home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သိပ္ပံနည်းကျတွေ့ရှိထားသော ဗီတာမင် B12 ၏ အကျိုးကျေးဇူးများ

သိပ္ပံနည်းကျတွေ့ရှိထားသော ဗီတာမင် B12 ၏ အကျိုးကျေးဇူးများ

ဗီတာမင် B12 ဟာ ကိုယ်ခန္ဓာကနေ မရှိမဖြစ် လိုအပ်တဲ့ဗီတာမင်ပဲ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကနေ မထုတ်လုပ်နိုင်ဘဲ တိရစ္ဆာန်အသားများ စားသုံးရာကနေ ရရှိပါတယ်။ ဗီတာမင် B12 ဟာ အာရုံကြောဆဲလ်တွေ ပုံမှန်လုပ်ငန်းဆောင်ရွက်နိုင်ဖို့၊ ဒီအန်အေဖွဲ့စည်းနိုင်ဖို့ အထောက်အကူပြုပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် တစ်နေ့တာလိုအပ်ချက်ကတော့ ၂.၄ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဗီတာမင် B12 ရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

၁။ သွေးနီဥဆဲလ်များ ဖွဲ့စည်းနိုင်ရန် ကူညီခြင်း

ဗီတာမင် B12 အားနည်းရင် သွေးနီဥဆဲလ်တွေ ကောင်းစွာ ဖွဲ့စည်းနိုင်ခြင်း မရှိပါဘူး။ ပုံမှန်သွေးနီဥဆဲလ်တွေဟာ သေးငယ်ပြီး လုံးဝန်းပေမယ့် ဗီတာမင် B12 ချို့တဲ့ချိန်မှာတော့ ကြီးမားပြီး ဘဲဥပုံ ဖြစ်သွားပါတယ်။ သွေးနီဥဆဲလ်တွေ အရွယ်အစားကြီးပြီး ပုံပျက်သွားတာကြောင့် ရိုးတွင်းခြင်ဆီထဲကနေ သွေးထဲကို ကောင်းကောင်းမရောက်နိုင်ရင် သွေးအားနည်းခြင်း ဖြစ်စေနိုင်ပါတယ်။ ဗီတာမင် B12 ပုံမှန်ရရှိမှသာ သွေးနီဥဆဲလ်တွေ ကောင်းစွာ ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။

၂။ မွေးရာပါချို့ယွင်းချက်များကို ကာကွယ်ပေးနိုင်ခြင်း

ကိုယ်ဝန်ဆောင်ကာလမှာ ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ် ကောင်းစွာ ဖွံ့ဖြိုးနိုင်စေဖို့ ဗီတာမင် B12 ကို လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ဗီတာမင် B12 ချို့တဲ့ရင် အာရုံကြောချို့ယွင်းခြင်း အပါအဝင် မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်ပေါ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဗီတာမင် B12 ပမာဏဟာ 250 mg/dL ထက်လျော့နည်းရင် ကလေးဟာ မွေးရာပါချို့ယွင်းချက် ဖြစ်နိုင်ခြေများစေတယ်လို့ ဆိုပါတယ်။

၃။ အရိုးများကို အထောက်အကူပြုခြင်း

ဗီတာမင် B12 လျော့နည်းသူတွေမှာ အရိုးအတွင်းသတ္တုဓာတ်နည်းသွားပြီး အရိုးသိပ်သည်းဆ နည်းခြင်း၊ အရိုးပွခြင်းတွေ ဖြစ်တတ်ပါတယ်။ အရိုးများမှာ သတ္တုဓာတ်နည်းလာတာနဲ့အမျှ ကျိုးပဲ့လွယ်လာပါတယ်။ အဲဒီကနေ အရိုးပွခြင်းကို ဦးတည်စေပါတယ်။ ဗီတာမင် B12 ဟာ သင့်တော်သောပမာဏရှိမှသာ အရိုးပွခြင်းမဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၄။ မျက်စိအမြင်လွှာ ပျက်စီးမှုကို လျှော့ချပေးခြင်း

မျက်စိအမြင်လွှာဟာ အသက်ကြီးလာတာနဲ့အမျှ ချို့ယွင်းပျက်စီးလာပြီး အမြင်အာရုံကို ထိခိုက်စေလာနိုင်ပါတယ်။ ဗီတာမင် B12 ပမာဏကို သင့်တော်တဲ့ပမာဏမှာ ထိန်းသိမ်းထားပေးခြင်းဟာ အသက်အရွယ်ကြီးလာလို့ ဖြစ်တတ်တဲ့ မျက်စိအမြင်လွှာထိခိုက်ခြင်းကို သက်သာစေတယ်လို့ သုတေသနအချို့မှာ ဖော်ပြထားပါတယ်။

၅။ စိတ်ပိုင်းဆိုင်ရာကို တိုးတက်ကောင်းမွန်စေခြင်း

ဗီတာမင် B12 ဟာ စိတ်ကိုထိန်းညှိပေးနိုင်တဲ့ ဆီရိုတိုနင်ဟော်မုန်း ဖွဲ့စည်းခြင်းနဲ့ ဇီဝဖြစ်စဉ်တွေမှာ အရေးပါတဲ့နေရာက ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် B12 ချို့တဲ့ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းဟာ ဆက်နွယ်နေတယ်လို့ သိရပါတယ်။ စိတ်ဓာတ်ကျချိန်မှာ ဗီတာမင် B12 ချို့တဲ့ရင် ပိုမို ဆိုးရွားစေပါတယ်။

၆။ အာရုံကြောဆဲလ်များ ပျက်စီးမှုကို ကာကွယ်ပေးခြင်း

ဗီတာမင် B12 ချို့တဲ့ရင် မှတ်ဉာဏ်လျော့ကျစေနိုင်ပါတယ်။ အထူးသဖြင့် လူကြီးပိုင်းတွေမှာ ဖြစ်ပါတယ်။ ဗီတာမင် B12 ဟာ အာရုံကြောဆဲလ်များ ပျက်စီးပြီး ဦးနှောက်သားများ သေးကျုံ့သွားခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဗီတာမင် B12 ဟာ မှတ်ဉာဏ်ပိုင်းဆိုင်ရာကို တိုးတက်စေပါတယ်။

၇။ စွမ်းအင်မြှင့်တင်ပေးခြင်း

ကိုယ်ခန္ဓာကနေ စွမ်းအင်ထုတ်လုပ်နိုင်ဖို့ ဗီတာမင် B12 အပါအဝင် ဗီတာမင် B အုပ်စုတခုလုံးကို လိုအပ်ပါတယ်။ အထူးသဖြင့် အားဖြည့်ဆေးတွေ စားသုံးရင် ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ဗီတာမင် B အားဖြည့်ဆေးတွေ သုံးစွဲတော့မယ်ဆိုရင် နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်သင့်ပါတယ်။

၈။ နှလုံးကျန်းမာရေးကို အထောက်အကူပေးခြင်း

သွေးထဲမှာ homocysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်များပြားခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေများစေတယ်လို့ သိရပါတယ်။ သုတေသနတွေအရ ဗီတာမင် B12 ဟာ homocysteine ကို လျှော့ချပေးနိုင်တာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေ အန္တရာယ်ကို လျှော့ချပေးနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ကို အတည်ပြုနိုင်ဖို့ သုတေသနတွေ လိုအပ်ပါသေးတယ်။

၉။ ဆံပင်၊ အသားအရေ၊ လက်သည်းခြေသည်းများအတွက် အထောက်အကူပြုခြင်း

ဗီတာမင် B12 ဟာ အလှအပရေးရာကိစ္စတွေမှာလည်း အရေးပါပါတယ်။ ဗီတာမင် B12 ချို့တဲ့နေရင် အရေပြားပေါ် အစက်အပြောက်များထင်ခြင်း၊ လက်သည်းများ အရောင်မှိန်ခြင်း၊ ဆံသားများပျက်စီးခြင်း၊ အရေပြားအကွက်ထခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အသားအရေလှပပြီး ဆံသားတွေ လှပဖို့ ဗီတာမင် B12 ကို ပုံမှန်ထိန်းသိမ်းပေးဖို့ လိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Thant Zin မှ ရေးသားသည်။ 03/06/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။