backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဗီတာမင် အေ များများရရှိစေမယ့် အစားအစာ (၈) မျိုး


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဗီတာမင် အေ များများရရှိစေမယ့် အစားအစာ (၈) မျိုး

ဗီတာမင် အေက မျက်စိအမြင်အာရုံကျန်းမာရေးအတွက် အရေးပါတယ်လို့သိကြပါတယ်။ ဗီတာမင် အေ က ဆဲလ်တွေကြီးထွားဖို့ထောက်ပံ့ပေးသလိုနှလုံး၊အဆုတ်နဲ့ အခြားသောအရေးပါတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ ဒီလိုအရေးကြီးတဲ့ ဗီတာမင် အေ ကိုခန္ဓါကိုယ်က မထုတ်ပေးနိုင်တာကြောင့် အစားအစာတွေကနေတဆင့် ရယူရပါတယ်။ အားဆေးလွယ်လွယ်ဝယ်သောက်လိုက်မယ့်အစား အစားအသောက်ကနေ များများရနိုင်တော့ မကောင်းဘူးလား။ ဒါ့ကြောင့် ဗီတာမင်အေ ကြွယ်ဝတဲ့အစားအစာတွေပြောပြလိုက်မယ်နော်။

(၁) ငရုတ်ပွအနီ

ဗီတာမင်အေဆိုတာရက်တီးနွိုက်လို့ခေါ်တဲ့ ဓါတ်ပစ္စည်းအုပ်စုဖြစ်ပါတယ်။ ငရုတ်ပွအနီဟာ အရသာချိုပြီး အနံ့မွှေးတာမို့ ဟင်းထဲထည့်ချက်တာအဆင်ပြေပါတယ်။ ဒီငရုတ်ပွမှာ ဗီတာမင်အေ ကြွယ်ဝလို့ တစ်လုံးလောက်ချက်စားရင်ပဲ တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်အေပမာဏကို တဝက်လောက်ပြည့်ဝစေပါတယ်။

(၂) ဟင်းနုနွယ်

ဗီတာမင်အေ မှာ အမျိုးအစားနှစ်မျိုးရှိပါတယ်။Preformed vitamin A လို့ခေါ်တဲ့ ပထမတစ်မျိုးမှာ ကြက်၊ဝက်၊အသား၊ငါးနဲ့ နို့ထွက်ပစ္စည်းတွေပါဝင်ပြီး ခန္ဓါကိုယ်ထဲမှာ ဗီတာမင်အေအဖြစ်ပြောင်းလဲချက်လုပ်ဖို့မလိုတဲ့ အရံသင့်အမျိုးအစားဖြစ်ပါတယ်။

ဒုတိယအမျိုးအစားprovitamin A မှာတော့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေပါဝင်ပြီး ခန္ဓါကိုယ်ထဲရောက်မှ ဗီတာမင်အေဖြစ်လာအောင်ပြုပြင်ချက်လုပ်ရတာဖြစ်ပါတယ်။ ဟင်းနုနွယ်က ဒီအမျိုးအစားဝင် ဗီတာမင်အေ ကြွယ်ဝတဲ့ အရွက်တစ်မျိုးဖြစ်လို့ မကြာခဏစားပေးပါ။

(၃) အမဲအသည်း

အမဲသားမစားတဲ့သူတွေအတွက်တော့ရွေးချယ်စရာမဟုတ်ပေမယ့် အမဲအသည်းဟာ ဗီတာမင်အေကြွယ်ဝပြီး ကိုယ်ခံအားကို ဝုန်းခနဲမြင့်တက်စေနိုင်စွမ်းရှိပါတယ်။ သူကရောဂါပိုးတွေကို ခုခံတိုက်ခိုက်မယ့် ပဋိပစ္စည်းတွေကိုလည်း အကူအညီပေးပါတယ်။

(၄) ကန်စွန်းဥ

ဗီတာမင်အေ ကြွယ်ဝတဲ့ ကန်စွန်းဥကိုပြုတ်စားစား၊ ဖုတ်စားစား၊ မုန့်ပဲလုပ်စားစား အဆင်ပြေပါတယ်။ အကောင်းဆုံးက မီးဖုတ်စားတာပါပဲ။ ကန်စွန်းဥမီးဖုတ်တစ်လုံးစာဆို တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၅၀၀ ရာခိုင်နှုန်းထက်ကျော်ပါတယ်။

(၅) ရေခဲမုန့်

ရေခဲမုန့်လေးစားရင်း ဗီတာမင်အေ ရမယ်ဆိုတော့ မိုက်တယ်မလား။ရေခဲမုန့်တစ်ခွက်မှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းပါနိုင်တယ်နော်။

(၆) ဖရုံသီးမုန့်

သရေစာမုန့်အနေနဲ့ဆို ဖရုံသီးနဲ့လုပ်တဲ့မုန့်ကိုရွေးပါ။ ရွှေဖရုံသီးမှာ ဗီတာမင်အေအဖြစ် ပြောင်းလဲပေးတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ ဘီတာကယ်ရိုတင်းကြွယ်ဝပါတယ်။

(၇) မုန်လာဥနီ

မုန်လာဥနီစားရင် မျက်စိအားကောင်းတယ်ဆိုတာ ဗီတာမင်အေ ပါဝင်မှုကြောင့်ပါ။ ဒါ့ကြောင့် မုန်လာဥနီကိုဖျော်ရည်လုပ်သောက်တာ၊ကြော်စားတာ၊ ဟင်းရည်ထဲထည့်တာ၊ပြုတ်စားတာ၊ အစိမ်းစားတာ ကြိုက်တဲ့နည်းနဲ့စားပါ။

(၈) ဖြည့်စွက်စာ

တကယ်လို့အစားအသောက်ကနေအလုံအလောက်မရနိုင်ဘူး၊ ခန္ဓါကိုယ်ကလည်း လိုအပ်နေတယ်ဆို ဆရာဝန်ညွှန်ကြားချက်နဲ့ ဗီတာမင် အားဆေးသောက်လို့ရပါတယ်။ ဒါမှမဟုတ် ဗီတာမင်အေဖြည့်စွက်ထားတဲ့ကွေကာ၊နွားနို့၊ နို့မှုန့်စတဲ့ စားသောက်ကုန်တွေလည်းရှိတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Yun Sandi Nan Mon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement