မိုးအေးအေးလေးမှာ ကော်ဖီလေးသောက်လိုက်ရတာကတော်တော်လေးအရသာရှိတယ်နော်။ မနက်ခင်းမှာ ကော်ဖီမွှေးမွှေးလေးတစ်ခွက် သောက်လိုက်ရရင်ကို တစ်နေ့လုံးတက်တက်ကြွကြွ အလုပ်လုပ်နိုင်တယ်။ မနက်ခင်းကော်ဖီမသောက်ရရင် စိတ်တိုလာတယ်၊ ခေါင်းကိုက်လာတယ်ဆိုတာမျိုးတွေ ဖြစ်နေပြီလား။ ဒါဆိုရင်တော့ သင်ဟာကော်ဖီကို လိုတာထက်ပိုပြီး စွဲလမ်းနေပါပြီ။ ဒါက ကော်ဖီစွဲလမ်းမှု က ကြီးကြီးမားမား ကိစ္စမဟုတ်ပေမယ့် ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့ အခြေအနေဆိုရင်တော့ မွေးမထားတာကတော့ အကောင်းဆုံးဖြစ်မှာပါ။
ကော်ဖီက စွဲလမ်းစေတတ်လား………….
ကော်ဖီမှာပါတဲ့ ကဖင်းက စွဲလမ်းစေတတ်ပါတယ်။ တက်ကြွလန်းဆန်းစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် မနက်ခင်းမှာ ကော်ဖီလေးသောက်တတ်ကြသလိုနေ့ခင်းနေ့လယ် ပျင်းတဲ့အခါမျိုး၊ အိပ်ငိုက်တဲ့အခါမျိုးမှာလည်း စိတ်လန်းသွားအောင်ဆိုပြီး ကော်ဖီကို သောက်တတ်ကြပါတယ်။ တစ်ရက်နှစ်ရက်က ပြဿနာမရှိပေမယ့် တစ်ပတ်ကနေ နှစ်ပတ်၊ နှစ်ပတ်ကနေ ၁ လလောက်ကြာလာတဲ့အခါ ကော်ဖီကို အချိန်ကျရင် မသောက်ရမနေနိုင် ဖြစ်လာပါတယ်။ ဒီအခြေအနေကကော်ဖီစွဲလမ်းတဲ့အခြေအနေပါ။
ကော်ဖီစွဲလမ်းမှု ကို ဘယ်လိုဖြေရှင်းမလဲ…………
ကော်ဖီကို စွဲနေတာကို ချက်ချင်းဖြတ်ဖို့က ခက်ပါတယ်။ ဖြည်းဖြည်းချင်းပဲ လျှော့ချရမှာပါ။ ဒါမှ ထိခိုက်မှုကင်းကင်းနဲ့ ကော်ဖီစွဲလမ်းမှုကို ဖြေရှင်းနိုင်မှာပါ။
-
တစ်နေ့ကို ၂၅ ရာခိုင်နှုန်းလျှော့ချပေးပါ
ကော်ဖီကို ချက်ချင်းဖြတ်လိုက်ဖို့က မဖြစ်နိုင်ပါဘူး။ ဒီတော့ တဖြည်းဖြည်းချင်းလျှော့ချတာက အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။ ဒါကြောင့် ပုံမှန်သောက်နေတာက ၄ ခွက်ဆိုရင် ၃ ခွက်လောက်ဖြစ်အောင်လျှော့ချလိုက်ပါ။ တဖြည်းဖြည်းချင်းလျှော့ချမှုက ထိခိုက်မှုနည်းတဲ့ ကော်ဖီစွဲလမ်းမှု ကို ဖြေရှင်းနည်းပါ။
ကော်ဖီသောက်ချင်လာတဲ့အခါမျိုးမှာဖြစ်ဖြစ် အခြားကျန်တဲ့အချိန်တွေမှာဖြစ်ဖြစ် တစ်နေ့တာမှာ ရေပမာဏကို လုံလောက်အောင်သောက်ပေးပါ။ ရေလုံလောက်အောင် သောက်သုံးမှုကလည်း ကော်ဖီစွဲလမ်းမှု ကို ဖြေရှင်းတဲ့နေရာမှာ အသုံးဝင်ပါတယ်။
-
ပရိုတင်းစားပေးပါ
ကော်ဖီသောက်ချင်လာတဲ့အခါ ပရိုတင်းပါတဲ့ စားစရာ တစ်ခုခုကို စားပေးပါ။ ဒီလို ပုံမှန် လုပ်ဆောင်ပေးမှုက ကော်ဖီသောက်ချင်စိတ်ကို ဖြေဖျောက်ဖို့ အကောင်းဆုံး အကူအညီ ပေးနိုင်ပါလိမ့်မယ်။
ကော်ဖီသောက်ချင်လာတဲ့အခါတိုင်း ရေနွေးကြမ်းလေး သောက်ပေးပါ။ ဒီလိုလုပ်ပေးတာက ကော်ဖီစွဲလမ်းမှုကို တဖြည်းဖြည်းဖြေလျှော့ပေးဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။
ကော်ဖီ သောက်ချင်လာတဲ့အခါ ပီကေဝါးပေးပါ။ ခံတွင်းချဉ်တာကို သိသိသာသာ လျော့ပါးစေမှာပါ။
-
အိပ်လိုက်ပါ
ကော်ဖီ သောက်ချင်တဲ့စိတ်ကို ဖြေဖျောက်ဖို့အတွက် အသုံးဝင်မယ့် နောက်ထပ် နည်းလမ်း တစ်ခုက နေ့ခင်း ကော်ဖီ သောက်ချင်လာတဲ့ အချိန်မှာ တစ်ရေးလောက် အိပ်လိုက်တာပါ။
ကော်ဖီ စွဲလမ်းဖို့က အချိန်ယူခဲ့ရသလို ကော်ဖီဖြတ်ဖို့ ကလည်း တစ်ရက်တည်း နဲ့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် စိတ်ရှည်လက်ရှည်နဲ့ ဖြည်းဖြည်းချင်းပဲ သွားပေးပါ။
ကော်ဖီစွဲလမ်းနေပြီလား
[embed-health-tool-bmi]