brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အစပ်ပြင်းတဲ့ အာဝါးသီး ကျန်းမာရေးအတွက် ကောင်းသလား!

မီးလေးကင်ပြီး ငပိရည်ကျိုလေးထဲ ထည့်ဖျော်ဖျော်၊ လက်ဖက်လေးနဲ့ နှပ်စားစား၊ ကြက်သွန်စိမ်းလေး သံပုရာသီလေး ပုစွန်ခြောက်လေးနဲ့ သုပ်စားစား စားလို့ ကောင်းပြီး ရှူးရှူးရှဲရှဲနဲ့ အခိုးပွင့် ခံတွင်းတွေ့စေတဲ့ အာဝါးသီးလေးကို သဘောတကျ စားဖြစ်တဲ့သူလေးတွေရှိလား! စားဖြစ်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ။ ဒီဆောင်းပါးလေးထဲမှာ အစပ်ပြင်းတဲ့ အာဝါးသီး ကျန်းမာရေးအတွက် ကောင်းသလား! ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ 

အစပ်ပြင်းတဲ့ အာဝါးသီး ကျန်းမာရေးအတွက် ကောင်းသလား!

အာဝါးသီး ဆိုတာ

အာဝါးသီးဆိုတာက ငရုတ်သီး မျိုးရင်းဝင် အသီး တစ်မျိုးပါ။ အစလိုက် အကိုင်းအခက်ဖြာပြီး ပေါက်တတ်တဲ့ အပင် ရဲ့ အသီးပါ။ ခပ်ပွပွနဲ့ အသားထူပါတယ်။ အစပ်အရသာ ပြင်းသလို အနံ့ကလည်း ပုံမှန်သရုတ်သီးထက် ပိုစူးရှပါတယ်။ 

ကမ္ဘာ့အစပ်ဆုံး ငရုတ်သီး စာရင်းဝင် ငရုတ်သီး တစ်မျိုးပါ။ အာဝါးသီးက မြန်မာနိုင်ငံမှာလည်း ပေါက်ရောက်တယ်ဆိုပေမယ့် အာသန်၊ အာရူနာချိုင် ပရာဒက်ချ်၊ နာဂလန့်ခ် နဲ့ မဏိပူ​ဒေသတွေမှာ အဓိက ပေါက်ရောက်တဲ့ အိန္ဒိယ မျိုးရင်းပင် တစ်မျိုးပါ။ 

အာဝါးသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ!

အာဝါးသီးမှာ 

  • ဗီတာမင် A
  • ဗီတာမင် B အုပ်စု
  • ဗီတာမင် C
  • အမျှင်ဓာတ်
  • ပိုတက်ဆီယမ်
  • ကစီဓာတ်
  • ပရိုတင်း
  • သံဓာတ်
  • ဇင့်
  • ဖော့စဖရိတ်
  • ကော့ပါး
  • မဂ္ဂနိ့
  • ကယ်လ်ဆီယမ် စတာတွေ ပါဝင်နေပါတယ်။ 

အစပ်ပြင်းတဲ့ အာဝါးသီး ကျန်းမာရေးအတွက် ကောင်းသလား!

အစပ်ပြင်းတဲ့ အာဝါးသီး ကျန်းမာရေးအတွက် ကောင်းသလား! ဆိုတော့ အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။ 

အစာခြေစနစ် ကျန်းမာစေတယ်

Duke universityရဲ့ ကြွက်တွေအပေါ်မှာ လေ့လာချက်အရ အာဝါးသီးမှာပါတဲ့ Capsaicinက အစာမကြေတာ၊ ဗိုက်အောင့်တာ၊ လေထိုးလေအောင့်တာကို သက်သာစေနိုင်ပါတယ်။ ဗိုက်ထဲက ရစ်ရစ်ပြီး နာတာကိုလည်း သက်သာစေနိုင်ပါတယ်။ အစာခြေစနစ်မှာ အနာတွေဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် ကိုယ့်မှာ အစာအိမ်ရောဂါအခံရှိရင်တော့ ဆင်ခြင်တာ အကောင်းဆုံးပါ။

နှလုံးကျန်းမာစေတယ်

အာဝါးသီးက နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး သွေးစီးဆင်းမှု ကောင်းစေလို နှလုံးရောဂါဖြစ်နိုင်ခြေ ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ သွေးတွင်းအဆီကို ကျဆင်းစေပြီး သွေးကြောတွေ ပိတ်ဆို့တာမျိုး ဖြစ်နိုင်ခြေ နည်းစေပါတယ်။ 

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေတယ်

အာဝါးသီးမှာ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ အကြောင်းကတော့ ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုးစေနိုင်လို့ပါ။

အဆစ်တွေ နာတာကို သက်သာစေတယ်

ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ကြွယ်ဝနေတဲ့ အာဝါးသီးက နာကျင်မှုတွေကို သက်သာစေနိုင်စွမ်း ရှိပြီး အဆစ်တွေ ရောင်ရမ်းနာကျင်တာကိုလည်း သက်သာစေနိုင်ပါတယ်။ အမျိုးမျိုးသော နာကျင်မှုတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ 

ဇီဝကမ္မဖြစ်စဉ် တိုးတက် ကောင်းမွန်စေတယ်

အာဝါးသီးမှာ ခန္ဓာကိုယ် အပူချိန်ကို တိုးမြှင့်ပေးနိုင်စွမ်း ရှိတာကြောင့် ကယ်လ်လိုရီတွေကို ပိုမို လောင်ကျွမ်းစေနိုင်သလို ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဝိတ်ကျစေဖို့လည်း ထောက်ကူပေးနိုင်ပါသေးတယ်။

ဆိုရီရေးစစ် သက်သာစေတယ်

အာဝါးသီးက အဆစ်ရောင်တာကို သက်သာစေသလို အရေပြားမှာ ယားယံပြီး အရေပြား အဖက်လန်စေတဲ့ ဆိုရီရေးစစ်လို့ ခေါ်တဲ့ အရေပြား ပြဿနာကိုလည်း သက်သာစေနိုင်ပါတယ်။ ဆဲလ်တွေကို ကျန်းမာစေပြီး အနာကျက်မြန်စေဖို့ လုပ်ဆောင်ပေးသလို အရေပြား ပြဿနာ အမျိုးမျိုးကို သက်သာစေနိုင်ပါတယ်။ 

ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတဲ့ အာဝါးသီးက အရောင်ကျစေနိုင်သလို ကင်ဆာဆဲလ်တွေကို တိုက်ဖျက် ပေးနိုင်ပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ 

မှိုပိုး ကူးစက်ခံရနိုင်ခြေကို လျှော့ချပေးတယ်

အာဝါးသီးမှာ ဘီတာကယ်လ်ရိုတင်းနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မှိုပိုး ကူးစက်ခံရနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ 

အအေးမိ ဖျားနာ သက်သာစေတယ်

ဗီတာမင် C ပါဝင်နေတာက အအေးမိ ဖျားနာတာကို သက်သာစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင် ပါတယ်။ ဒါကြောင့် ဖျားနာမှု ကင်းပြီး ကျန်းမာချင်တယ်ဆိုရင် အာဝါးသီးကို စားပေးလို့ ရပါတယ်။ 

ဓာတ်မတည့်မှု ခံစားရနိုင်ခြေ နည်းစေတယ်

အာဝါးသီးက ဝတ်မှုံကြောင့် ဓာတ်မတည့်တာ အပါအဝင် အမျိုးမျိုးသော ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို လျှော့ချပေးသလို ဓာတ်မတည့်မှုတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 

ခံတွင်းနံ့ဆိုးတာကို သက်သာစေတယ်

အာဝါးသီးက ပိုးသေစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ခံတွင်းနံ့ဆိုးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ 

ဘာတွေ သတိထားရမလဲ!

အာဝါးသီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ စားမိမယ်ဆိုရင်တော့ – 

  • ဗိုက်အောင့် ဗိုက်နာတာ
  • အတက်ရောဂါကို ပိုဆိုးစေတာ
  • အစာရေမြို ထိခိုက်တာ
  • ဝမ်းပျက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ!

အာဝါးသီးက ကျန်းမာရေးအတွက် ကောင်းကျိုးများပေမယ့်

  • အစာခြေစနစ် ပြဿနာ ရှိသူတွေ
  • ရောဂါအခံ ရှိသူတွေ
  • ကိုယ်ဝန်ဆောင်တွေ
  • နို့တိုက်မိခင်တွေ အနေနဲ့ မစားသင့်ပါဘူး။ 

သာမန်သူတွေအနေနဲ့လည်း အလွန်အကျွံစားတာကို ရှောင်ကြဉ်သင့်ပါတယ်။ 

အာဝါးသီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သိပ္ပံနည်းကျ အတည်ပြုဖို့ လိုပါသေးတယ်။ သဘာဝကရတယ်ဆိုပေမဲ့ အလွန်အကျွံစားရင် ဘေးဖြစ်နိုင်တာကို သတိထားသင့်ပါတယ်။ 

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/11/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။