backup og meta

ပရိုတင်းမှုန့် သောက်လို့ ခန္ဓာကိုယ်အတွက် ရနိုင်တဲ့ ကောင်းကျိုးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 01/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပရိုတင်းမှုန့် သောက်လို့ ခန္ဓာကိုယ်အတွက် ရနိုင်တဲ့ ကောင်းကျိုးတွေ

    ပရိုတင်းမှုန့် (Protein Powder) တွေကို Gym ကစားတဲ့သူတွေ အထူးသဖြင့် အမျိုးသားတွေ အသောက်များကြပါတယ်။ အဓိက ကိုယ်ခန္ဓာကြွက်သားထု မြန်မြန်တက်ဖို့နဲ့ Gym ကစားတဲ့ နေရာမှာ ပိုအားစိုက်ထုတ်နိုင်ဖို့ပေါ့။ တကယ်တော့ ပရိုတင်းမှုန့်က ကျွန်တော်တို့ လူခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါတယ်။

    ပရိုတင်းမှုန့်တွေမှာ အဓိက ကိုယ်ခန္ဓာကို ကြီးထွားမြန်စေဖို့ ကယ်လိုရီ၊ ကစီဓာတ်၊ အဆီဓာတ်နဲ့ ပရိုတင်းဓာတ်တို့ အများဆုံး ပါဝင်ပြီး ကျန်းမာစေဖို့နဲ့ ကိုယ်ခံအားကောင်းစေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ထည့်သွင်းပေးထားပါတယ်။ အသောက်များတဲ့ ပရိုတင်းမှုန့် အမျိုးအစားတွေက

    • အဆီနဲ့ ကြွက်သားတက်မြန်စေဖို့ Mass Gainer အမျိုးအစား ပရိုတင်းမှုန့်နဲ့

    • အဆီကျစေပြီး ကြွက်သားကျစ်လျစ်သန်မာစေဖို့ Whey Protein အမျိုးအစား ပရိုတင်းမှုန့်တို့ပဲ ဖြစ်ပါတယ်။

    ပရိုတင်းမှုန့် သောက်ပေးရခြင်းရဲ့ အကျိုးကျေးဇူးတွေ

    ၁။ ကြွက်သားတက်မြန်စေတယ်။

    ပရိုတင်းနဲ့အတူ ကြွက်သားတက်စေမယ့် လေ့ကျင့်ခန်းတွေက ကြွက်သားအတက် မြန်စေပါတယ်။ အထူးသဖြင့် ကယ်လိုရီလျှော့စားနေတဲ့ သူတွေမှာ အဆီအပြင် ကြွက်သားပါ ဆုံးရှုံးလာပါတယ်။ ပရိုတင်းမှုန့် ဒါမှမဟုတ် ပရိုတင်းတွေ လုံလောက်အောင် စားပေးပြီး အလေးမတဲ့ လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင်ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ပေးပြီး ကြွက်သားတက်စေမှာပါ။

    ၂။ ကိုယ်အလေးချိန်ကျစေဖို့ ကူညီပေးတယ်။

    ပရိုတင်းမှုန့်ဟာ ကိုယ်အလေးချိန်တက်ဖို့သာမက ကျစေတဲ့ နေရာမှာလည်း ကူညီပေးပါတယ်။ ပရိုတင်းမှုန့်သောက်ပြီးတာနဲ့ ဗိုက်ပြည့်သွားတတ်လို့ လူတစ်ယောက်ရဲ့ အစာစားချင်စိတ်ကို ထိန်းညှိပေးသလို အဆီများတဲ့ မုန့်ပဲသရေစာတွေလည်း သိပ်မစားနိုင်တော့ဘူး။ ဒီအခါ လေ့ကျင့်ခန်းကို ဖိလုပ်ဖို့ ခွန်အားပိုရစေတဲ့အတွက် ကိုယ်အလေးချိန်ကျဖို့ ပိုမြန်စေပါတယ်။

    ၃။ ဇီဝကမ္မဖြစ်စဉ်တွေကို မြှင့်တင်ပေးတယ်။

    ဇီဝကမ္မဖြစ်စဉ် (Metabolism) ဆိုတာ ကျွန်တော်တို့ နေ့စဉ်လှုပ်ရှားသွားလာရုန်းကန် စားသောက် အသက်ရှင်နေရတဲ့အချိန်တိုင်းမှာ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်နေတဲ့ လုပ်ငန်းစဉ်တွေကို ဆိုလိုပါတယ်။ ကယ်လိုရီလျှော့စားတဲ့သူတွေမှာ အဆီအပြင်  ကြွက်သားတွေပါ ဆုံးရှုံးလာတဲ့အတွက် ဇီဝကမ္မဖြစ်စဉ် နှေးလာပါတယ်။ ဒါကြောင့် ပြန်စားတဲ့အခါ ဝိတ်တက်လွယ်တာပါ။

    ပရိုတင်းကို လုံလောက်အောင်စားပြီး ကြွက်သားတက်လာတဲ့သူတွေမှာတော့ ဇီဝကမ္မဖြစ်စဉ်တွေက ငြိမ်လာပါတယ်။ ဒါ့ပြင် ကစီဓာတ်ထက်စာရင် ပရိုတင်းကို ချေဖျက်တဲ့အခါ ကယ်လိုရီပိုသုံးရတဲ့အတွက် ဇီဝဖြစ်စဉ်ကို အနည်းငယ်တောင် မြန်စေနိုင်ပါသေးတယ်။

    ၄။ ဗိုက်အဆီကျစေတယ်။

    ဝမ်းမှာ အဆီဖုံးခြင်းဟာ အမျိုးသားတွေမှာ ပိုအဖြစ်များပြီး အရက်၊ ဘီယာသောက်သုံးမှုများခြင်း၊ အထိုင်များပြီး လှုပ်ရှားမှုနည်းခြင်း၊ အာဟာရမဖြစ်ဘဲ အဆီတက်စေမယ့် အစားအစာတွေ အလွန်အကျွံစားသုံးခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ တချို့လေ့လာချက်တွေမှာ ပရိုတင်းမှုန့်က ကယ်လိုရီလျှော့စားတဲ့သူတွေမှာ ဝမ်းဗိုက်အဆီကျဖို့ ကူညီပေးတယ်လို့ ဆိုပါတယ်။

    ဗိုက်အဆီတွေ ကျလာတာနဲ့အမျှ လူက ပိုပြီးလန်းဆန်းတက်ကြွပြီး အားအင်ရှိလာမယ်။ နောက်ဆက်တွဲ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်လာပါမယ်။

    ဒါဆို ပရိုတင်းမှုန့်ရဲ့ ကောင်းကျိုးတွေကို အနည်းအကျဉ်းတော့ သိလောက်ပြီလို့ ထင်ပါတယ်။ ယောက်ျားလေးပဲဖြစ်စေ မိန်းကလေးပဲ ဖြစ်စေ ခန္ဓာကိုယ်က တစ်နေ့တာသတ်မှတ်ထားတဲ့ အတိုင်းအတာအလိုက် ပရိုတင်းဓာတ်ကို လိုအပ်ပါတယ်။ ပရိုတင်းမှုန့်အပြင် တခြား ပရိုတင်းဓာတ်၊ ကစီဓာတ်နဲ့ အဆီဓာတ်တွေ ရနိုင်တဲ့ အစားအစာတွေကတော့ ဆန်၊ ဂျုံ၊ အာလူး၊ ကန်စွန်းဥ၊ အသား၊ ငါး၊ ဥ၊ နွားနို့၊ ပဲအမျိုးမျိုးတို့ပဲ ဖြစ်ပါတယ်။ သတိထားရမှာက အစားအစာသည် ပထမ၊ လေ့ကျင့်ခန်းသည် ဒုတိယ၊ ဖြည့်စွက်စာသည် တတိယ၊ ဒီအချိုးအစားအတိုင်း သွားဖို့တော့ လိုပါတယ်။

    ဒါကြောင့် ကြွက်သားတက်ဖို့ပဲဖြစ်ဖြစ်၊ အဆီကျချင်လို့ပဲဖြစ်ဖြစ်၊ ကျန်းမာစေဖို့ပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ တစ်နေ့တာ စားသုံးတဲ့ အစာအာဟာရကို အရင်ဆုံး ဂရုစိုက်ပေးရမယ်။ ပြီးမှပဲ ဖြည့်စွက်စာအနေနဲ့ ပရိုတင်းမှုန့်ကို သောက်ပေးပါ။  အဆီတွေကို ချေဖျက်ဖို့ လေ့ကျင့်ခန်း၊ အားကစားကို ပိုလုပ်ပေးပါ။ အိပ်ချိန်မှန်အောင်လည်း ဂရုစိုက်ပေးပါ။ ရေကိုလည်း များများသောက်ပေးပါ။ ဒါဆိုရင်တော့ အချိန်တိုအတွင်းမှာ ကိုယ့်ရဲ့ ကျန်းမာရေးရော ခန္ဓာကိုယ်အချိုးအစားပါ သိသိသာသာ တိုးတက်ပြောင်းလဲလာတာ သတိထားမိမှာပါ။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 01/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement