backup og meta

ကျန်းမာရေးနှင့် ညီညွတ်သော်လည်း အလွန်အကျွံစားသုံးလျှင် ဘေးဖြစ်စေတတ်သော အစားအစာများ


Dr. Thant Zin မှ ရေးသားသည်။ · 01/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးနှင့် ညီညွတ်သော်လည်း အလွန်အကျွံစားသုံးလျှင် ဘေးဖြစ်စေတတ်သော အစားအစာများ

    မြန်မာဆိုရိုးစကားမှာ တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံရှိပါတယ်။ အစားအစာများနဲ့ ပတ်သက်ရင် အချို့သော အစားအစာများဟာ အာဟာရဓာတ်ကြွယ်ဝပြီး နေ့စဉ်စားသုံးသင့်တဲ့စာရင်းမှာ ပါဝင်ပါတယ်။ ဒါပေမယ့် ပုံမှန်ထက် လွန်ကဲစွာစားသုံးမိရင် ဘေးဥပဒ်ဖြစ်စေနိုင်ပါတယ်။

    ယခုဖော်ပြမှာကတော့ ပုံမှန်စားသုံးရင် ကျန်းမာရေးအတွက် ကောင်းပေမယ့် လွန်ကဲသွားရင် သင့်ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ အစားအသောက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

    Omega 3 နှင့် ငါးကြီးဆီ

    Omega 3 ဟာ ကျန်းမာရေးအတွက် အတော်လေး အထောက်အကူပြုပါတယ်။ ရောင်ရမ်းမှုကို လျော့ကျစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဦးနှောက်ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ နေရာက ပါဝင်ပါတယ်။ ဒါကြောင့် Omega 3 ကို ဆေးဝါးပုံစံနဲ့ပါ ထုတ်လုပ်လာကြပါတယ်။ ဒါပေမယ့် Omega 3 သုံးစွဲသင့်တဲ့ပမာဏကတော့ တစ်ရက်ကို ၁-၆ ဂရမ်နှုန်း ဖြစ်ပါတယ်။ အဆိုပါ ပမာဏထက်ကျော်လွန်သွားပြီး တစ်ရက်မှာ ၁၃-၁၄ ဂရမ်ခန့် သုံးစွဲမိပြီဆိုရင်တော့ သွေးကျဲစေတဲ့ အာနိသင်ဖြစ်ပေါ်စေပါတယ်။

    ဒါကြောင့် သွေးထွက်လွယ်သူတွေ၊ သွေးကျဲဆေး ပုံမှန်သောက်နေသူတွေအနေနဲ့ ဒီအချက်ကို သတိပြုရပါမယ်။ ဒါ့အပြင် ငါးကြီးဆီကို သုံးစွဲမှုများပြားရင် ဗီတာမင် A ရရှိမှု ပိုမိုများပြားလာပြီး အဆိပ်သင့်တဲ့အခြေအနေအထိ ဖြစ်လာနိုင်ပါတယ်။ ကလေးများနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ပိုမိုသတိပြုရပါမယ်။

    တူနာငါး

    တူနာငါးဟာ အဆီဓာတ်ကြွယ်ဝတဲ့ ငါးတစ်မျိုးဖြစ်ပြီး Omega 3 နဲ့ ပရိုတိန်းဓာတ် ကြွယ်ဝပါတယ်။ ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် တူနာငါးမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကတဆင့် ရရှိတဲ့ မီသိုင်းမာကျူရီပါဝင်မှု များပါတယ်။ မီသိုင်းမာကျူရီဟာ အာရုံကြောကို ဒုက္ခပေးတတ်ပါတယ်။ ကလေးများ ဖွံ့ဖြိုးမှုနှေးခြင်း၊ အမြင်အာရုံပြဿနာရှိခြင်း၊ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ထိန်းညှိလုပ်ဆောင်နိုင်မှုအားနည်းခြင်း၊ အကြားစွမ်းရည် အပြောစွမ်းရည် အားနည်းခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

    မီသိုင်းမာကျူရီကို ကိုယ်ခန္ဓာက လက်ခံနိုင်တဲ့ပမာဏဟာ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်မှာ ဝ.၁ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။ ဒီထက်ကျော်ရင် ဘေးဥပဒ်ဖြစ်စေပါတယ်။ သဘောကတော့ ကိုယ်အလေးချိန် ၂၅ ကီလိုဂရမ် (၅၅ ပေါင်) ရှိတဲ့ ကလေးတယောက်ဟာ ၁၉ ရက်အတွင်းမှာ တူနာငါးကို ၇၅ ဂရမ်ထိပဲ စားသင့်ပါတယ်။ အထူးသဖြင့် ကလေးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မာကျူရီပါတဲ့ ပင်လယ်ငါးတွေကို တစ်ပတ်မှာ နှစ်ကြိမ်ထက်ပိုပြီး မစားသင့်ပါဘူး။

    သစ်ကြံပိုး

    သစ်ကြံပိုးကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ တစ်ကမ္ဘာလုံးမှာသုံးကြပြီး ဆေးဘက်ဝင်အာနိသင်လည်း ရှိပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝပြီး ရောင်ရမ်းမှုကို ကျစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ကျစေခြင်း စတဲ့အာနိသင်တွေ ရှိပါတယ်။

    ဒါပေမယ့် သစ်ကြံပိုးမှာပါဝင်တဲ့ ကော်မရင် (coumarin) ဆိုတဲ့ ဓာတ်ပစ္စည်းဟာ ပမာဏများရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ကော်မရင်ကို တစ်နေ့တာသုံးစွဲသင့်တဲ့ နှုန်းကတော့ ကိုယ်အလေးချိန် တစ်ကီလိုဂရမ်မှာ ဝ.၁ မီလီဂရမ် ဖြစ်ပါတယ်။ ဒီထက်များသွားရင် အသည်းကိုထိခိုက်ခြင်း၊ ကင်ဆာဖြစ်ခြင်း စတဲ့ဆိုးကျိုးတွေ ကြုံလာနိုင်ပါတယ်။

    ဇာတိပ္ဖိုလ်သီး (nutmeg)

    ဇာတိပ္ဖိုလ်သီးဟာ အရသာထူးခြားပြီး ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သုံးစွဲကြပါတယ်။ ဇာတိပ္ဖိုလ်သီးမှာပါဝင်တဲ့ မိုင်ရီစတီဆင်ဆိုတဲ့ ဓာတ်ပစ္စည်းဟာ စိတ်ကို နှိုးဆွပေးနိုင်ပြီး ကျန်းမာရေးကို အကျိုးပြုပါတယ်။ ဒါပေမယ့် မိုင်ရီစတီဆင်ဓာတ် လွန်ကဲလာရင်တော့ တက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ပျို့အန်ခြင်း၊ မူးခြင်း၊ အာရုံမှားခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေ ကြုံလာနိုင်ပါတယ်။ ဇာတိပ္ဖိုလ်သီးကို တစ်ကြိမ်တည်းမှာ ၁၀ ဂရမ်ထက်ကျော်ပြီး မသုံးစွဲသင့်ပါဘူး။

    ကော်ဖီ

    ကော်ဖီဟာ ကမ္ဘာတစ်လွှားမှာ လူကြိုက်အများဆုံး စားသောက်ဖွယ်ရာစာရင်းဝင် ဖြစ်ပါတယ်။ ကော်ဖီမှာ အာရုံကြောစနစ်ကို နိုးကြားစေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ကြွယ်ဝပါတယ်။ ကဖိန်းကို တစ်နေ့တာ သုံးစွဲသင့်တဲ့ ပမာဏကတော့ ၄၀၀ မီလီဂရမ် ဖြစ်ပါတယ်။

    ကဖိန်းကို ၅၀၀-၆၀၀ မီလီဂရမ်ထက် ကျော်လွန်ပြီး သောက်သုံးရင်တော့ အိပ်မပျော်ခြင်း၊ ဂနာမငြိမ်ခြင်း၊ စိတ်ဆတ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကြွက်သားများတုန်ခြင်း စတဲ့ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ကော်ဖီရဲ့ အာနိသင်ဟာ လူတယောက်ချင်းစီအလိုက် သက်ရောက်ပုံချင်းတော့ မတူပါဘူး။ ကော်ဖီချစ်သူများအနေနဲ့ ချင့်ချိန်သောက်သုံးရမှာ ဖြစ်ပါတယ်။

    အသည်း

    တိရစ္ဆာန်များရဲ့ ကလီစာများအနက် အသည်းဟာ အာဟာရဓာတ်အများဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ သံဓာတ်၊ ဗီတာမင် A၊ ဗီတာမင် B12 နဲ့ ကြေးနီဓာတ်တွေ ပါဝင်ပါတယ်။ အသည်းဟာ အာဟာရဓာတ်ကြွယ်ဝပေမယ့် အလွန်အကျွံစားသုံးမိရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ဥပမာ အမဲအသည်း ၁၀၀ ဂရမ်မှာ ဗီတာမင် A နဲ့ ကြေးနီဓာတ်ဟာ တစ်နေ့တာ လိုအပ်ချက်ရဲ့ခြောက်ဆအထိ ပါဝင်တတ်ပါတယ်။ ဗီတာမင် A လွန်ကဲမှုဖြစ်တဲ့အခါ အမြင်အာရုံပြဿနာဖြစ်ခြင်း၊ အရိုးများနာကျင်ခြင်း၊ ကျိုးနိုင်ခြေများခြင်း၊ ပျို့အန်ခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေ ကြုံလာနိုင်ပါတယ်။

    Brazil nuts

    Brazil nuts ဟာ ဆီလီနီယံဓာတ် ကြွယ်ဝပါတယ်။ ပုံမှန်လူတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ပမာဏကတော့ ၅၀-၇၀ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။ ဆီလီနီယံဓာတ်ဟာ ကျန်းမာရေးကို အထောက်အကူပြုပေမယ့် လွန်ကဲသွားရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် လက်သည်းခြေသည်းများ ဆံပင်များကျွတ်ခြင်း၊ အစာအိမ်အူလမ်းကြောင်းပြဿနာများဖြစ်ခြင်း၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်း တစာတွေ ဖြစ်လာနိုင်ပါတယ်။ ဆီလီနီယံကို တစ်ရက်မှာ ၃၀၀ မီလီဂရမ်ထက် မကျော်သင့်ပါဘူး။ တနည်းပြောရရင် Brazil nut ၄-၅ ခုထက် ပိုမစားသင့်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 01/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement