backup og meta

ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ

    မကြာခင်မှာ ဒီဇင်ဘာလ နဲ့အတူ နှစ်တစ်နှစ်ကို ကုန်ဆုံးရတော့မှာပါ။ ၂၀၂၂ ခုနှစ် ကနေ ၂၀၂၃ ခုနှစ်ကို ကူးပြောင်းဖို့က အချိန် ၁ လတောင် မလိုတော့ပါဘူး။ ဒီလို ကာလမှာ လူတွေအားလုံးလိုလိုက လာမယ့် ၂၀၂၃ ဟက်ပီး နယူးရီးယားကို ဘယ်လို ကြိုကြမယ်။ နှစ်သစ်ကူးညမှာ ဘာတွေချက်စားမယ် စသဖြင့် အတွေးတွေ အများကြီး ရှိနေကြမယ် ထင်ပါတယ်။ ဒီအတွေးလေးတွေထဲက စားစရာတွေက ကျန်းမာရေးနဲ့ ညီသလား ….. မညီဘူးဆိုရင် ဘယ်လိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်မလဲ ….. ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘယ်လို အစားအစာတွေကို စားရင်း နှစ်သစ်ကို ကြိုကြမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ

    ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ ဆိုတာကို မပြောပြသေးခင် အရင်ဆုံး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အစားအစာလေးတွေကို ပြောပြပေးမှာမို့ စာဖတ်ပရိသတ်ကြီးက အရင်ဆုံး ဖတ်ကြည့်ပေးပါလို့ ပြောချင်ပါတယ်။

    • ခေါက်ဆွဲကြော်

    ကြက်ဥခေါက်ဆွဲ၊ ဂျုံခေါက်ဆွဲ စတာတွေကို ကြက်ဥ၊ ဘဲဥတို့ကို ခေါက်မွှေပြီး ဂေါ်ဖီ၊ တရုတ်နံနံ၊ မုန်လာဥနီ၊ ပဲသီးစတာတွေနဲ့ ကြော်စားတာက ပရိုတင်း၊ ကစီဓာတ်၊ ဗီတာမင်တွေနဲ့ အမျှင်ဓာတ်ကိုပါ ပြည့်ပြည့်ဝဝ ရရှိစေပြီး အရသာလည်း ရှိစေမှာပါ။

    ခေါက်ဆွဲကြော်ကို ဒီအတိုင်း စားရမှာ အီတယ်ဆိုရင်တော့ မန်ကျည်းသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့နဲ့ ဖျော်ထားတဲ့ အချဉ်လေးတစ်ခွက်နဲ့ တွဲစားပေးပါ။ အစာကြေစေပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။ ဆီများများနဲ့ ကြော်တာကို ရှောင်ပေးပါ။

  • ကြာဇံကြော်
  • ကြာဇံကိုလည်း ခေါက်ဆွဲကြော်သလိုပဲ ကြက်ဥ၊ ဘဲဥတို့ကို ခေါက်မွှေပြီး ဂေါ်ဖီ၊ တရုတ်နံနံ၊ မုန်လာဥနီ၊ ပဲသီးစတာတွေနဲ့ ကြော်စားပေးလို့ ရပါတယ်။ ဒီလိုစားတာက ပရိုတင်း၊ ကစီဓာတ်၊ ဗီတာမင်တွေနဲ့ အမျှင်ဓာတ်ကိုပါ ပြည့်ပြည့်ဝဝ ရရှိစေပြီး အရသာလည်း ရှိစေမှာပါ။

    ကြာဇံကြော်ကို ဒီအတိုင်း စားရမှာ မကြိုက်ဘူးဆိုရင်တော့ မန်ကျည်းသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့နဲ့ ဖျော်ထားတဲ့ အချဉ်လေးတစ်ခွက်နဲ့ တွဲစားပေးပါ။ အစာကြေစေပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။ ခေါက်ဆွဲကြော်လိုပဲ ဆီလျှော့ပါ။

    • ကြက်ကင်

    ကြက်သားကြော်စားတာထက် ကင်စားတာက ပိုပြီး အဆီစားမိနိုင်ခြေ နည်းပါတယ်။ အရင်ဆုံး ကြက်သားကို အရေခွံ ဖယ်လိုက်ပါ။ ပြီးရင်တော့ ကြက်သားကို ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ သကြားညို၊ ပဲငံပြာရည် အနောက်၊ ဆား နည်းနည်းတို့နဲ့ နယ်ပြီး ရေခဲသေတ္တာထဲမှာ ၄၅ မိနစ်လောက် နှပ်ထားပါ။ ပြီးရင် ဆီနည်းနည်းနဲ့ နှံ့အောင်နယ်ပြီး နောက်ထပ် နာရီဝက်လောက် ထပ်နှပ်ထားပေးပါ။ ပြီးရင်တော့ ကင်စက်ကို အပူပေးပြီး ကင်ပေးလို့ ရပါတယ်။

    ကင်တဲ့အခါမှာလည်း အပူချိန် နည်းနည်းနဲ့ အချိန်ကြာကြာလေး ကင်ပေးပါ။ ကြက်ကင်ကို တွဲစားဖို့ကတော့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် ခရမ်းချဉ်သီးလေးကို ပြုတ်ပြီး ကြက်သွန်ဖြူ ပါးပါးလှီး၊ နံနံပင်၊ ငရုတ်သီးစိမ်း တို့ထည့်ပြီး ဆားနည်းနည်းနဲ့ ဖျော်ပေးရမှာပါ။ ဒါဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး ပရိုတင်း၊ သံဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ နယူးရီးယား စားဖွယ် တစ်မျိုးကို ရရှိမှာပါ။

  • အရွက်သုပ်
  • ဒီနေရာမှာ မိမိနှစ်သက်ရာ အစိမ်းရောင် အရွက်တစ်မျိုးမျိုးကို သုပ်စားလို့ ရပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အအီပြေစေဖို့ဆိုရင် အရွက်ကို ရေနွေးဆူဆူထည့်ပြုတ်ပြီး အစိမ်းရောင် အနေလေးမှာ ဆယ်ပါ။ ပြီးရင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆားနည်းနည်း၊ သံပုရာသီး၊ နှမ်းဆီ နည်းနည်းတို့ကို ထည့်ပြီး သုပ်စားလို့ ရပါတယ်။ နှမ်းကြိုက်ရင်တော့ နှမ်းစေ့နည်းနည်း ဖြူးပြီး သုံးဆောင်လို့ ရပါတယ်။

    • စွပ်ပြုတ်

    အရည်သောက် တစ်ခုခု သောက်ချင်တယ်ဆိုသူတွေ အတွက် ကြက်ရိုး၊ ဝက်ရိုးစတာတွေကို ကြက်သွန်ဖြူ နိုင်နိုင်၊ ချင်း (ဂျင်း) နိုင်နိုင်နဲ့ ဆားနည်းနည်း ထည့်ပြီး တစ်နေကုန် ပြုတ်ထားပေးပါ။ သောက်ခါနီးမှ ငရုတ်ကောင်းလေး အရွက်လေး ခတ်ပေးတာက အာဟာရ ပြည့်ဝစေပြီး ကိုယ်ခံအားကိုပါ အားဖြည့်ပေးနိုင်မှာပါ။

    • ငါးသံပုရာပေါင်း

    ငါးကင်အစား ငါးသံပုရာပေါင်း စားတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နည်းပါ။ ငါးကို တီလားပီးယား သုံးလို့ ရသလို ကကတစ်ကို သုံးပေးရင်လည်း ရပါတယ်။ ငါးကို ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ စပါးလင်၊ ဆားနည်းနည်း၊ သကြားညိုနည်းနည်း၊ ပဲငံပြာရည် အနောက်နည်းနည်းလေးနဲ့ နှပ်ပြီး ငါးဗိုက်ထဲကို စပါးလင်ထုထားတာ၊ ပင်စိမ်း ၂ ခက်လောက် ရှမ်းနံနံ တစ်ပင်လောက်ကို နည်းနည်းလောက် ထုပြီး ငရုတ်သီးစိမ်း ထောင်းထားတာတွေကို ထည့်ပြီး ရေခဲသေတ္တာထဲမှာ ၃ နာရီကြာလောက် နှပ်ထားပေးပါ။ ဒီလို နှပ်ထားပြီးသား ငါးကို ငါးသံပုရာပေါင်း ချက်စားတာက ကျန်းမာရေးနဲ့ ညီညွတ်မှာပါ။

    သောက်စရာအနေနဲ့ ဆိုရင်တော့

    သောက်စရာတွေအနေနဲ့ကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ အရက်နာကျတာ ကင်းစေဖို့ အရက်၊ ဘီယာတွေကို တတ်နိုင်သမျှ လျှော့သောက်ပါ။ နှစ်မျိုး ရောသောက်တာမျိုးတွေ မလုပ်ပါနဲ့။ အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေနဲ့ ရောသောက်တာမျိုးလည်း မလုပ်ပါနဲ့။ သဘာဝ အသီးတွေကနေ ရတဲ့ ဝိုင်နဲ့ သစ်သီးဖျော်ရည်တွေကို သောက်ပေးတာက အကောင်းဆုံး ဖြစ်မှာပါ။ ဝိုင်တွေကိုလည်း အလွန်အကျွံ မသောက်ပါနဲ့လို့ ပြောပါရစေ။

    အခုပြောခဲ့တာတွေက အဆီတက်တာ၊ မအီမသာဖြစ်တာမျိုးတွေ မဖြစ်စေဘဲ နယူးရီးယားကို ကျန်းမာစွာ ကြိုဆိုနိုင်စေမယ့် စားသောက်မှုပါ။ ပရိသတ်ကြီးရော ဘယ်လို အစားအစာတွေ စားရင်း နယူရီးယားကို ကြိုမယ် စိတ်ကူးထားလဲဆိုတာကို ပြောပြပေးဦးနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement