backup og meta

Premium

စားအုန်းဆီ ကျန်းမာရေးနဲ့ ညီလား၊ မညီဘူးလား!

စားအုန်းဆီ ကျန်းမာရေးနဲ့ ညီလား၊ မညီဘူးလား!

စာအုန်းဆီလို့ ပြောလိုက်ရင် တော်တော်များများ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ဆီလို့ မြင်လိုက်ကြပါတယ်။ ဒီတော့ စားအုန်းဆီ ကျန်းမာရေးနဲ့ ညီလား၊ မညီဘူးလား! မသိချင်ဘူးလား ……. စားအုန်းဆီက ခဲတယ်။ နှလုံးရောဂါ ရလိမ့်မယ်ဆိုတဲ့ စကားနဲ့ လက်ပွန်းတတီး ကြီးပြင်းလာကြပေမယ့် မနက်ခင်း အိပ်ရာနိုးချိန်ကစလို့ စားမိတဲ့ မနက်စာကနေ နေ့ခင်းနေ့လယ်နဲ့ ညမအိပ်ခင်မှာ စားလေ့ရှိတဲ့ သရေစာတော်တော်များများက စားအုန်းဆီနဲ့ လုပ်ဆောင်ထားတဲ့အရာတွေပါ။

စားသုံးမှု မြင့်တက်နေဆဲ စားအုန်းဆီ

 မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှတွင်း နိုင်ငံတော်တော်များများမှာ စားအုန်းဆီ စားသုံးမှုက တော်တော်လေးကို မြင့်တက်လာနေတာပါ။  

အခုနောက်ပိုင်းမှာ နေကြာဆီ၊ နှမ်းဆီ၊ ပဲပိစပ်ဆီ၊ ဟင်းသီးဟင်းရွက်ဆီဆိုပြီး ဆီအမျိုးအစားတွေ အမျိုးမျိုး ရှိလာကြပေမယ့် စာအုန်းဆီ စားသုံးမှုကတော့ ကျသွားတာမျိုး မရှိပါဘူး။ ဒီတော့ ကိုယ်တွေ နေ့တိုင်း စားသုံးမိနေတဲ့ အစားအစာတွေထဲမှာ အနည်းနဲ့အများ ပါဝင်နေတဲ့ စားအုန်းဆီက ကျန်းမာရေးအတွက် ဆိုးကျိုးပဲ ပေးတာလား! ကောင်းကျိုးများ မရှိနိုင်ဘူလား! ဆိုတာတွေကို သိထားဖို့ လိုလာပါပြီ။ 

စားအုန်းဆီဆိုတာ ဘာလဲ!

စားအုန်းဆီဆိုတာက အားလုံးလိုလို သိထားပြီးဖြစ်တဲ့ စားသုံးဆီ တစ်မျိုးပါ။ ဆီအုန်းပင်  အသီးရဲ့ အသားလွှာကနေ ထုတ်လုပ်တာပါ။ စားအုန်းဆီကလည်း တကယ်ကတော့ အသီးအရွက်ဆီ တစ်မျိုးလို့ ဆိုရပါမယ်။ 

ဆီအုန်းပင်တွေက ကမ်းရိုးတန်းဒေသတွေမှာ ပေါက်ရောက်မှု များပြီး အာဖရိက အနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်း​ဒေသတွေ ဖြစ်ကြတဲ့ အန်ဂိုလာ၊ ဂါဘွန်း၊ လိုက်ဘေးရီးယား၊ ဆီယာရာလီယွန်၊ နိုင်ဂျီးရီးယားတို့မှာ ပေါက်ရောက်ကြပြီး ရှေးယခင်ကာလတွေကတည်း ဆီထုတ်လုပ် အသုံးပြုခဲ့ကြပါတယ်။ 

ဒါတင်မကသေးပါဘူး။ ဆီအုန်းပင်တွေက တောင်အမေရိကဒေသမှာ ပေါက်ရောက်သလို အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ပေါက်ရောက်စိုက်ပျိုးတာတွေ ရှိလာကြပါတယ်။ မြန်မာနိုင်ငံမှာ ဆီအုန်း ထုတ်လုပ် စိုက်ပျိုးတာတွေ ရှိသလို အာရှဒေသရဲ့ ဆီအုန်းထွက်ရှိမှုရဲ့ ၈၀% က အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေကပါ။ 

စားအုန်းဆီက ဈေးသက်သာသလို လူသုံးလည်း များကြပါတယ်။ စားအုန်းဆီဆိုရာမှာ ဆီအုန်းပင်ရဲ့ အသီးဖက်ကို ကြိတ်ပြီး ထုတ်လုပ်တဲ့ မသန့်စင်ရသေးတဲ့ စားအုန်းဆီ ရှိသလို သန့်စင်ပြီးသား စားအုန်းဆီလည်း ရှိပါတယ်။ မသန့်စင်ရသေးတဲ့ စားအုန်းဆီက အနီရောင်ရှိပြီး အနံ့ရော အရသာရော ထူးခြားနေပါတယ်။

လက်ရှိမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ စားအုန်းဆီကတော့ သန့်စင်ပြီးသား စားအုန်းဆီတွေပဲ ဖြစ်ပါတယ်။ 

စားအုန်းဆီ ကျန်းမာရေးနဲ့ ညီလား၊ မညီဘူးလား!

စားအုန်းဆီ ကျန်းမာရေးနဲ့ ညီလား၊ မညီဘူးလား!  ဆိုတာလေးကို ဆက်ကြည့်လိုက်ရအောင်နော်။

ကောင်းကျိုးများ

စားအုန်းဆီက အခုလို ကောင်းကျိုးလေးတွေ ရှိပါတယ်။

  • ကိုယ်ခံအား ကောင်းစေတယ်

စားအုန်းဆီမှာ ဗီတာမင် E ပြည့်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးသလို ဆဲလ်တွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ နေ့စဉ် စားသုံးမှုကနေ ဗီတာမင် E လုံလောက်ပြည့်ဝစွာ ရရှိမှုက ကိုယ်ခံအား ကောင်းစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးသလို အသက်အရွယ်ကြောင့် ကြွက်သားဆုံးရှုံးတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ 

  • ဦးနှောက် ကျန်းမာစေတယ်

စားအုန်းဆီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင် E  ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဦးနှောက် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စားအုန်းဆီမှာ ပါဝင်နေတဲ့ အာဟာရဓာတ် အချို့က ဦးနှောက်တစ်ရှူးတွေကို ကျန်းမာစေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ဦးနှောက်ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ 

  • နှလုံး ကျန်းမာစေတယ်

လေ့လာမှုတွေအရ စားအုန်းဆီမှာပါတဲ့ ဗီတာမင် E နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စားအုန်းဆီမှာပါတဲ့ ဗီတာမင် E က နှလုံးကျန်းမာစေပြီး နှလုံးရောဂါ ပြင်းထန်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ 

  • ဗီတာမင် A စုပ်ယူမှု ကောင်းစေတယ်

စားအုန်းဆီက ခန္ဓာကိုယ်ရဲ့ ဗီတာမင် A စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ဗီတာမင် A က အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး အမြင်အာရုံ ကျန်းမာစေဖို့၊ အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ 

ဆိုးကျိုးများ

စားအုန်းဆီက အာဟာရတွေ များစွာ ပါဝင်နေတယ် ဆိုပေမယ့် အခုလို ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။

  • သွေးတွင်းကိုလက်စထရော များစေနိုင်တယ်

စားအုန်းဆီက သွေးထဲက အကျိုးမပြုတဲ့ အဆီကို မြင့်တက်စေပြီး သွေးတွင်းအဆီ များစေနိုင်ပါတယ်။ စားအုန်းဆီက ထောပတ်ထက် ကျန်းမာတယ်ဆိုပေမယ့် အခြား ဟင်းချက်ဆီတွေထက်တော့ သွေးတွင်းအဆီတက်စေနိုင်ပါတယ်။ 

  • နှလုံးသွေးကြော  ကျဉ်းစေနိုင်တယ်

စားအုန်းဆီက သွေးတွင်းအဆီကို မြင့်တက်စေနိုင်သလို အထပ်ထပ် အခါခါ သန့်စင်ပြီး အပူပေးအကြော်ခံထားတဲ့ စားအုန်းဆီက သွေးကြောထဲမှာ အနယ်တွေ စုပုံစေပြီး နှလုံးသွေးကြောကျဉ်းတာကို ဖြစ်စေနိုင်ပါတယ်။ 

  • ပြည့်ဝဆီ ပါဝင်မှု များတယ်

အခြား စားသုံးဆီတွေနဲ့ နှိုင်းစာရင် စားအုန်းဆီက ပြည့်ဝဆီ ၅၀% အထိ ပါဝင်နေပြီး ဒါက များပြားတဲ့ ပမာဏပါ။ ဒီလို ပြည့်ဝဆီ ပါဝင်မှု များတာကပဲ နှလုံးရောဂါ ရစေနိုင်သလို နာတာရှည် ကျန်းမာရေး ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ 

# အမှာစကား

 ဒီနေရာမှာ တစ်ခုရှိတာက ရောဂါအခံရှိသူတွေအနေနဲ့ကတော့ စားအုန်းဆီကို မစားသင့်ပါဘူး။ စာအုန်းဆီဆိုတဲ့နေရာမှာလည်း အဆင့်ဆင့် သန့်စင်ထားတဲ့ အကြော်ခံဆီမျိုး ဖြစ်နေမယ်ဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဒါကြောင့် ရွေးချယ်စရာ ရှိမယ်ဆိုရင် စားအုန်းဆီအစား တခြားဆီကို ပြောင်းသုံးပါ။
စားအုန်းဆီကရတဲ့ ကျန်းမာရေးအရ ကောင်းကျိုးတွေ ရှိပေမယ့် ဒါတွေကို တခြားသော ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကနေလည်း ရနိုင်ပါတယ်။ ဒီအကျိုးကျေးဇူးတွေ လိုချင်ရုံသက်သက်နဲ့တော့ စားအုန်းဆီကို မစားပါနဲ့။ အကြောင်းအမျိုးမျိုးကြောင့် စားအုန်းဆီ သုံးရမယ်ဆိုရင် များများမစားဖို့၊ ခဏခဏသုံးပြီးသား ဆီတွေ ပြန်မသုံးဖို့ လိုပါတယ်။ 

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

By the way, doctor: Is palm oil good for you? https://www.health.harvard.edu/staying-healthy/by-the-way-doctor-is-palm-oil-good-for-you Accessed Date 16 August 2023

Saturated Fat https://www.heart.org/en/healthy-living/healthy-eating/eat-smart/fats/saturated-fats Accessed Date 16 August 2023

Palm Oil Health risks and benefits https://www.academia.edu/38002614/Palm_oil_Health_risks_and_benefits Accessed Date 16 August 2023

Clinical investigation of the protective effects of palm vitamin E tocotrienols on brain white matter https://pubmed.ncbi.nlm.nih.gov/24699052/ Accessed Date 16 August 2023

Palm oil and blood lipid-related markers of cardiovascular disease: a systematic review and meta-analysis of dietary intervention trials https://pubmed.ncbi.nlm.nih.gov/24717342/ Accessed Date 16 August 2023

Red Palm Oil: A Review on Processing, Health Benefits and Its Application in Food https://pubmed.ncbi.nlm.nih.gov/34373407/ Accessed Date 16 August 2023

ယခုပုံစံ

29/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

အဆီ (သို့မဟုတ်) ကိုလက်စထရောနှင့် ပတ်သက်သည့် အယူအဆအလွဲများ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 29/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement