brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

 ကျန်းမာရေး ရှုထောင့်မှ Chocolate တစ်တောင့်

ယုံဖို့ခက်မလား မသိပေမဲ့ ချောကလက်က ကျန်းမာရေးအတွက် ကောင်းပါတယ်။

 ကျန်းမာရေး ရှုထောင့်မှ Chocolate တစ်တောင့်

ချောကလက်တောင့်ထဲမှာ ကိုကိုးမှုန့် ပိုပါလေလေ ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်လေလေပါ။

ဒါဆို အမေတွေက ကလေးတွေကို ချောကလက်စားတာ မကောင်းဘူးလို့ ဘာကြောင့်များ ပြောကြတာပါလိမ့်။

၁။ ချောကလက်က သွားပိုးစားစေတယ်

သွားပိုးစားတယ် ဆိုတာက ကာဘိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးတဲ့အခါမျိုးမှာ ခံတွင်းထဲ အချဉ်ပေါက်လာလို့ဖြစ်တာပါ။ ဒီကာဘိုဟိုက်ဒရိတ်တွေက သွားထဲမှာ အချိန်ကြာကြာ ကျန်နေတဲ့အခါ အက်ဆစ်ထွက်ပါတယ်။ အဲဒါက သွားကြွေလွှာကို ပျက်စီးစေနိုင်ပြီး သွားကို ယိုယွင်းပျက်စီးစေနိုင်ပါတယ်။ ဆိုတော့ ချောကလက်စားမှ သွားပိုးစားတာမဟုတ်ပါဘူး။ ဘာပဲစားစား၊ စားပြီးတိုင်း ပလုတ်ကျင်းပေးရင် ဒီပြဿနာက ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ တကယ်တော့ ချောကလက်မှာ သွားအခေါင်းပေါက်တွေ မဖြစ်အောင် တားဆီးပေးတဲ့ တန်နင် (tannin) ဓာတုပစ္စည်းဓာတ်ပါဝင်ပါတယ်။ ဒါကြောင့် နောက်ဆို အမေတို့ရေ ကလေးကို ချောကလက်နည်းနည်း စားခွင့်ပေးလိုက်ပါ။ သူတို့နဲ့အတူ စားလည်း ရတယ်နော်။

၂။ ချောကလက်မှာ အဆီတွေ၊ သကြားတွေများလို့ ကျန်းမာရေးနဲ့ မညီညွတ်ဘူး။

ဟုတ်ပါတယ်။ ချောကလက်မှာ ပြည့်ဝဆီရော၊ မပြည့်ဝဆီရော နှစ်မျိုးလုံး ပါပါတယ်၊ ဒါပေမဲ့ အဲဒီအဆီအများစုက oleic acid နဲ့ stearic acid ပုံစံ ရှိနေတာပါ။ အခုဆို oleic acid (သံလွင်သီးမှာလည်း ပါဝင်) နဲ့ stearic acidက သွေးတွင်းကိုယ်လက်စထရောပမာဏကို လျှော့ချဖို့အတွက် ကောင်းပါတယ်။ ဒါကြောင့် အဓိက အနေနဲ့ ကိုကိုးမှုန့်ပါဝင်မှု များတဲ့ ချောကလက်ကို ရွေးစားပေးသင့်ပါတယ်။ ကိုကိုးမှုန့်ပါဝင်မှု များလေလေ ချောကလက်ထဲမှာ အဆီ နဲ့ သကြားပါဝင်မှုနည်းလေပါပဲ။ Dark chocolate လို့ခေါ်တဲ့ ချောကလက် အမည်း လိုမျိုးကို ရွေးစားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ချောကလက်မည်းတယ်ဆိုတာ ကိုကိုးမှုန့်တွေအများကြီးပါနေလို့ ဆိုတော့ ကိုကိုးထောပတ်၊ သကြား၊ ပဲ စတဲ့အရာတွေလိုမျိုး အခြားဖြည့်စွက်ထည့်စရာတွေအတွက် နေရာမရှိတော့ဘူးပေါ့။

၃။ ချောကလက်စားလို့ အာဟာရ မဖြစ်ဘူး။

တကယ့် ချောကလက် အစစ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပါတယ်။ အဲဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်ခန္ဓာမှာ အိုမင်းရင့်ရော်မှုနဲ့ ရောဂါတွေကို ဖြစ်စေတဲ့ free radicals (ခေါ်) ဆဲလ်ပျက်စီးစေတဲ့ဓာတ်တွေကို ရှင်းလင်းပေးပါတယ်။ ဒါကြောင့် ချောကလက် အစစ်ကို စားတာဟာလည်း ငယ်ရွယ်နုပျိုခြင်းကို အားပေးပါတယ်နော်။ ဒုတိယအနေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ ဓာတ်စာတွေက နှလုံးရုတ်တရက်တိုက်ခိုက်ခံရမှုများ၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြောရောဂါများ၊ သွေးတွင်းအဆီများခြင်းနဲ့ အရိုးအဆစ်ရောင်ရမ်းနာကျင်မှု ဖြစ်ပွားတဲ့ပမာဏကို လျှော့ချပေးကြောင်း တွေ့ရပါတယ်။

၄။ ချောကလက်မှာ နှလုံးအတွက် သိပ်မကောင်းတဲ့ ကဖင်းဓာတ်ပါဝင်ပါတယ်။

ချောကလက်ထဲမှာ ကဖင်းပါဝင်မှုက လက်ဖက်ရည်၊ ကော်ဖီ (သို့) ကိုလာအချိုရည်နဲ့ ယှဉ်ရင် နည်းပါတယ်။ လန်းဆန်းစေရုံလေးပဲမို့ အန္တရာယ်ရှိလောက်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။

ချောကလက်နဲ့ ပတ်သက်ပြီး မကောင်းဘူးထင်ထားကြတာလေးတွေကို အခုရှင်းပြပေးပြီးပြီနော်။ တကယ်တော့ ချောကလက် မှာ

-neuroprotective function လို့ခေါ်တဲ့ ဦးနှောက်စွမ်းဆောင်ရည်တက်စေခြင်း

-စိတ်ဖိစီးမှုလျော့ကျစေပြီး နာကျင်ကိုက်ခဲမှု သက်သာစေခြင်း ( မိန်းကလေးတွေ ဓမ္မတာချိန်ဆို ချောကလက်တောင်စားသင့်သေးတယ်)

-လိင်မှုရေးရာစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း

တို့လိုမျိုး လူသိပ်မသိကြသေးတဲ့ ကောင်းကျိုးတွေတောင်ရှိပါသေးတယ်။

တစ်ခုရှိတာက ချောကလက် အစစ်ကို ရွေးစားဖို့တော့ လိုတာပေါ့နော်။

ရေးသားသူ – နှင်းရိပ်မှုန်

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။