီးတာလဲ။

    ခန္ဓာကိုယ်တစ်ခုလုံးက ဇီဝဖြစ်စဉ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ ရေဓာတ်က လိုအပ်ပါတယ်။ ရေဓာတ်လုံလုံလောက်လောက် မရဘူးဆိုရင် ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်လာပြီး ပါးစပ်ခြောက်တာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ နုံးတာ၊ မျက်တွင်းချောင်တာ၊ သွေးပေါင်ကျတာ၊ ရင်တုန်တာ၊ ကယောင်ကတမ်းတွေ ဖြစ်တာအထိ  ဖြစ်လာနိုင်ပါတယ်။

    တစ်နေ့ ရေဘယ်လောက် သောက်ကြမလဲ။

    ဒါက သိပ်ကို ယေဘုယျ ဆန်တဲ့ မေးခွန်းပါ။ ပြောနေကျစကားကတော့ တစ်နေ့ကို ရေ၈ဖန်ခွက်ဆိုပေမယ့် ဒါက လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှု၊ ရာသီဥတု၊ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။

    သာမန်လူကတော့ ရေ၈ဖန်ခွက်လောက် မှန်းထားပါ။ ချွေးပိုထွက်တယ်၊ ပိုပြီး လှုပ်လှုပ်ရှားရှားနေရတယ်ဆိုရင် ပိုသောက်ပါ။ အသည်းမကောင်းတဲ့သူ၊ ကျောက်ကပ်မကောင်းတဲ့သူကတော့ ဆရာဝန်သတ်မှတ်ထားတဲ့ ပမာဏအတိုင်းပဲ သောက်ပေးသင့်ပါတယ်။

    ကိုယ့်ရဲ့ ခန္ဓာကိုယ်က ရေသောက်တာ လုံလောက်မှု ရှိမရှိ သိချင်ရင် ဆီးအရောင်ကို ကြည့်ပါ။ ဆီးအရောင်ကြည်တယ်။ ဖန့်တယ်ဆိုရင် ရေဓာတ်လုံလောက်နေပါတယ်။ ရေဆာနေသလား၊ နှုတ်ခမ်းတွေ ခြောက်နေသလား ကိုယ့်ကိုယ်ကို သတိထားကြည့်ပါ။ ဒါတွေပေါ် မူတည်ပြီး ရေဓာတ်ဖြည့်နိုင်ပါတယ်။

    ကိုယ့်ကိုယ်ကို ရေသောက်ဖို့ ဘယ်လိုသတိပေးမလဲ။

    ဒါက တကယ်တော့ စိတ်ပိုင်းဆိုင်ရာ လှည့်စားမှု လုပ်တာပါ။ အများစုက နွေရာသီမှာတောင် တော်တော်ပူပြီး ရေဆာမှ သောက်ဖို့ သတိရကြတဲ့အတွက် တစ်နေ့တာ ရေလိုအပ်ချက်ကို မပြည့်မီကြပါဘူး။ တစ်ခါ ရေဆာတာကို ဗိုက်ဆာတယ်လို့ ခန္ဓာကိုယ်က အချက်ပြတဲ့အတွက် ရေသောက်မယ့်အစား အစားတွေ စားမိတာမျိုးလည်း ရှိတတ်ပါတယ်။

    ဒီတော့ ရေသောက်ဖြစ်အောင် ကိုယ့်ကိုယ်ကို လှည့်စားဖို့ လိုပါတယ်။

    • ရေဘူးလှလှလေးတွေ သုံးပါ။

    ရောင်စုံရေဘူးလေးတွေ၊ ဘေးနားမှာ ရေလီတာအမှတ်ပါတဲ့ ရေဘူးလေးတွေ သုံးပါ။ ပြီးတော့ ရေဘူးအကြည်လေးတွေသုံးပါ။ ရေရဲ့ သဘာဝက မြင်နေရရင် ပိုသောက်ချင်ပါတယ်။ ရေလီတာပမာဏကို တွေ့ရတဲ့အတွက် ကိုယ်သောက်တာ နည်းနေလား၊ လုံလောက်ရဲ့လားဆိုတာကို အလွယ်သိနိုင်ပါတယ်။

    • လက်လှမ်းမီတဲ့ နေရာမှာ ထားပါ။

    ရေဆာမှ သောက်ရေအိုးဆီ သွားမယ်ဆိုရင် ပျင်းတာနဲ့ သောက်ဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ ဆာတာနဲ့ အလွယ်တကူ သောက်နိုင်အောင် ကိုယ်အနေများတဲ့ အလုပ်စားပွဲ၊ အိပ်ခန်း စတဲ့ နေရာတွေမှာ ရေဘူးလေးတွေ  ထားထားပါ။

    • ရေအေးအေးလေး သောက်ပေးပါ။

    ရိုးရိုးရေသောက်တာထက်စာရင် ရေအေးအေးလေးက ပိုပြီး သောက်လို့ကောင်းပြီး အပူသက်သာပါတယ်။ ရေခဲရေလိုမျိုးလည်း မသောက်ချင်ဘူးဆိုရင် ရေခဲသေတ္တာထဲမှာ ၁၅မိနစ်လောက် ထည့်အအေးခံပြီး သောက်ပါ။ ရိုးရိုးရေထက် အေးပြီး ရေခဲရေလောက်လည်း အေးခဲနေတာမျိုး မဖြစ်တော့ပါဘူး။

    • သောက်ချင်စရာ ကောင်းအောင် ပြင်ဆင်ပါ။

    ရိုးရိုးရေသောက်မယ့်အစား ရေထဲကို သံပုရာသီးလေး စိတ်ထည့်တာမျိုး၊ ပူဒီနံအရွက်လေးတွေ ထည့်ပြီး သောက်တာမျိုး လုပ်နိုင်ပါတယ်။ ဒါက Detox water မဟုတ်ပါဘူး။ ရေအရသာ ရှိပြီး သောက်လိုက်ရင် လန်းဆန်းသွားအောင် အရသာ ထည့်ထားတာပဲ ဖြစ်ပါတယ်။

    ကိုယ့်ကိုယ်ကို ရေသောက်ဖို့ ဘယ်လိုသတိပေးမလဲ။

    • ရေအစားထိုး အရည်တွေ သောက်ပေးပါ။

    တစ်နေ့တာ ရေလိုအပ်ချက်ကို ရိုးရိုးရေ သောက်တာအပြင် တခြားအရည်တွေနဲ့လည်း ဖြည့်လို့ရပါတယ်။ ဥပမာ အုန်းရည်၊ ဓာတ်ဆားရည်၊ သစ်သီးဖျော်ရည်၊ ဟင်းရည်၊ အရည်ရွှမ်းတဲ့ သစ်သီး စတာတွေနဲ့ပါ။ ဒါကြောင့် ရေသောက်တာအပြင် ဒီအရည်တွေလည်း သောက်ပေးပါ။ ထမင်းစားရင် ဘေးမှာ ဟင်းချိုရည် ပန်းကန်လုံးတစ်ခွက်စာလောက် သောက်ပေးပါ။

    ရှောင်ရမှာက ကော်ဖီ၊ လက်ဖက်ရည်၊ အရက်တွေပါ။ သူတို့က တစ်ခွက်သောက်ရင် နှစ်ခွက်စာလောက် ဆီးသွားတာကြောင့် ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ ဆိုဒါပါတာ၊ ဂတ်စ်ပါတဲ့ အချိုရည်တွေကိုလည်း တတ်နိုင်သမျှ လျှော့သင့်ပါတယ်။ အေးအေးလေးနဲ့ သောက်လို့ ကောင်းပေမယ့် သကြားပါဝင်မှု များတာကြောင့် အဝလွန်စေနိုင်လို့ပါ။

    • အပြင်သွားတိုင်း ရေသယ်သွားပါ။

    အပြင်ထွက် အလုပ်လုပ်ရသူတွေက ရေဘူးအသေးလေးကို အိတ်ထဲထည့်ထားပါ။ ဆာတဲ့အချိန် တန်းပြီးသောက်နိုင်သလို လိုအပ်ရင် ရေပြန်ဖြည့်ဖြည့်ပြီး သောက်နိုင်ပါတယ်။ ရေဝယ်ရတဲ့ ဒုက္ခလည်း ကင်းသွားပါတယ်။

    • တစ်နေ့တာ လိုအပ်ချက်ကို ကြိုတွက်ထားပါ။

    ဒီနေ့တော့ ရေ  ၂လီတာလောက် ဝင်အောင် သောက်မယ်လို့ တွက်ထားတယ်ဆိုရင် အိပ်ချိန် ၈နာရီနဲ့ အိပ်ခါနီး အချိန် ၂-၄ နာရီလောက်ကို ဖယ်ထားလိုက်ပါ။ ဒါဆို ကျန်တဲ့ ၁၀-၁၄ နာရီအတွင်းမှာ ရေ ၂လီတာကို ဝင်အောင် သောက်ရမှာ ဖြစ်ပါတယ်။ ဒါဆို တစ်နာရီကို ရေ ၂၀၀ မီလီလီတာလောက် ဝင်အောင် သောက်ပေးရမှာပါ။

    ဒီအချက်လေးတွေကိုတော့ ပြင်ဆင်ထားပါ။

  • ထမင်းစားခါနီးနဲ့ အိပ်ခါနီးမှာ ရေသောက်တာကို လျှော့ပေးပါ။ ကျန်တဲ့အချိန်တွေ ရေပိုသောက်ပါ။
  • ရေဘူးကို ပုံမှန်ဆေးကြောပါ။ အထူးသဖြင့် သစ်သီးစိတ်လေးတွေ ထည့်ထားရင် နေ့တိုင်းဆေးဖို့ လိုပါတယ်။
  • ညအိပ်ခါနီးရင် နောက်နေ့စာအတွက် ရေဘူးကို ရေအသစ်ဖြည့်ပြီး အိပ်ရာနားမှာ ထားထားပါ။ ညဘက် ရေဆာရင် သောက်လို့ရသလို မနက်အိပ်ရာနိုးနိုးချင်းမှာ ရေတဝသောက်ဖို့ လွယ်ကူစေပါတယ်။
  • ရေအစား ရေနွေးကြမ်းသောက်မယ်ဆို ထမင်းစားချိန်နဲ့ ဝေးဝေး သောက်ပါ။ အထူးသဖြင့် အမျိုးသမီးတွေပါ။ လက်ဖက်က သံဓာတ်စုပ်ယူမှုကို တားဆီးတာကြောင့် ထမင်းစားချိန်နဲ့ ရှောင်ပြီး သောက်သင့်ပါတယ်။
  • တစ်နေ့တာ ရေဓာတ်ပြည့်ဝနေစေဖို့

    ရေဓာတ်လုံလောက်မှုက ကျန်းမာရေးအတွက် အခြေခံကျတဲ့ အချက်ဖြစ်ပါတယ်။ ရေဓာတ်လုံလောက်ဖို့ဆို တစ်နေ့တာမှာ ကိုယ့်ကိုယ်ကို မကြာမကြာ ရေသောက်ဖို့ သတိပေးသင့်ပါတယ်။
    ဒါ့ပြင် ရေဆာတာနဲ့ တန်းပြီး သောက်နိုင်အောင်၊ ရေသောက်ချင်စိတ်ဖြစ်အောင် စိတ်ပိုင်းဆိုင်ရာ လှည့်စားမှုတွေနဲ့ ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement