home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ပန်းသီးရှာလကာရည်၏ ဘေးထွက်ဆိုးကျိုးများ

ပန်းသီးရှာလကာရည်၏ ဘေးထွက်ဆိုးကျိုးများ

ပန်းသီးရှာလကာရည်ဟာ လူသားတို့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိတယ်လို့ သိပ္ပံနည်းကျသုတေသနတွေအရ သိရပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို ဘယ်အရာဖြစ်စေ အလွန်အကျွံသုံးစွဲမိရင် ဆိုးကျိုးတွေ ကြုံနိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ပန်းသီးရှာလကာရည် သုံးစွဲချိန်မှာ ကြုံလာနိုင်တဲ့ ဖြစ်နိုင်ခြေ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။

ပန်းသီးရှာလကာရည်ဆိုတာကတော့ ပန်းသီးကို တစေးနဲ့ ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ တစေးဟာ ပန်းသီးထဲက သကြားဓာတ်ကို အယ်လ်ကိုဟောအသွင် ပြောင်းစေပါတယ်။ ပြီးရင် ဘက်တီးရီးယားတွေ ပေါင်းစပ်ပြီး အယ်လ်ကိုဟောကို အက်ဆီတစ်အက်ဆစ်အသွင် ပြောင်းလဲသွားစေပါတယ်။ ဒါဟာ ပန်းသီးရှာလကာရည် ဖြစ်ပေါ်လာပုံ အကြမ်းဖျဉ်း ဖြစ်ပါတယ်။

၁။ အစာအိမ်မှ အစာခြေချိန်ကို နှေးစေခြင်း

ပန်းသီးရှာလကာရည်ဟာ အစာအိမ်ကနေ ချေဖျက်ပြီးသား အစာတွေ အူလမ်းကြောင်းထဲ ရောက်စေတဲ့ နှုန်းထားကို လျှော့ချပြီး သွေးတွင်းသကြားဓာတ် ရုတ်ချည်းမြင့်တက်မှုကို တားဆီးပေးပါတယ်။ ဒါဟာ သွေးထဲကို စုပ်ယူနိုင်ခြင်းကိုလည်း နှေးကွေးစေပါတယ်။

ဒီအချက်ဟာ အစာအိမ်ကြွက်သားအားနည်းသူတွေမှာ အဆင်မပြေပါဘူး။ အစာတွေဟာ အစာအိမ်ထဲကနေ တော်တော်နဲ့မထွက်ဘဲ အချိန်ကြာကြာရှိနေတတ်ပါတယ်။ ဒါကြောင့် အစာမကြေလေပွခြင်း၊ ရင်ပူခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ပန်းသီးရှာလကာရည် နှစ်ဇွန်းခန့်သောက်သုံးပေးရင် အစာအိမ်ထဲမှာ အစာတွေရှိနေချိန်ဟာ ရိုးရိုးရေသောက်သူတွေထက် ပိုကြာကြောင်း သိရပါတယ်။

၂။ အစာခြေစနစ် ဘေးထွက်ဆိုးကျိုးများ

ပန်းသီးရှာလကာရည်ဟာ အစားစားချင်စိတ်ကို လျော့ကျစေပြီး ဗိုက်ပြည့်သလို ခံစားရစေပါတယ်။ ဒါကြောင့် ကယ်လိုရီတွေ များများစားစား စားသုံးမိခြင်းကနေ ကာကွယ်ပေးပါတယ်။ တခါတရံမှာ အစာမကြေခြင်းကြောင့်လည်း ခံတွင်းပျက်တတ်ပါတယ်။

စာစောင်တခုမှာဖော်ပြချက်အရ ပန်းသီးရှာလကာရည် ၂၅ ဂရမ် သောက်သုံးပြီးရင် အစားလျော့သွားရုံမကဘဲ ပျို့အန်ချင်စိတ်ပါ ဖြစ်လာတတ်တယ်လို့ သိရပါတယ်။

၃။ ပိုတက်ဆီယမ်နည်းပြီး အရိုးများပျက်စီးခြင်း

သုတေသနတွေအရ ပန်းသီးရှာလကာရည်ဟာ သွေးတွင်းပိုတက်ဆီယမ်ပမာဏကို လျော့နည်းသေပြီး အရိုးတွေကိုလည်း ပျက်စီးစေတယ်လို့ သိရပါတယ်။ တခါက သက်လတ်ပိုင်းအရွယ် အမျိုးသမီးတဦးဟာ ပန်းသီးရှာလကာရည် ၈ အောင်စ (၂၅၀ မီလီလီတာ) ကို ရေနဲ့ရောပြီး ၆နှစ်ကြာအောင် နေ့စဉ် သောက်သုံးခဲ့ပါတယ်။ အဆိုပါအမျိုးသမီးဟာ သွေးတွင်း ပိုတက်ဆီယမ် နည်းပါးပြီး ဆေးရုံတက်ရတဲ့အပြင် သူမရဲ့အသက်အရွယ်မှာ ဖြစ်ခဲတဲ့ အရိုးပွခြင်းပြဿနာကိုပါ ခံစားနေရတယ်လို့ ဆိုပါတယ်။ အကြောင်းအရင်းကတော့ သွေးတွင်းအက်ဆစ်ဓာတ် မြင့်တက်ပြီး အရိုးထဲက သတ္တုဓာတ်တွေ ဆုံးရှုံးသွားလို့ ဖြစ်ပါတယ်။ ဒါ့အပြင် အက်ဆစ်ဓာတ်မြင့်လာခြင်းဟာ အရိုးအသစ်များ ဖွဲ့စည်းဖြစ်ပေါ်ခြင်းကို အတားအဆီး ဖြစ်စေပါတယ်။

၄။ သွားကြွေလွှာကို ပျက်စီးစေခြင်း

အက်ဆစ်ဓာတ်ကဲတဲ့ အစားအသောက်တွေဟာ သွားရဲ့ အပေါ်ယံကြွေလွှာတွေကို ပျက်စီးစေပါတယ်။ ရှာလကာရည်မှာ ပါဝင်တဲ့ အက်ဆီတစ်အက်ဆစ်ဟာလည်း သွားရဲ့ အပေါ်ယံကြွေလွှာတွေကို ပျက်စီးစေပါတယ်။

အံဆုံးသွားရဲ့ကြွေလွှာတွေဟာ pH ပမာဏ ၂.၇-၃.၉၅ အတွင်းမှာ ထိတွေ့မှုများရင် သွားမှာရှိတဲ့ သတ္တုဓာတ်တွေကို ၂၀% ထိ ဆုံးရှုံးစေတယ်လို့ ဆိုပါတယ်။

၅။ လည်ချောင်းပူခြင်း

ပန်းသီးရှာလကာရည်ဟာ အစာရေမျို ပူလောင်ခြင်းကို ဖြစ်စေပါတယ်။ အထူးသဖြင့် ကလေးငယ်များအတွက် အရေးကြီးပါတယ်။ ကလေးငယ်တွေ မတော်တဆမျိုချပြီး ပူလောင်စေတတ်တဲ့ အရည်တွေထဲမှာ ရှာလကာရည်လည်း ပါဝင်ပါတယ်။ ပန်းသီးရှာလကာရည်နဲ့ပဲ လောင်စားစေခဲ့တဲ့ ဖြစ်စဉ်တွေ ရှိမရှိကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်ကို သတိပြုသုံးစွဲရမှာ ဖြစ်ပါတယ်။

၆။ အရေပြားကိုလောင်ခြင်း

ပန်းသီးရှာလကာရည်ဟာ အက်ဆစ်သဘာ၀ ရှိတာကြောင့် အရေပြားပေါ်လိမ်းရင် တခါတရံမှာ လောင်စားစေတတ်ပါတယ်။ တခါက မိန်းကလေးတဦးဟာ အင်တာနက်ပေါ် တွေ့ရှိရတဲ့ နည်းလမ်းအတိုင်း မှဲ့တွေကို ဖယ်ရှားဖို့ ပန်းသီးရှာလကာရည်ကို အသုံးပြုရာမှာ သူမရဲ့ အရေပြားကိုပါ လောင်ကျွမ်းစေခဲ့တယ်လို့ သိရပါတယ်။ ပန်းသီးရှာလကာရည်ကို လိမ်းမိလို့ အရေပြားကို လောင်စားရတဲ့ တခြားဖြစ်စဉ်တွေလည်း ရှိပါသေးတယ်။

၇။ ဆေးဝါးများ နှင့် ပေါင်းစပ်ဓာတ်ပြုခြင်း

ဆေးဝါးတချို့ဟာ ပန်းသီးရှာလကာရည်နဲ့ ပေါင်းစပ်ဓာတ်ပြုပြီး နောက်ဆက်တွဲပြဿနာတချို့ ဖြစ်လာနိုင်ပါတယ်။ အင်ဆူလင် ဒါမှမဟုတ် အင်ဆူလင်လှုံ့ဆော်တဲ့ ဆေးဝါးတွေကို သုံးစွဲနေရင်း ပန်းသီးရှာလကာရည်ပါ သုံးဆောင်မိရင် သွေးတွင်းသကြားဓာတ်နဲ့ ပိုတက်ဆီယမ်ကို အလွန်အမင်း ကျဆင်းစေတတ်ပါတယ်။ Digoxin ဆိုတဲ့ နှလုံးဆေးဟာ သွေးတွင်းပိုတက်ဆီယမ်ဓာတ်ကို ကျဆင်းစေပါတယ်။ ပန်းသီးရှာလကာရည်နဲ့ အချိန်သိပ်ကွာဘဲ သောက်မိရင် ပိုတက်ဆီယမ် လွန်ကဲစွာ ကျဆင်းနိုင်ပါတယ်။ ပန်းသီးရှာလကာရည်နဲ့ တွဲသုံးမိလို့ ပိုတက်ဆီယမ်ကျစေမယ့် တခြားဆေးတွေကတော့ ဆီးဆေးတွေပဲ ဖြစ်ပါတယ်။

ဘေးကင်းအောင် ဘယ်လိုသောက်သုံးသင့်သလဲ

တနေ့မှုာ နှစ်ဇွန်းထက် ပိုမသုံးမိပါစေနဲ့။ သွားကြွေလွှာများ မထိခိုက်အောင် ပိုက်နဲ့သောက်သင့်ပါတယ်။ သောက်သုံးပြီးရင်လည်း အာလုတ်ကျင်းပါ။ အစာအိမ်မကောင်းရင် လျှော့သုံးပါ။ ဓာတ်မတည့်ခြင်း ရှိ၊မရှိ သတိပြုပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Thant Zin မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။