အထိုင်များလာတဲ့ ဘဝနေထိုင်မှုပုံစံ၊ များပြားလှတဲ့ အသင့်စားအစားအစာတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မပေးနိုင်လောက်အောင် များပြားလှတဲ့ နေစဉ်လုပ်ငန်းတာဝန်တွေကြောင့် မကြာသေးခင်နှစ်တွေအတွင်း အဝလွန်တဲ့သူဦးရေတွေသိသိသာသာများလာနေပါတယ်။ ဝမှလှတာဆိုပေမယ့် ဝရင်ခန္ဓါကိုယ်ကလေးလံထိုင်းမှိုင်းလာပြီး ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်တာမျိုးတွေရှိလာနိုင်ပါတယ်။ ခန္ဓါကိုယ်က ဝလာတဲ့အခါ လှလှပပ စမတ်ကျကျနေဖို့က နည်းနည်းတော့ အခက်တွေ့လာတာပေါ့။ ဒီလိုဖြစ်တဲ့အခါ အလွယ်လမ်းလိုက်တဲ့အနေနဲ့ အဆီကျဆေးသောက်ဖို့ရွေးချယ်တာတွေ၊ အဆီကျကော်ဖီဆိုတာတွေကိုသောက်ဖို့ရွေးချယ်မိတာများမယ်ထင်ပါတယ်။ ဒါတွေက တကယ်ရောကျန်းမာရေးနဲ့ သင့်တော်ပါ့မလား။