backup og meta

အသည်းရောင်စီရောဂါရှိသူတွေ စားသင့်၊ ရှောင်သင့်တာဘာတွေလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောင်စီရောဂါရှိသူတွေ စားသင့်၊ ရှောင်သင့်တာဘာတွေလဲ

    အသည်း ရဲ့လုပ်ဆောင်ချက်က အဆိပ်အတောက်တွေဖယ်ရှားတာ၊ အစားအသောက်တွေကို ခွန်အားနဲ့အာဟာရဓာတ်တွေအဖြစ် ပြောင်းလဲပေးတာ စတဲ့နည်းလမ်း အမျိုးမျိုးနဲ့ ခန္ဓာကိုယ်ကို အကျိုးပြုနေတာဖြစ်ပါတယ်။ ဒါပေမယ့် အသည်းရောင်စီရောဂါရှိနေပြီဆိုရင်တော့ မကျန်းမာတော့တဲ့ အသည်းကို အရင်ကထက် ပိုပြီး ဂရုစိုက်ဖို့လိုလာပါတယ်။

    အသည်းရောင်စီရောဂါရှိသူတွေ စားသင့်၊ ရှောင်သင့်တာဘာတွေလဲ

    ကုသမှုခံယူနေတဲ့ကာလအတွင်းမှာ အာဟာရပြည့်တဲ့အစားအသောက်တွေစားပေးမှ ကိုယ်ခံအားကို တိုးတက်စေပြီး အသည်း လုပ်ဆောင်ချက်ကို မြှင့်တင်နိုင်မယ်၊ အသည်းခြောက်ခြင်းအထိ ဖြစ်မလာအောင် ကာကွယ်နိုင်မယ်။ ဒါပေမယ့် တချို့အစားအသောက်တွေကတော့ အသည်းရောဂါကို ပိုဆိုးစေနိုင်လို့ ရှောင်သင့်တာတွေရှိပါတယ်။

    ဒါတွေကို ရှောင်ပါ

    ပင်လယ်စာ

    ပင်လယ်စာတွေမှာ အသည်းရောင်စီရောဂါရှိသူတွေ အတွက် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေပါနေနိုင်ပါတယ်။ ဒါ့အပြင် တချို့မှာ သံဓာတ်ပါဝင်မှုမြင့်မားတာကြောင့် အသည်းရောင်စီပိုးရှိသူတွေ ရှောင်သင့်ပါတယ်။

    အားဆေး

    အားဆေးတွေက ကိုယ့်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကို လွယ်လွယ်ကူကူဖြည့်စွက်ပေးနိုင်တဲ့ အရာတွေလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် အသည်းရောဂါရှိသူတွေမှာတော့ သံဓာတ် သို့မဟုတ် ဗီတာမင် အေ တို့လို ဓာတ်တွေများသွားရင် အသည်းကို ပိုပြီးထိခိုက်စေနိုင်ပါတယ်။ ကိုယ့်ရဲ့ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုပဲ သောက်သင့်ပါတယ်။

    အငန်

    အသည်းရောင်စီရောဂါရင့်လာတဲ့ လက္ခဏာတွေထဲမှာ အရည်ဓာတ်စုခြင်းနဲ့ ဖောရောင်ခြင်း တို့ပါဝင်ပါတယ်။ ဒါ့ကြောင့် ဗိုက်နဲ့ခြေထောက်မှာ အရည်တွေစုပြီးဖောရောင်တာတွေ မဖြစ်အောင် အငန်လျှော့စားပါ။ အငန်ဓာတ်က တချို့အစားအသောက်တွေမှာ ပုန်းခိုပါဝင်နေတာကိုလည်း သတိထားရပါမယ်။ ဥပမာ အာလူးကြော်၊ ဝက်အူချောင်းတို့လို ပြုပြင်စီမံထားတာတွေ၊ အသင့်စား အစားအစာတွေမှာ ပါဝင်တဲ့အငန်ဓာတ်က မနည်းပါဘူးနော်။

    အချို

    အသည်းဖြစ်တာ၊ ဆီးချိုဖြစ်တာမှမဟုတ်တာ လို့ မတွေးပါနဲ့။ အချိုစားတာများရင် အသည်းအဆီဖုံးခြင်း၊ ဝလာခြင်း၊ အင်ဆူလင်မတုံ့ပြန်နိုင်ခြင်း တို့ဖြစ်စေနိုင်တယ်။ အချိုကို လျှော့စားပါ။

    ဒါတွေ စားပါ

    ကော်ဖီ

    ကော်ဖီက အသည်းရောင်စီပိုးရောဂါအဆင့်တက်ခြင်းကို နှေးစေပြီး အသည်းကင်ဆာနဲ့ အသည်းခြောက်ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် အသင့်သောက်ကော်ဖီထုပ် ဒါမှမဟုတ် အချိုအဆိမ့်များတဲ့ ကော်ဖီတော့ မဟုတ်ဘူးပေါ့နော်။

    အနှံ

    အနှံတွေက အမျှင်ဓာတ်ကြွယ်ဝလို့ လူတိုင်းအတွက် သင့်တော်တယ်ဆိုပေမယ့် အသည်းရောင်စီပိုးရှိသူတွေအတွက် ပိုပြီးကောင်းတဲ့ အထူးအစားအစာတစ်မျိုးပါ။ ဒါကိုများများစားရင် ဆီးချိုဖြစ်နိုင်ခြေလျော့နည်းစေနိုင်တယ်။ ဆန်လုံးညို၊ အုတ်ဂျုံ၊ မုယောစပါးတို့လို အနှံတွေကနေ အာဟာရဓာတ်တွေ ပိုရနိုင်ပါတယ်။

    ရေ

    ရေဓာတ်ပြည့်ဝအောင်နေဖို့က ကျန်းမာရေးအတွက် မဖြစ်မနေအရေးပါတဲ့အချက်ပါ။ ရေကိုလုံလောက်အောင်သောက်ခြင်းအားဖြင့် မအီမသာဖြစ်တာ၊ မောပန်းနွမ်းနယ်တာတို့လို အသည်းရောင်စီရောဂါရဲ့ လက္ခဏာတွေကို ဟန့်တားနိုင်ပါတယ်။

    အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်

    အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေများများစားဖို့ အရေးကြီးတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ အထူးသဖြင့် အသည်းရောင်စီရောဂါရှိသူတွေမှာပေါ့။ ဖရဲသီး၊ ကန်စွန်းဥ၊ ဘယ်ရီသီးတွေလို အရောင်တောက်တာတွေက ခွန်အားတိုးစေပြီး နွမ်းနယ်မှုကို သက်သာစေနိုင်ပါတယ်။ ဒီအချက်က အသည်းရောင်စီရောဂါရဲ့ကုထုံးခံယူနေချိန်အတွင်း လိုအပ်တဲ့အချက်ပါပဲ။ နောက်တစ်ချက်က ကိုယ်အလေးချိန်ထိန်းတဲ့နေရာမှာလည်း အထောက်အကူပေးပါသေးတယ်။

    အသားဓာတ်

    အသားဓာတ်ပါဝင်တာတွေ စားဖို့လည်း သိပ်အရေးကြီးပါတယ်။ အသားဓာတ်က အသည်းရောင်စီဗိုင်းရပ်စ်ကြောင့် ပျက်စီးသွားတဲ့ အသည်းဆဲလ်တွေကို ပြုပြင်၊ အစားထိုးဖို့ ကူညီပေးနိုင်ပါတယ်။ အဆီမပါတဲ့အသား၊ ငါး၊ ကြက်ဥ၊ ပဲအမျိုးမျိုး က အကောင်းဆုံးအရင်းအမြစ်တွေပါပဲ။

    ကဲ ….. အသည်းရောင်စီရောဂါရှိသူတွေ အခုပြောခဲ့တဲ့ ဆောင်ရ ရှောင်ရမှာလေးတွေကို သတိထားဆင်ခြင်ပြီး ကျန်းမာအောင် နေထိုင်လိုက်စို့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 23/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement