ရေသောက်ပါ
ခန္ဓါကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကိုရေတွေနဲ့ဖွဲ့စည်းထားတာပါ။ရေက ဦးနှောက်ကနေစလို့၊ ခန္ဓါကိုယ် ကိုယ်တွင်းအင်္ဂါနဲ့ အရေပြားအထိကောင်းမွန်စွာလည်ပတ်နိုင်အောင်လုပ်ဆောင်ပေးထားပါတယ်။ သင်္ကြန်ရေဆော့တဲ့အခါရေသောက်ဖို့မေ့နေနိုင်ပါတယ်။ သတိထားပြီးရေသောက်ပေးပါ။ရေဓါတ်နည်းတဲ့အခါ ကြွက်တက်တာ၊ မူးဝေတာနဲ့ခြေကုန်လက်ပန်းကျတာတွေဖြစ်နိုင်လို့ ဆီးအောင့်တာ ဆီးကျဉ်တာမျိုးတွေလည်းဖြစ်စေနိုင်ပါတယ်။နောက်တစ်ခုက ကျောက်ကပ်ထိခိုက်စေနိုင်တာပါ။
ဒါကြောင့်နေ့စဉ်ခန္ဓါကိုယ်အတွက် သန့်ရှင်းတဲ့ရေကို လုံလောက်တဲ့ ပမာဏရရှိစေဖို့ သတိထားပေးပါ။
အယ်လ်ကိုဟော သတိပြုပါ
သင်္ကြန်ကာလမှာ ပုံမှန်ထက်ပိုပြီး အယ်လ်ကိုဟောသောက်မိနိုင်ပါတယ်။ အယ်လ်ကိုဟောပမာဏက ခန္ဓါကိုယ်ထဲမှာ အရမ်းများသွားတဲ့အခါ အရက်နာကျတာမျိုးဖြစ်နိုင်ပါတယ်။ အရက်တွေ ဘီယာတွေသောက်နေရင်းက နှလုံးခုန်နှုန်းက ပုံမှန်ထက်မြန်လာမယ်၊ မျက်လုံးအဖြူသားတွေ နီလာမယ်၊ ဆူညံသံတွေကြားတဲ့အခါ စိတ်တိုလွယ်လာမယ်၊ခေါင်းထဲက ရိပ်တိပ်တိပ်မူးလာမယ်၊အော့အန်မယ်ဆိုရင်တော့သွေးတွင်း အယ်လ်ကိုဟောပမာဏတော်တော်လေးများနေပါပြီ။နောက်တစ်နေ့ အရက်နာကျဖို့ကသေချာနေပါပြီ။
အရက်တွေကို အလွန်အကျွံသောက်တဲ့အခါ ကျန်းမာရေးကိုထိခိုက်စေနိုင်သလို ခိုက်ရန်ဖြစ်ပွားတာ၊မျှော်လင့်မထားတဲ့ အမှားတွေကျူးလွန်မိတာ၊ မလိုအပ်ဘဲ ထိခိုက်အနာတရ ရရှိတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် အပျော်လွန်ပြီး အယ်လ်ကိုဟောတွေ အများကြီးသောက်မိတာမျိုးမဖြစ်ဖို့လိုပါတယ်။လေဒီတွေဆိုရင်လည်း အယ်လ်ကိုဟောသောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းနည်းသွားနိုင်ပါတယ်။
ကားနဲ့လည်တဲ့သူတွေအနေနဲ့လည်း အယ်လ်ကိုဟောကို မသောက်သင့်ပါဘူး။ မလိုအပ်ဘဲ ခိုက်ရန်ဖြစ်ပွားပြီး ထိခိုက်မှုတွေဖြစ်နိုင်တာကြောင့်ပါ။ ကားမောင်းမယ့်သူတွေဆိုရင် ပိုပြီး မသောက်သင့်ပါဘူး။ နောက်တစ်ချက်သတိထားရမှာက သင်္ကြန်လည်တဲ့အခါ အထူးသဖြင့် မဏ္ဍပ်ထိုင်တဲ့အခါ သူတပါးကတိုက်တဲ့ အချိုရည်နဲ့သောက်စရာတွေကို မသောက်ဖို့ပါ။
ဆီးနဲ့ပတ်သက်တဲ့ဝေဒနာတွေ ကာကွယ်ပါ
သင်္ကြန်လည်တဲ့အခါပဲဖြစ်ဖြစ် မဏ္ဍပ်ထိုင်တဲ့အခါပဲဖြစ်ဖြစ် ဆီးသွားဖို့က သိပ်တော့မလွယ်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ဆီးသွားဖို့ အဆင်မပြေတာကြောင့်ရေသိပ်မသောက်ဘဲနေတာမျိုးလည်းဖြစ်နိုင်သလို ဆီးသွားချင်ရက်နဲ့ မသွားဘဲအောင့်ထားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီလိုလုပ်တဲ့အခါ ဆီးအောင့်တာ၊ ဆီးကျဉ်တာနဲ့ ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေရှိလာနိုင်ပါတယ်။
အသားအရေ နဲ့ ဆံသားထိခိုက်ပျက်စီးမှုမဖြစ်အောင် ဂရုစိုက်ပါ
သင်္ကြန်ကနွေရာသီအလည်ပိုင်းမှာကျရောက်တာဖြစ်တာကြောင့် အပူချိန်အမြင့်ဆုံးဖြစ်နေတဲ့အနေအထားမှာလေဒဏ်ရောရေဒဏ်ပါရောလိုက်တဲ့အခါ အသားအရေ မပျက်စီးဘဲနေဖို့ဆိုတာက ပုံမှန်တော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အသားအရေမှာနေလောင်တာ၊ရေဓါတ်နည်းတာကြောင့် အသားအရေခြောက်သွေ့ပျက်စီးတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်ရေဓါတ်ပြည့်ဝအောင်သောက်သုံးပြီး ကဖင်းနဲ့ အယ်လ်ကိုဟောပါတာတွေကိုလျော့ပြီးသောက်သုံးဖို့လိုသလို အသားအရေကိုရေဓါတ်ဖြည့်ပေးတဲ့ body lotionတွေလူးဖို့လိုပါမယ်။ မျက်နှာအသားအရေကို moisturizer လူးပေးရပါမယ်။နောက်တစ်ချက်ကလေဒီတွေရော ကိုကိုတွေရော အသားအရေကိုနေလောင်ကာခရင်မ် လူးပေးဖို့ပါ။ရေပက်ခံကပြန်လာတိုင်းနဲ့ မဏ္ဍပ်ကနေပြန်လာတိုင်းမှာရေနဲ့ဆပ်ပြာအသုံးပြုရေချိုးပါ။ အသားအရေကို အားဖြည့်ပေးနိုင်မယ့် lotion မျိုးမျိုးလူးပေးပြီး အိပ်ရေးဝအောင်အိပ်ပါ။
ဆံသားကနေရောင်နဲ့ရေမျိုးစုံနဲ့ထိတွေ့မှုကြောင့် ထိခိုက်ပျက်စီးနိုင်သလိုကောက်တာ၊ဖြောင့်တာနဲ့ အရောင်ဆိုးတာတွေကြောင့်လည်း ပျက်စီးနိုင်ပါတယ်။ ညနေသင်္ကြန်လည်ပြီးပြန်လာတဲ့အခါခေါင်းကိုစင်နေအောင်လျှော်ပြီး အဆီတစ်မျိုးမျိုးလူးထားပေးပါ။
သင်္ကြန်ပျော်ရင်း ကျန်းမာရေးထိခိုက်တာတွေ မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်စေဖို့ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်နေထိုင်ကြဖို့ တိုက်တွန်းပါရစေ။ပျော်စရာကောင်းတဲ့မြန်မာ့နှစ်သစ်ကူးချိန်ခါကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။