brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မနက်စာလွတ်ခြင်းနဲ့ ကျန်းမာရေး

မနက်စာ ဆိုတာက တစ်နေ့တာ အတွက် အရေးအပါဆုံး အစားအစာပါ။ ဒီတစ်ခေါက်တော့ မနက်စာ မစားရင်ဘာတွေဖြစ်နိုင်လဲဆိုတာကို ပြောပြပေးချင်တာပါ။ ဒီတော့ မနက်စာလွတ်ခြင်းနဲ့ ကျန်းမာရေး အကြောင်း အတူတူ ကြည့်လိုက်ရအောင်နော်။

မနက်စာလွတ်ခြင်းနဲ့ ကျန်းမာရေး

မနက်စာလွတ်ခြင်းနဲ့ ကျန်းမာရေး

အစစ အရာရာ အမြန်အဆန် လုပ်နေရတဲ့ ဒီခေတ်ကြီးမှာ လူငယ် အတော်များများ အလုပ် သွားဖို့၊ ကျောင်း သွားဖို့အတွက် အချိန် ပေးရတဲ့အတွက် မနက်စာ လွတ်တတ်ကြပါတယ် ။ ဒီလို လွတ်တတ်တယ် ဆိုရင်တော့ မနက်စာလွတ်ခြင်းနဲ့ ကျန်းမာရေး အကြောင်းကို သိထားဖို့ လိုနေပါပြီနော်။

ညအိပ်ရာ ဝင်တာ နောက်ကျခြင်း ၊ ကားလမ်း ပိတ်ခြင်းတွေကြောင့် စောစော ကြိုသွားရခြင်းတွေကြောင့် မနက်စာ ကို တစ်ခါတစ်လေ လွတ်တတ်ကြပါတယ် ။ ဒါက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လို သက်ရောက်မှု ရှိစေသလဲ ။

လူ့ခန္ဓာကိုယ်ရဲ့ စွမ်းအင် လိုအပ်ချက်ကို အစာထဲမှာ ပါတဲ့ အာဟာရ‌ဓာတ်တွေကပဲ အဓိက ရယူပါတယ် ။ လူတွေကသာ ညဘက် အိပ်နေပေမဲ့ ခန္ဓာကိုယ်ကတော့ အသက်ရှင်ဖို့ လုပ်ငန်းတွေ လုပ်ဆောင်နေရဆဲပါ ။

ခန္ဓာကိုယ် တစ်ခုလုံး အသက်ရှင်ဖို့ အတွက် အာဟာရဓာတ်တွေကို ညတစ်ညလုံး သုံးထားတဲ့အတွက် မနက်ခင်းမှာ အာဟာရဓာတ်တွေ အထူးသဖြင့် သကြားဓာတ်တွေက နည်းနေပါတယ် ။

အဲ့ဒီအချိန်မှာ မနက်စာ လွတ်တဲ့အတွက် အာဟာရ မရရင် နဂို ကတည်းက အာဟာရဓာတ် နည်းနေတဲ့ အချိန် ဖြစ်တဲ့ အတွက် ပိုပြီး သိသာစေပါတယ် ။

ခန္ဓာကိုယ် အတွက် ဦးနှောက်က မော်တော် အင်ဂျင် တစ်လုံးလို့ တင်စားရရင် သကြားဓာတ်တွေက အားဖြည့်ပေးတဲ့ ဓါတ်ဆီလို့ ခေါ်နိုင်ပါတယ် ။

မနက်ခင်းမှာ အာဟာရ မရှိတော့ ဦး‌နှောက် မကြည်တဲ့ အတွက် အာရုံစိုက်တာ အားနည်းခြင်း ၊ ဒေါသထွက် လွယ်ခြင်း ၊ စိတ်ဂနာမငြိမ် ဖြစ်ခြင်း ၊ ချွေးစေးထွက်ခြင်း ၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းတွေ နဲ့ သကြားဓာတ် အရမ်း ကျရင် သတိလစ်ခြင်းတွေ အထိ ဖြစ်နိုင်ပါတယ် ။

မနက်စာ မစားရတာ ရေရှည် ကြာလာတဲ့ အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ဇီဝ ဖြစ်စဉ်တွေ ပြောင်းလဲပြီး အဝလွန်ခြင်း ၊ ဟော်မုန်းများ အပြောင်းအလဲ ဖြစ်ပြီးတော့ စိတ်တိုလွယ်ခြင်းတွေ ဖြစ်တတ်ပါတယ် ။

အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲတွေ ဖြစ်တဲ့ နှလုံးရောဂါ ၊ သွေးတိုး နဲ့ နှလုံးသွေးကြောကျဉ်း ဝေဒနာတွေလည်း ခံစား ရနိုင်ပါတယ် ။

ဒီလို မဖြစ်စေ ရအောင် တတ်နိုင်သမျှတော့ မနက်စာ စားသင့်ပါတယ်။ အာဟာရ ဖြစ်စေတဲ့ အစားအစာတွေ ၊ သစ်သီးဝလံတွေ စားတာက အားရှိ စေတဲ့အပြင် ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့ အတွက် မနက်စာ စားဖို့ အကြံပြု လိုပါတယ် ။

အားလုံးကို ကျေးဇူးတင်ပါတယ်

ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/03/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။