backup og meta

ကျန်းမာရေးအတွက် ဟင်းတစ်ခွက်ဖြစ်စေဖို့ ဟင်းချက်ဆီကို နည်းမှန်လမ်းမှန် အသုံးချနည်း


Ye Zon Aung မှ ရေးသားသည်။ · 29/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးအတွက် ဟင်းတစ်ခွက်ဖြစ်စေဖို့ ဟင်းချက်ဆီကို နည်းမှန်လမ်းမှန် အသုံးချနည်း

    “အဆီစားလို့ အသားမဖြစ်ဘူး” ၊ “အဆီများများစားရင် ဝစေတယ်” ၊ “ဆီတွေ အရမ်းမသုံးနဲ့” စတဲ့ စကားမျိုးတွေကို မီးဖိုချောင် အရှင်သခင် အိမ်ရှင်မတွေတိုင်း ကြားဖူးကြမယ်ထင်ပါတယ်။

    နေ့စဉ်နဲ့အမျှ ချက်ပြုတ်စီမံဖို့ အာရုံတွေများနေရတဲ့အထဲ အဆီကို ဟင်းချက်ဆီကို ဘယ်လိုသုံးရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေ၊ တိုက်တွန်းပြောဆိုမှုတွေကြောင့် စိတ်ပင်ပန်းမှုပိုဖြစ်ကြရမယ်ထင်ပါတယ်။

    တကယ်တော့ ဟင်းချက်ဆီဆိုတာ နေ့စဉ် မီးဖိုချောင်ကို ဝင်နေရတဲ့ အိမ်ရှင်မတွေနဲ့ ခွဲခြားလို့ မရတဲ့အရာဖြစ်ပါတယ်။ ချက်ပြုတ်စီမံမှုတိုင်းမှာ ဟင်းချက်ဆီကတော့ အနည်းနဲ့ အများဆိုသလို မဖြစ်မနေပါဝင်နေတဲ့အရာပါ။

    ဟင်းချက်ဆီတွေကြောင့် ကျန်းမာရေးထိခိုက်စေတယ်၊ ကိုယ်အလေးချိန်တက်စေတယ်၊ ဒါကြောင့်လျှော့သုံးရမယ်ဆိုပြီး ပြောကြတဲ့အခါ၊ ပြောတဲ့သူတွေအတွက်ကျ လွယ်ကူပေမယ့် တကယ်တမ်း ချက်ပြုတ်စီမံရတဲ့သူတွေအတွက်ကျတော့ အခက်တွေ့စရာပါ။

    ဟင်းချက်ဆီတွေက ကျန်းမာရေးထိခိုက်စေသလား

    ဟင်းချက်ဆီတွေကို အကြမ်းဖျဉ်းအားဖြင့် အပင်၊ အသီးအနှံ၊ တိရိစ္ဆာန်နဲ့ လူလုပ်အဆီတွေကနေ ဖန်တီးထုတ်လုပ်တာဖြစ်ပါတယ်။ အဓိကအားဖြင့် ကြော်လှော်ချက်ပြုတ်တာ၊ မုန့်ဖုတ်တာနဲ့ အစားအသောက်ပြင်ဆင်တာတွေအတွက်ဖြစ်ပါတယ်။

    ဟင်းချက်ဆီအမျိုးအစား အမျိုးမျိုးရှိပြီးတော့ တစ်ချို့သော အဆီတွေဟာ မပျော်ဝင်နိုင်တဲ့အဆီတွေပါဝင်ပါတယ်။ တစ်ချို့မှာတော့ မပါဝင်ပါဘူး။ ဒီအချက်ပေါ်မူတည်ပြီး ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိတယ် မရှိဘူး ကွဲပြားသွားတာဖြစ်ပါတယ်။

    သံလွင်ဆီ၊ ပဲပိစပ်ဆီ၊ ကာနိုလာဆီ၊ MCT ဆီ (medium-chain triglycerides) ၊ ထောပတ်သီးဆီ၊ နှမ်းကြတ်ဆီ၊ ဗာဒံဆီ၊ သစ်ကြားသီးဆီ၊ နေကြာဆီ၊ ပြောင်းဖူးဆီနဲ့ မြေပဲဆီစတာတွေဟာ မပြည့်ဝဆီ ( unsaturated fat) ပါဝင်တာမို့ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

    အုန်းဆီ၊ စားအုန်းဆီနဲ့ စားအုန်းအနှစ်ဆီတွေကတော့ ပြည့်ဝဆီ( saturated fat) ပါဝင်နေတာမို့ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။

    ဘယ်လို သုံးကြမလဲ

    ဟင်းချက်ဆီတွေထဲက အများစုဟာ ကျန်းမာရေးနဲ့ ကိုက်ညီကြပါတယ်။ ဆီဖြစ်နေတာနဲ့ ကျန်းမာရေးကို ထိခိုက်စေတာတော့ မဟုတ်ပါဘူး။ အဆီတွေဟာ အစားအစာတွေကို နူးညံ့ပြီး အရသာရှိစေဖို့ အထောက်အကူဖြစ်စေသလို ထိုက်သင့်တဲ့ ပမာဏကိုသာ မှန်မှန်ကန်ကန် အသုံးချမယ်ဆိုရင် ကျန်းမာရေးအတွက် သင့်လျော်ပါတယ်။ နည်းလမ်းသိဖို့တော့ လိုတာပေါ့။

    • ဘာလို့ ဆီနဲ့ ချက်ပြုတ်ကြသလဲ

    အထက်မှာပြောခဲ့သလိုပဲ ဆီဟာ အစားအစာတွေကို နူးညံ့ပြီး အရသာရှိစေဖို့ မဖြစ်မနေလိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာလည်း အဆီကို ပမာဏတစ်ခုနဲ့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ချဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဆီကို လုံးဝမစားဘူးဆိုရင် အရသာမရှိတာတွေချည်းစားနေရမှဖြစ်သလို ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတချို့လည်း ဆုံးရှုံးရမှာဖြစ်ပါတယ်။

    ဆီတိုင်းမှာ “smoke point” ဆိုတာ ရှိပါတယ်။ မြန်မာအခေါ်အရဆိုရင်တော့ ဆီကျက်ချိန်ကိုပြောတာဖြစ်ပါတယ်။ များသောအားဖြင့် ၂၀၀ ဒီဂရီ ဖာရင်ဟိုက်ကနေ ၄၀၀ ဒီဂရီ ဖာရင်ဟိုက်အကြားမှာ ရှိပါတယ်။

    • ရှောင်ပါ

    ဆီကို ကျက်အောင်တည်ဖို့ သတိထားရပါမယ်။ ဆီကျက်မှ ကိုယ်ထည့်ချင်တဲ့ အရာတွေကို ဆက်ထည့်ဖို့ လိုအပ်ပါတယ်။ ချက်ပြီးရင်လဲ အိုးထဲမှာ ဟင်းကို အအေးခံပါနဲ့။ ပန်းကန်ထဲလှယ်ထည့်ပြီးမှ အအေးခံပါ။

    • မုန့်ဖုတ်မယ်ဆိုရင်

    မုန့်ဖုတ်တဲ့အခါမျိုးမှာ ဆီတိုင်းက အသုံးမတည့်ပါဘူး။ ဒါကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ သံလွင်ဆီ၊ မြေပဲဆီနဲ့ ကာနိုလာဆီတွေဟာ မုန့်ဖုတ်ရာမှာ အသုံးတည့်ပါတယ်။ ဒါတွေနဲ့ ဖုတ်ရင် ကျန်းမာရေးနဲ့လည်း ပိုညီညွတ်ပါတယ်။ ဆော့စ်တွေ၊ sautés တွေနဲ့ မီးအေးအေးနဲ့ ဖုတ်ရတဲ့ မုန့်တွေ လုပ်ဖို့ဆိုရင်တော့ နှမ်းဆီတို့၊ ပဲပိစပ်ဆီတို့၊ သစ်ကြားသီးဆီတို့က ပိုသင့်လျော်ပါတယ်။

    • အသုပ် သုပ်ရာမှာ သုံးမယ်ဆိုရင်

    အသုပ်စုံတို့ Salad တို့ မှာ သုံးမယ့် ဆီရွေးချယ်မယ်ဆိုရင်တော့ သံလွင်ဆီ၊ နှမ်းဆီ၊ ထောပတ်သီးဆီနဲ့ သစ်ကြားသီးဆီတွေကို သုံးသင့်ပါတယ်။ အရသာပိုရှိစေမှာဖြစ်သလို ဒီဆီတွေက အသုပ်တွေနဲ့ ပိုကိုက်ညီလို့ဖြစ်ပါတယ်။ သတိထားသင့်တာက ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ဆိုရင် ဆီ ၃ ဆ သံပုရာရည် ၁ ဆ အချိုးနဲ့ ရောနှောအသုံးပြုဖို့ပါပဲ။

    • ထောပတ် သုံးမယ်ဆိုရင်

    တချို့က ဆီအစား ထောပတ်သုံးကြပါတယ်။ ထောပတ်သုံးရာမှာ Salted ဖြစ်တဲ့ ထောပတ်နဲ့ Unsalted ထောပတ်ဆိုပြီး ရွေးချယ်စရာ ၂ ခု ရှိပါတယ်။ တကယ်တမ်းမှာ လူသုံးများတာက အရသာပိုရှိတဲ့ Salted ထောပတ်ဖြစ်ပေမယ့် ကျန်းမာရေးနဲ့ ပိုသင့်လျော်တာက Unsalted ထောပတ်ပါ။

    • ဆီထည့်မယ်ဆိုရင် တိတိကျကျ တိုင်းထွာပါ

    ဆီကို ခန့်မှန်းပြီး ထည့်ကြတာများပါတယ်။ သေသေချာချာ တိတိကျကျ တိုင်းထွာပြီးထည့်တာမျိုး အလေ့အထက နည်းပါးကြပါတယ်။ တကယ်တမ်းမှာတော့ ဟင်းချက်ဆီတွေကို တိတိကျကျ ချိန်ဆ သုံးစွဲသင့်ပါတယ်။ ဒီအလေ့အထဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေသလို အလေအလွင့် နည်းပါးစေတဲ့ အေ့လအထတစ်ခုဖြစ်ပါတယ်။

    ဟင်းချက်ဆီတွေဟာ ချက်ပြုတ်စီမံမှုတွေမှာ အသုံးတည့်ပြီး လိုအပ်တဲ့အရာတွေဖြစ်ပါတယ်။ ကြော်တာ၊ ပြုတ်တာ၊ ချက်တာ၊ ကင်တာ၊ မုန့်ဖုတ်တာစတဲ့ ပုံသဏ္ဍာန်အမျိုးမျိုးမှာ ဒီအဆီတွေကို အသုံးပြုလို့ရပါတယ်။ နည်းမှန်လမ်းမှန် အချိုးအစားမှန်မှန် အသုံးချနိုင်ဖို့နဲ့ သင့်လျော်တဲ့ ဆီအမျိုးအစားကို အသုံးပြနိုင်ဖို့ကတော့ မိမိတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပိုမိုသက်ဆိုင်မှာဖြစ်ပါတယ်။

    တကယ်လို့ အဆီတွေကိုသာ အသုံးမပြုဘူးဆိုရင် အစားအစာတွေဟာ အနံ့ကောင်းမွန်မှာမဟုတ်သလို၊ အရသာလည်း ပြည့်စုံကုံလုံမှာမဟုတ်ပါဘူး။ ကျန်းမာရေးအကျိုးကျေးဇူးတစ်ချို့လည်း ဆုံးရှုံးရမှာဖြစ်ပါတယ်။ ဒါကြောင့် ချက်ရေးပြုတ်ရေးမှာ ဟင်းချက်ဆီတွေကို ရှောင်လွှဲလို့မရနိုင်ပါဘူး။ ကိုယ်အလေးချိန်လျှော့ချနေတာမို့ Diet လုပ်နေတယ်ဆိုရင်တောင်မှ အဆီကို လုံးဝရှောင်ရှားဖို့ ခက်ခဲပါလိမ့်မယ်။ မှန်ကန် သင့်လျော်စွာ သုံးနိုင်ဖို့သာ အဓိကဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 29/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement