မိုးရာသီက တုပ်ကွေးရာသီဖြစ်တာကြောင့် အအေးမိ၊ ဖျားနာဖြစ်ကြတာတွေ များပါတယ်။ ဒါ့ပြင် ဝမ်းပျက်ဝမ်းလျှောလည်း ဖြစ်တတ်တော့ လူကြီးတွေက လမ်းဘေးစာတွေ မစားနဲ့။ ဟိုဟာ မစားနဲ့၊ ဒီဟာ မစားနဲ့ဆိုပြီး တားမြစ်တာတွေ ကြုံဖူးမှာပါ။ ဒီလိုနဲ့ ရှောင်ရင်း ရှောင်ရင်း စားစရာတောင် မကျန်တော့ဘူးဟုတ်။ ဒီလိုဆို မိုးရာသီမှာ ကျန်းမာစေဖို့ ဘာတွေ စားသောက်ကြမလဲ ။ အာဟာရလည်းရှိပြီး ဝမ်းပျက်ဝမ်းလျှော မဖြစ်တဲ့ စားစရာမျိုးပေါ့။
မိုးရာသီမှာ ဘယ်လိုအစားအစာတွေကို ဦးစားပေး စားသင့်သလဲ။
မိုးရာသီမှာဆိုရင် ရာသီဥတုအေးတာရယ်၊ လေထုစိုထိုင်းဆ များတာရယ်ကြောင့် တုပ်ကွေး အပါအဝင် အသက်ရှူလမ်းကြောင်း ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ကိုယ်ခံအား ကောင်းစေဖို့ အစားအစာတွေကို ရွေးချယ်စားသောက်ရမှာပါ။
ဝမ်းပျက်ဝမ်းလျှောတွေလည်း ဖြစ်လွယ်တာကြောင့် အစာသန့်၊ ရေသန့်၊ လက်သန့် ဒီ၃ခုကိုလည်း ဂရုစိုက်ရမှာပါ။ တတ်နိုင်သမျှ အစိမ်းစားတာကို ရှောင်ကြဉ်ပြီး ပိုးသေအောင်လို့ ပူပူလောလော ချက်ပြုတ်စားသောက်သင့်ပါတယ်။
ဒီလို အကြမ်းဖျင်း သိသွားလောက်ပြီဆိုတော့ ဘာတွေစားသင့်တယ်ဆိုတာ ဥပမာလေးနဲ့ ပြောပြမယ်နော်။
မိုးရာသီမှာ ကျန်းမာစေဖို့ ဘာတွေ စားသောက်ကြမလဲ
- အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်
မိုးရာသီမှာ ရာသီပေါ် သီးနှံတွေ များတာကြောင့် ကိုယ်နှစ်သက်ရာ အသီးအနှံကို စားလို့ရပါတယ်။ ထမင်းစားတဲ့အခါမှာလည်း ဟင်းရွက် ၁-၂မျိုးလောက် ပါအောင် စားပေးပါ။
အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက ဗီတာမင်နဲ့ အန်တီအောက်ဆီဒင့်တွေ ကြွယ်ဝတာကြောင့် ခုခံအားကို တက်စေပါလိမ့်မယ်။
- အရည်များများသောက်ပါ
မိုးတွင်းမှာ ရာသီဥတု အေးတာကြောင့်ရော၊ အိမ်သာ ခဏခဏ သွားရမှာစိုးတာကြောင့်ရော ရေလျှော့သောက်တတ်ကြပါတယ်။ တကယ်က ရေကို ခန္ဓာကိုယ်လိုအပ်ချက်အတိုင်း သောက်ရမှာပါ။
သောက်တဲ့အခါမှာလည်း ရိုးရိုးရေအပြင် စွပ်ပြုတ်၊ သေသေချာချာပိုးသတ်ထားတဲ့နို့၊ ဓာတ်ဆားအားဖြည့်အချိုရည်၊ အုန်းရည်၊ ရေနွေးကြမ်း စသဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်စရာတွေကို သောက်ပေးနိုင်ပါတယ်။
ဒါ့ပြင် ရာသီဥတုအေးတဲ့အခါ ချင်းပြုတ်ရည်၊ ပျားသံပုရာရည်စတာတွေကို ပူပူနွေးနွေး ဖျော်သောက်ပေးတာက ခံတွင်းရှင်းစေသလို ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။
- ပရိုဘိုင်အိုတစ် ကြွယ်ဝတာတွေ စားပေးပါ
မိုးတွင်းက ပတ်ဝန်းကျင် မသန့်ရှင်းရင် ကိုယ်စားတဲ့ အစားအစာတွေထဲကို ပိုးတွေ အနည်းနဲ့ အများ ပါနိုင်ပါတယ်။ ဒီပိုးတွေကြောင့် ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့ဆိုရင် အူလမ်းကြောင်းထဲမှာ ကောင်းတဲ့ဘက်တီးရီးယားတွေ (ပရိုဘိုင်အိုတစ်) အများကြီး ရှိနေဖို့ လိုပါတယ်။
ဒီအတွက် ဒိန်ချဉ်၊ ကင်ချီ၊ ကြက်သွန်ဖြူ၊ ငှက်ပျောသီး စသဖြင့် ပရိုဘိုင်အိုတစ် ကြွယ်ဝတာတွေကို စားပေးဖို့ လိုပါတယ်။