ထမင်းကမြန်မာလူမျိုးတွေအဓိကစားသုံးတဲ့အစားအစာတစ်ခုပါ။ ထမင်းက ဘယ်လိုအရောင်အဆင်း ဘယ်လိုအရသာရှိတယ်ဆိုတာကိုတော့ အထူးတလည်ပြောပြဖို့လိုမယ်မထင်ပါဘူး။ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်လောက်စားဖြစ်နေတဲ့ ထမင်းက ခန္ဓာကိုယ်အတွက် ဘယ်လောက်တောင် အကျိုးပြုပေးနေလဲဆိုတာကိုတော့ သိပ်သတိမထားမိကြပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေကပြည်သူတွေက ထမင်းကိုအဓိကထားစားသုံးကြပါတယ်။ ဒီလိုမျိုးနေ့စဉ်စားသုံးဖြစ်နေတဲ့ ထမင်းက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ အကျိုးပြုပေးနေလဲဆိုတာကို အခုဆောင်းပါးလေးထဲမှာပြောပြပေးချင်ပါတယ်။
ထမင်းကနေ ဘယ်လိုအာဟာရဓာတ်တွေရရှိနိုင်သလဲ
ထမင်းမှာ ခန္ဓာကိုယ်အတွက် စွမ်းအင်ပေးတဲ့ ကာဗိုဟိုက်ဒရိတ်၊ ကိုယ်တွင်း ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်ဓာတ်တွေကို ထိန်းညှိပေးဖို့လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ ဗီတာမင် D၊ အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ အစာတွေကိုကြေညက်စေဖို့နဲ့ အူလမ်းကြောင်းက အာဟာရဓာတ်တွေစုပ်ယူမှုကို အားဖြည့်ပေးတဲ့ အမျှင်ဓာတ်၊ ခန္ဓာကိုယ်ရဲ့ သွေးဆဲလ်တွေကို တိုးပွားစေနိုင်တဲ့ သံဓာတ်၊ ခန္ဓာကိုယ်ရဲ့သွေးပမာဏနဲ့ ရေဓာတ်ပမာဏကို ထိန်းညှိပေးတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ဆိုဒီယမ်တို့ပါဝင်ပါတယ်။
ထမင်းစားရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ
- ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေကို အထောက်အပံ့ပေးတယ်
စိတ်ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ကာဗိုဟိုက်ဒရိတ်က အရမ်းကိုအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကာဗိုဟိုက်ဒရိတ်မရှိဘူးဆိုရင် အားမရှိသလိုခံစားရမှာဖြစ်ပါတယ်။တွေးခေါ်စဉ်းစားမှုတွေကိုကောင်းကောင်းမလုပ်နိုင်ဘဲ စိတ်ရှုပ်တာ၊ စိတ်ဓာတ်ကျတာတွေတောင်ခံစားလာရနိုင်ပါတယ်။ ဒီလိုတွေမဖြစ်စေဖို့ဆိုရင်တော့ ထမင်းကိုပုံမှန်စားပေးဖို့လိုပါမယ်။
- အရေပြားကျန်းမာစေနိုင်ပါတယ်
ထမင်းက ခန္ဓာကိုယ်အတွက် စွမ်းအင်အဓိကရရှိနိုင်တဲ့ အစားအသောက်ဖြစ်ရုံတင်မကဘဲ အရေပြားကိုကျန်းမာစေနိုင်တဲ့ အမျှင်ဓာတ်တွေကိုပါ ရရှိစေနိုင်တဲ့ အစားအစာတစ်ခုပါ။ အမျှင်ဓာတ်က ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်အတွင်းက အဆိပ်အတောက်တွေ၊ ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကိုဖယ်ရှားပေးပါတယ်။ ဒီလိုမျိုးလုပ်ဆောင်ပေးတာက ဝက်ခြံဖြစ်တာနဲ့ အသားအရေမွဲခြောက်ခြောက်ဖြစ်တာတွေလျော့ပါးသက်သာစေပြီး အရေပြားကိုကျန်းမာစေနိုင်ပါတယ်။
- ကိုယ်ဝန်ဆောင်တွေအတွက် သင့်တော်တယ်
ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင် D ချို့တဲ့သူတွေအနေနဲ့ သွေးတိုးဖြစ်တာနဲ့ ကိုယ်အင်္ဂါထိခိုက်ပျက်စီးတာတွေဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ထမင်းကို အသင့်အတင့်စားသုံးပေးမယ်ဆိုရင် အခုပြောခဲ့တဲ့ပြဿနာတွေကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင် D ပမာဏများလွန်းရင်လည်း ကလေးက အသက် ၂ နှစ်အရွယ်အတွင်းမှာ အစားအသောက်ဓာတ်မတည့်တာတွေဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့် ထမင်းကိုအများကြီးမစားဖို့တော့ပြောချင်ပါတယ်။
- နှလုံးကျန်းမာစေနိုင်တယ်
ထမင်းမှာ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်တဲ့အပြင် နှလုံးကျန်းမာစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ကိုလက်စထရောတွေပါဝင်နေပါတယ်။
- အဆီမတက်စေပါဘူး
အချို့သူတွေက ထမင်းစားရင် အဆီတက်တယ်လို့ထင်နေကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ထမင်းက ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များတယ်ဆိုပေမယ့် ကိုယ်အလေးချိန်ကို ထင်သေလာက်မတက်စေပါဘူး။ ထမင်းမှမဟုတ်ပါဘူး၊ အလွန်အကျွံစားရင် ဘယ်အစားအစာမဆို ကိုယ်အလေးချိန်တက်စေနိုင်တယ်ဆိုတာကို သတိရပါ။
- အကျိုးပြုဘက်တီးရီးယားတွေဖြစ်ပေါ်လာစေတယ်
ထမင်းမှာ အူမကြီးကျန်းမာရေးကို အထောက်အကူပြုတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပေါက်ပွားလာအောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ဒီဘက်တီးရီးယားတွေက ဝမ်းလျှောတာ၊ ဝမ်းကိုက်တာတွေမဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။နောက်တစ်ခုက ထမင်းက ခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေကိုဖြည့်ပေးပါတယ်။
- သွေးအားနည်းရောဂါကို ကာကွယ်ပေးတယ်
ထမင်းမှာပါတဲ့ သံဓာတ်က ဟီမိုဂလိုဘင်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဟီမိုဂလိုဘင်အရေအတွက် များလာတဲ့အခါသွေးအားနည်းဝေဒနာခံစားရနိုင်ခြေကိုနည်းသွားစေမှာဖြစ်ပါတယ်။
- ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေနိုင်တယ်
ခန္ဓာကိုယ်ထဲမှာ အမျှင်ဓာတ်နည်းတဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းကိုထိခိုက်စေနိုင်တဲ့ အူမကြီးကင်ဆာလိုမျိုး ကင်ဆာရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒီလို ဝေဒနာတွေမဖြစ်အောင် အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို စားသုံးပေးလို့ရသလို ထမင်းကို စားသုံးပေးလည်းရပါတယ်။ ထမင်းမှာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေနိုင်တဲ့အပြင် အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးသလို ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်းလျော့ကျစေပါတယ်။
- အသက်ကြီးတဲ့သူတွေမှာ အရိုးပွရောဂါမဖြစ်အောင်ကာကွယ်ပေးတယ်
ထမင်းမှာ ဗီတာမင် D ကြွယ်ဝစွာပါဝင်တာကြောင့် အသက်အရွယ်ကြီးရင့်သူတွေအတွက် အထူးသင့်တော်ပါတယ်။ အသက်အရွယ်ကြီးရင့်လာလေလေ ကိုယ်တွင်းက ဗီတာမင် နဲ့ သတ္တုဓာတ်တွေလျော့နည်းလာလေလေပါ။ ဒါကြောင့် အသက်ကြီးရင့်လာတဲ့သူတွေကို ကျန်းမာနေစေဖို့အတွက် ဗီတာမင် Dပြည့်ဝနေအောင်လုပ်ဆောင်ပေးဖို့လိုပါမယ်။ နေရောင်ခြည်ကနေလည်း ဗီတာမင် D ရနိုင်သလို ထမင်းကနေလည်း ဗီတာမင် D ရရှိနိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးရင့်လာသူတွေမှာ အရိုးပွရောဂါမဖြစ်စေဖို့ အတွက် ဗီတာမင် D ရရှိအောင် ထမင်းကျွေးပေးလို့ရပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။