ဇီးဖြူသီးကို ဖျော်ရည်လုပ်သောက်တာ၊ ကြော်စားတာ၊ ထောင်းစားတာမျိုးတွေ ရှိပါတယ်။ဆေးဖက်ဝင်တဲ့အသီး တစ်မျိုးလို့လည်း ဆိုကြပါတယ်။ ဇီးဖြူသီးမှာ ဗီတာမင် C နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်ပါတယ်။ ဇီးဖြူသီးကို နေ့စဉ်မှန်မှန် စားသုံးမယ်ဆိုရင် သက်ရှည်ကျန်းမာစေမယ်လို့လည်း ဆိုပါတယ်။ ဇီးဖြူသီးရဲ့ ကျန်းမာရေးအပေါ် ဘယ်လိုအကျိုးပြုတာလဲ ဆိုတာကို သိရှိနိုင်စေဖို့ ရှာဖွေသိရှိထားတာလေးတွေကို မျှဝေပေးလိုက်ပါတယ်။
ဇီးဖြူသီး ဆိုတာ
ဇီးဖြူသီးက လူတိုင်းနဲ့ ရင်းနှီးပြီးသား အသီးတစ်မျိုးပါ။ အရောင်လေး လှသလို ပုံစံလေးကလည်း ချစ်စရာကောင်းပါတယ်။ အစိမ်းရောင်ဖျော့ဖျော့လေးနဲ့ ကြည်ကြည်လေးပါ။
အရသာက ဖန်သလိုလို ရှိပေမယ့် ကျန်းမာစေတဲ့ အာနိသင်တေါကတော့ အပြည့်ပါပဲ။ ဇီးဖြူသီးကို ထောင်းစားလို့ရသလို သနပ်ထည့်စားတာ၊ အချဉ်စိမ်စားတာအမျိုးမျိုးစားလို့ ရပါတယ်။ ကြော်စားကြတာလည်း ရှိပါတယ်။
ဇီးဖြူသီးမှာ ဘာတွေပါလဲ
ဇီးဖြူသီး (Goose Berry) မှာ
- ရေဓာတ်
- အဆီဓာတ်
- ပရိုတင်း
- အမျှင်ဓာတ်
- ကာဗိုဟိုက်ဒရိတ်
- ကယ်လ်ဆီယမ်
- သံဓာတ်
- ဖော့စဖရိတ်တို့ ပါဝင်နေပါတယ်။
ဇီးဖြူသီး (Goose Berry) နဲ့ ကျန်းမာရေး
ဇီးဖြူသီး (Goose Berry) က ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။
- မျိုးပွားစနစ်ကိုကောင်းမွန်စေခြင်း
ဇီးဖြူသီးက မျိုးပွားမှုဆိုင်ရာ တစ်ရှုးတွေအပါအဝင် ခန္ဓါကိုယ်ရဲ့ တစ်ရှုး ၇ မျိုးကို အားဖြည့်ပေးပါတယ်။ ဇီးဖြူသီးက အမျိုးသား မျိုးပွားအင်္ဂါ စနစ်ကိုရော အမျိုးသမီးမျိုးပွားအင်္ဂါစနစ်တွေကိုပါကောင်းမွန်အောင်ထောက်ပံ့ပေးပါတယ်။ အမျိုးသားတွေမှာ သုတ်ပိုးရဲ့အရည်အသွေးကိုကောင်းမွန်စေပါတယ်။
- အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေခြင်း
ဇီးဖြူသီးရဲ့အဆီအနှစ်က အရိုးတွေကိုပျက်စီးစေနိုင်တဲ့ဆဲလ်တွေဖြစ်တဲ့osteoclasts ဆဲလ်တွေရဲ့ လုပ်ဆောင်မှုကိုနှေးကွေးစေနိုင်တာကိုတွေ့ရှိရပါတယ်။ ဇီးဖြူသီးမှာရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့်လေးဖက်နာဝေဒနာသည်တွေမှာ အရိုးအဆစ်တွေရောင်ရမ်းနာကျင်တာတွေကို သက်သာစေပါတယ်။
- အမြင်အာရုံကြည်လင်စေခြင်း
ဇီးဖြူသီးက မျက်လုံးကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။ အသက်အရွယ်ကြီးရင့်လာတာကြောင့်ဖြစ်ပေါ်ခံစားရတဲ့ အမြင်အာရုံ ဆုံးရှုံးမှုမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ ဇီးဖြူသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကမျက်ကြည်လွှာကိုoxidative stressတွေကြောင့်ပျက်စီးမှုကနေ ကာကွယ်ပေးပြီးရေတိမ်ဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးပါတယ်။ ဇီးဖြူသီးကိုရေစိမ်ပြီး စိမ်ထားတဲ့အရည်နဲ့ မျက်စဉ်းခပ်ပေးရင် အမြင်အာရုံကိုကြည်လင်စေမှာဖြစ်ပါတယ်။
- စိတ်ဖိစီးမှုကိုသက်သာစေခြင်း
ဇီးဖြူသီးက စိတ်ဖိစီးမှုကိုလျော့ပါးစေပြီး အိပ်ပျော်စေပါတယ်။ ဦးရေပြားကို ဇီးဖြူသီးအဆီလူးပြီးနှိပ်နယ်ပေးပါက အိပ်ပျော်စေမှာဖြစ်သလိုခေါင်းကိုက်တာကကိုလည်းသက်သာစေပါတယ်။ရေမချိုးခင်မှာ ဇီးဖြူသီး အဆီကိုဦးရေပြားမှာလိမ်းပေးမယ်ဆိုရင် ကြက်မျက်သင့်တာနဲ့ မအိမသာဖြစ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။
- စိတ်ကျန်းမာရေးကောင်းမွန်စေခြင်း
ဇီးဖြူသီးကသွေးလည်ပတ်မှုကိုကောင်းမွန်စေတာကြောင့် အာရုံကြောကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ဇီးဖြူသီးနေ့တိုင်းစားသုံးပေးမယ်ဆိုရင် သိမြင်မှုစွမ်းရည်ကိုတိုးတက်စေနိုင်သလို အာရုံစိုက်မှုနဲ့မှတ်ဉာဏ်ကိုပိုမိုကောင်းမွန်စေပါတယ်။free radicalတွေကြောင့် အာရုံကြောဆဲလ်တွေပျက်စီးမှုမဖြစ်အောင်ကာကွယ်ပေးပြီး မှတ်ဉာဏ်ချို့ယွင်းခြင်း (dementia)၊ အယ်လ်ဇိုင်းမာရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဇီးဖြူသီးမှာ သံဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် အောက်ဆီဂျင်လည်ပတ်မှုကိုတိုးတက်စေပြီး ဦးနှော်က်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။
- အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေကိုသက်သာစေခြင်း
ဇီးဖြူသီးမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဇီးဖြူသီးမှာပါတဲ့ ဗီတာမင် စီက အအေးမိတာ၊ချောင်းဆိုးတာတွေကို သက်သာစေတဲ့ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ဇီးဖြူသီးက ကိုယ်ခံအားကိုတိုးတက်စေပြီး တုပ်ကွေးဖြစ်တာနဲ့ လည်ချောင်းအတွင်း ပိုးကူးစက်မှုတွေကိုလျော့ပါးစေပါတယ်။ နာတာရှည်ချောင်းဆိုးခြင်း၊ တီဘီရောဂါ (tuberculosis)တွေကိုကုသရာမှာအထောက်အကူပြုနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါ (Asthma) လက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
- ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ခြင်း
ပိုးမွှားတွေကိုသေစေနိုင်တဲ့ အစွမ်းသတ္တိက ခန္ဓါကိုယ်မှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကြောင့်ဖြစ်ပေါ်တဲ့ကူးစက်ရောဂါတွေမဖြစ်အောင် တိုက်ထုတ်ရာမှာအထောက်အကူပေးပါတယ်။ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်ကိုတိုးစေနိုင်ပါတယ်။
- ကိုယ်အလေးချိန်ကျစေနိုင်ခြင်း
ဇီးဖြူသီးက ခန္ဓါကိုယ်ရဲ့ ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်ကိုမြင့်တင်ပေးပြီး အဆီတွေစုပုံမှုကိုလျော့ချပေးနိုင်ပြီး အဆာခံစေနိုင်တာကြောင့်ကိုယ်အလေးချိန်ကိုလျှော့ချရာမှာ အထောက်အကူပြုနိုင်ပါတယ်။
- နှလုံးကျန်းမာစေခြင်း
ဇီးဖြူသီးက နှလုံးသွေးကြောစနစ်ကိုကောင်းမွန်စေနိုင်ပါတယ်။ ဇီးဖြူသီးမှာ နှလုံးအတွက်အကျိုးပြုနိုင်တဲ့ အာဟာရဓါတ်တွေပါဝင်တာကြောင့် နှလုံးသွေးကြောပိတ်တာတွေမဖြစ်အောင်ကာကွယ်ပေးသလိုသွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုလည်းလျှော့ချပေးပါတယ်။ နှလုံးကြွက်သားတွေကို ကျန်းမာစေပြီး ကိုလက်စထရောကိုလျော့ကျစေတဲ့အပြင်သွေးမတိုးအောင်လည်း ထိန်းညှိပေးပါတယ်။ ဇီဖြူသီးက အကျိုးပြုကိုလက်စထရောတွေတိုးလာအောင်လည်းလုပ်ဆောင်ပေးပါတယ်။ နှလုံးသွေးကြောတွေထဲမှာ အဆီတွေစုပုံ ပိတ်ဆို့တာမျိုးမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။
- ကင်ဆာတိုက်ထုတ်နိုင်ခြင်း
ဇီးဖြူသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်တာကြောင့်carcinogenic ဆဲလ်တွေကြီးထွားဖြစ်ပေါ်မှုကို ကန့်သတ်ပေးခြင်းဖြင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဇီးဖြူသီးက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အန္တရာယ်ရှိတဲ့free radicalတွေကို ကန့်သတ်ထိန်းချုပ်ပေးတာကြောင့် အစာအိမ်(stomach cancer)၊အရေပြား နဲ့အသည်းကင်ဆာ(liver cancer) တွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကင်ဆာကျိတ်တွေကြီးမလာအောင်လည်းထိန်းသိမ်းပေးပါတယ်။ ဇီးဖြူသီးမှာ ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တုံ့ပြန်နိုင်တဲ့ အစွမ်းလည်းရှိပါတယ်။
- ဆီးချို (Diabetes)
ဇီးဖြူသီးမှာ သကြားဓါတ်ပါဝင်မှုနည်းပြီး အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုသမားတွေစားသုံးဖို့သင့်တော်ပါတယ်။ ဆီးချိုသမားတွေမှာ သွေးတွင်းသကြားဓါတ်ကိုကျဆင်းစေနိုင်ပါတယ်။chromium ကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။ ဇီးဖြူသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပြီးchromium ပမာဏကိုကျဆင်းစေပါတယ်။
- အစာကြေစေနိုင်စွမ်းရှိခြင်း
ဇီးဖြူသီးက အမျှင်ဓါတ်ကြွယ်ဝတာကြောင့် အူမကြီးနဲ့ အစာချေအူလမ်းကြောင်းသန့်ရှင်းအောင်လုပ်ဆောင်ပေးပါတယ်။ အစာချေစနစ်ကို အားဖြည့်ပေးပြီး ခန္ဓါကိုယ်ရဲ့ အာဟာရဓါတ်စုပ်ယူနိုင်စွမ်းကို တိုးတက်စေပါတယ်။ ဇီးဖြူသီးရဲ့ ချဉ်ပြီးဖန်တဲ့အရာသာက အစာချေအင်ဇိုင်းတွေထွက်လာအောင်လှုံ့ဆော်ပေးပါတယ်။အေးမြပြီး ဝမ်းသွားစေနိုင်တဲ့အာနိသင်တွေရှိတာကြောင့် ဝမ်းလျှောတာကိုကုသရာမှာအသုံးပြုနိုင်ပါတယ်။ ဝမ်းချုပ်တာနဲ့ အူမကြီးဆိုင်ရာဝေဒနာတွေကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။
- အရေပြားကိုကျန်းမာစေခြင်း
ဇီးဖြူသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားကို ကြည်လင်ဝင်းပစေပြီး အဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။ ဝက်ခြံတွကိုကင်းစေပြီး ချွေးပေါက်တွေကိုကျဉ်းစေပါတယ်။ အရေပြားမှာဖြစ်တတ်တဲ့ရောဂါတွေမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ free radicalတွေကြောင့်အရေပြားပျက်စီးတာတွေကိုလျှော့ချပေးပါတယ်။
- ဆံသားကိုသန်စွမ်းနက်မှောင်စေခြင်း
ဇီးဖြူသီးမှာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်မကျွတ်အောင်ကာကွယ်ပေးနိုင်သလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကလည်း ဆံပင်ကိုသန်စွမ်းနက်မှောင်စေပါတယ်။ ဆံပင်တွေကိုသန်စေပြီးဗောက်လည်းကင်းစေပါတယ်။ ကျန်းမာသန်စွမ်းတဲ့ဆံကေသာကိုပိုင်ဆိုင်နိုင်စေဖို့ ဇီးဖြူသီးကိုအသုံးပြုပေးနိုင်ပါတယ်။
- နှာခေါင်းသွေးလျှံတာကိုသက်သာစေခြင်း
နှာခေါင်းသွေးလျှံတဲ့အခါ ဇီးဖြူသီးအရည်ကိုနှာခေါင်းထဲကို အစက်ချပေးမယ်ဆိုရင် နှာခေါင်းသွေးလျှံတာကို သက်သာစေမှာဖြစ်ပါတယ်။
- သွားတွေနဲ့လက်သည်းခြေသည်းတွေကို ကျန်းမာစေခြင်း
ဇီးဖြူသီးဖျော်ရည်က သွားတွေနဲ့ လက်သည်းခြေသည်းတွေကို ကျန်းမာသန်စွမ်းစေပါတယ်။
- သွေးအားနည်းတာကို သက်သာစေခြင်း
ဇီးဖြူသီးက သံဓါတ်ပါဝင်မှုများတာကြောင့်သွေးဖြူဥပမာဏကိုတိုးစေပြီးသွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။
- သွေးသန့်စေခြင်း
ဇီးဖြူသီးမှုန့်ကို ပျားရည်နဲ့သောက်ပေးမယ်ဆိုရင်သွေးသန့်စေမှာဖြစ်ပါတယ်။
- ကျောက်ကပ်ကျောက်တည်တာကို သက်သာစေခြင်း
ဇီးဖြူသီးအမှုန့်ကို မုန်လာဥအဖြူနဲ့တွဲဖက်စားပေးတာကကျောက်ကပ်ကျောက်တည်တာကို သက်သာစေနိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုးများ
- ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေအနေနဲ့ ဇီးဖြူသီးစားသုံးတဲ့အခါဘေးထွက်ဆိုးကျိုးတွေရှိနိုင်တာကြောင့် ဇီးဖြူသီးကိုမစားသုံးသင့်ပါဘူး။
- ဇီးဖြူသီးက အချို့သူတွေမှာသွေးတအားထွက်တာမျိုးဖြစ်စေနိုင်တာကြောင့်Bleeding disorders ရှိတဲ့သူတွေအနေနဲ့ ဇီးဖြူသီး ကို အတိင်အချင့်နဲ့သာစားသုံးသင့်ပါတယ်။
- ဇီးဖြူသီးကသွေးတွင်းသကြားဓါတ်ကိုကျဆင်းစေနိုင်တာကြောင့် ဆီးချိုဆေးသောက်သုံးနေရသူတွေအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။
- ဇီးဖြူသီးက အသည်းရောဂါရှိအခံရှိသူတွေမှာရောဂါကိုပိုဆိုးစေနိုင်တာကြောင့် မစားသုံးသင့်ပါဘူး။ ဆရာဝန်ရဲ့ အကြံပြုချက်ကိုတောင်းခံသင့်ပါတယ်။
- ဇီးဖြူသီးက ခွဲစိတ်ကုသမှုခံယူနေစဉ်အတွင်းနပြ ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာသွေးထွက်များစေနိုင်တာကြောင့် ခွဲစိတ်မှုမခံယူခင် အနည်းဆုံး ၂ ပတ်လောက်အလိုကတည်းက ဇီးဖြူသီးစားတာကိုရပ်လိုက်ပါ။
[embed-health-tool-bmr]