ကော်ဖီနဲ့လက်ဖက်ရည်များဟာ လူကြိုက်များတဲ့ စားသုံးဖွယ်ရာတွေဖြစ်ပါတယ်။ နှစ်မျိုးစလုံးမှာ ကဖိန်းဓာတ် ပါဝင်ပြီး စိတ်ပိုင်းဆိုင်ရာ လန်းဆန်းတက်ကြွစေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ဇီဝဖြစ်ပျက်မှုများကို မြန်ဆန်စေခြင်း စတဲ့အာနိသင်တွေ ပေးပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကဖိန်းဓာတ်ဟာ သင့်တင့်ရုံသောက်သုံးရင် ဘေးကင်းစိတ်ချရပါတယ်။ ဒါပေမယ့် ကဖိန်းဓာတ် လွန်ကဲလာရင်တော့ ဘေးထွက်ဆိုးကျိုးတွေ များပြားလာနိုင်ပါတယ်။
အောက်ဖော်ပြပါအချက်တွေကတော့ ကဖိန်းဓာတ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။
၁။ စိတ်ပူပန်ခြင်း
ကဖိန်းဟာ တက်ကြွမှုကို ဖြစ်စေပါတယ်။ အဒီနိုဆင်းလို့ခေါ်တဲ့ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေတဲ့ ဓာတုပစ္စည်းကို တားဆီးပေးပါတယ်။ တစ်ချိန်တည်းမှာပဲ အဒရီနယ်လင်းလို့ခေါ်တဲ့ စွမ်းအင်မြှင့်ပေးတဲ့ ဟော်မုန်းကို ထွက်လာစေပါတယ်။ ဒါပေမယ့် အဆိုပါဟော်မုန်းတွေ များပြားလာရင် စိတ်ပူပန်ခြင်း၊ ဂနာမငြိမ်ခြင်းတွေ ဖြစ်စေပါတယ်။
အမေရိကန်စိတ်ကျန်းမာရေး ဆရာဝန်အသင်းအနေနဲ့လည်း ကဖိန်းကြောင့်ဖြစ်တတ်တဲ့ စိတ်ပူပန်ခြင်းကို ရောဂါရှာဖွေအတည်ပြုခြင်းအဆင့်မှာ ထည့်သွင်းစဉ်းစားပါတယ်။ တစ်နေ့တာမှာ ကဖိန်းဓာတ် ၁၀၀၀ မီလီဂရမ်ထိ သောက်သုံးမိရင်တော့ ဂနာမငြိမ်ခြင်း၊ ယောက်ယက်ခတ်ခြင်း စတာတွေကို ဖြစ်စေတတ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ ဂနာမငြိမ်ခြင်း၊ ကတုန်ယယင်ဖြစ်ခြင်း စတာတွေဖြစ်နေတတ်ရင် တစ်နေ့မှာ ကဖိန်းဓာတ် ဘယ်လောက်သုံးစွဲတယ်ဆိုတာ ပြန်လည်သုံးသပ်ပြီး လျှော့ချဖြတ်တောက်သင့်ပါတယ်။
၂။ အစာခြေစနစ်ကိစ္စရပ်များ
လူအများစုဟာ မနက်ပိုင်းကော်ဖီတစ်ခွက် သောက်သုံးခြင်းအားဖြင့် အူလမ်းကြောင်း လှုပ်ရှားမှု ကောင်းမွန်စေပါတယ်။ ကော်ဖီဟာ ဂတ်စ်ထရင်လို့ခေါ်တဲ့ ဟော်မုန်းကို အားပေးကူညီပါတယ်။ အဆိုပါဟော်မုန်းဟာ အူမကြီးရဲ့ လှုပ်ရှားမှုတွေကို ပိုမိုမြန်ဆန်စေပါတယ်။ အစာအိမ် အူလမ်းကြောင်းရဲ့ လှုပ်ရှားမှုလှိုင်းတွေကို လှုံ့ဆော်ပေးတာကြောင့် စားလိုက်တဲ့အစာတွေကို အူလမ်းကြောင်းတလျှောက် ကောင်းစွာ ရွေ့လျားနိုင်စေပါတယ်။ အဲဒီအကျိုးအာနိသင်တွေကြောင့် လူတချို့မှာ ကဖိန်းများသွားရင် ဝမ်းသွားတတ်ပါတယ်။ အစာမကြေဘဲ အစာရေမျိုကနေ လေချဉ်တတ်တတ်သူတွေမှာတော့ ရောဂါလက္ခဏာကို ပိုဆိုးစေတတ်ပါတယ်။
၃။ စွဲလန်းခြင်း
ကဖိန်းမှာ ကျန်းမာရေးအတွက် ကောင်းစေတဲ့ အကျိုးကျေးဇူးတွေ ရှိနေပေမယ့် စွဲလန်းခြင်းပြဿနာလည်း ဖြစ်ပေါ်စေပါတယ်။ ကဖိန်းဟာ ကိုကင်းနဲ့ အင်ဖက်တမင်းတို့လိုမျိုး စွဲလန်းခြင်းကိုဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို ထုတ်လွှတ်စေပါတယ်။ ကဖိန်းသုံးစွဲမှုများပြီး အဆိုပါ ဓာတုပစ္စည်းတွေ များလာရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော စွဲလန်းခြင်းတွေ ဖြစ်လာပါတယ်။ စွဲလန်းခြင်းထိ မဖြစ်ရအောင် သင့်တင်ရုံသောက်သုံးတာပဲ ကောင်းပါတယ်။
၄။ သွေးတိုးခြင်း
လူအများစုမှာတော့ ကဖိန်းဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့ရောဂါဝေဒနာတွေကို မဖြစ်စေပါဘူး။ ဒါပေမယ့် အာရုံကြောစနစ်ကို လှုံ့ဆော်တဲ့ အာနိသင်ကြောင့် သွေးပေါင်ချိန် တက်လာတတ်တယ်လို့ သုတေသနတချို့မှာ ဖော်ပြထားပါတယ်။ သွေးတိုးခြင်းကြောင့် နှလုံးသွေးကြောတွေကို ထိခိုက်စေလာပြီး နှလုံးနဲ့ဦးနှောက်ကို သွေးရောက်တာနည်းသွားပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို ဖြစ်စေတတ်ပါတယ်။ ကောင်းတဲ့အချက်က ဦးနှောက်အပေါ် ကဖိန်းရဲ့ လွှမ်းမိုးမှုဟာ ယာယီပဲဖြစ်ပါတယ်။ သင့်တင့်ရုံပဲသောက်သုံးသူတွေအတွက် သိပ်ပြီး စိုးရိမ်စရာ မလိုပါဘူး။ ဒါပေမယ့် ကဖိန်းသုံးစွဲမှုပမာဏနဲ့ အချိန်ကို ပြန်သုံးသပ်သင့်ပါတယ်။ အထူးသဖြင့် သွေးတိုးအခံရှိရင် ဖြစ်ပါတယ်။
၅။ နှလုံးခုန်မြန်ခြင်း
ကဖိန်းဓာတ်ဟာ နှလုံးခုန်ခြင်းကို ပိုမိုမြန်ဆန်စေပါတယ်။ နှလုံးခုန်စည်းချက်ကို ပြောင်းလဲခြင်းလည်း ဖြစ်စေတတ်ပါတယ်။ စွမ်းအားဖြည့် အချိုရည်တွေကို လွန်ကဲစွာသောက်တတ်သူ လူငယ်များမှာ တွေရတတ်ပါတယ်။ မိမိနှလုံးခုန်နှုန်း မြန်နေတယ်ထင်ရင်၊ နှလုံးခုန်တာ မမှန်ရင် ကဖိန်းကို လျှော့ချသင့်ပါတယ်။
၆။ ပင်ပန်းနွမ်းနွယ်ခြင်း
ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကဖိန်းပါတဲ့ တခြားအဖျော်ယမကာများဟာ စွမ်းအင်မြှင့်ပေးတဲ့အနေနဲ့ လူသိများကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ကဖိန်းဓာတ် ကုန်သွားတဲ့အခါ ဆန့်ကျင်ဘက် ဝေဒနာတွေ ပြန်ပေါ်လာတတ်ပါတယ်။ ကဖိန်းဓာတ်မကုန်အောင် ဆက်လက်သောက်သုံးနေမယ်ဆိုရင်လည်း အိပ်မရဘဲ ကတုန်ကယင်ဖြစ်လာပါလိမ့်မယ်။
၇။ မကြာခဏ ဆီးသွားခြင်း
ကဖိန်းများသွားရင် ဆီးအိမ်ကို လှုံ့ဆော်မှုရှိတာကြောင့် ဆီးသွားများလာတတ်ပါတယ်။ ပုံမှန်ထက် ကော်ဖီ၊ လက်ဖက်ရည်ပိုသောက်မိရင် ဆီးသွားတာ ပိုများလာပါလိမ့်မယ်။ အသက်ကြီးသူတွေမှာဆိုရင် ဆီးအိမ်ပိုမို လုပ်ဆောင်တာ၊ ဆီးမထိန်းနိုင်တာတွေ တွေ့ရတတ်ပါတယ်။
ဆီးအိမ်ကောင်းသူတွေမှာတောင် ကဖိန်းသုံးစွဲမှုများရင် ဆီးမထိန်းနိုင်တာတွေ ဖြစ်လာတတ်ပါတယ်။
ကောင်းတာကတော့ ဘယ်အရာမှာမဆို တန်ဆေးလွန်ဘေး ရှိတာကြောင့် ကဖိန်းသုံးစွဲမှုကိုလည်း ချင့်ချိန်ပြီးတော့ သုံးစွဲသင့်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmr]