နှလုံးဖောက် တယ်လို့ ပြောလိုက်ရင် လူအများစု မြင်ကြတာက ရုပ်ရှင်ထဲကလို ရင်ဘတ်အောင့်ပြီး ပစ်လဲကျသွားတာမျိုးပါ။ လက်တွေ့မှာကျတော့ ဒီလို လက္ခဏာတွေ မပြဘဲ နှလုံးဖောက်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ အထူးသဖြင့် လူကြီးတွေမှာပေါ့။ ဘိုးဘိုးဘွားဘွားတွေ ဗိုက်အောင့်တာက နှလုံးဖောက် တဲ့ လက္ခဏာ ဖြစ်လိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ပေါ့ပေါ့ဆဆနေမိတတ်ပါတယ်။
ဘိုးဘိုးဘွားဘွားတွေ ဗိုက်အောင့်တာက နှလုံးဖောက် တဲ့ လက္ခဏာဖြစ်နိုင်လား။
ဘိုးဘိုးဘွားဘွားတွေမှာ ဗိုက်အောင့်တာနဲ့ နှလုံးဖောက် တာ ဘယ်လိုများ ဆက်စပ်နေတာလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
နှလုံးဖောက်တယ်ဆိုတာ နှလုံးသွေးကြောမှာ သွေးခဲပိတ်တာပါ။ သွေးခဲပိတ်တာကြောင့် နှလုံးကြွက်သားပုပ်ပြီး သွေးကောင်းကောင်း မညှစ်နိုင်ဘဲ ရင်ဘတ်အောင့်တာ၊ တစ်ခုခုနဲ့ ဖိထားသလို ခံစားရတာပါ။ တစ်ခါတလေမှာ ဒီလို အောင့်တာက ဝမ်းဗိုက်အစာအိမ်ရှိတဲ့နေရာကိုလည်း ပျံ့သွားတတ်ပါတယ်။
ရောဂါက နှလုံးမှာ ဆိုပေမယ့် အောင့်တာက ဗိုက်မှာ ဖြစ်နေတတ်ပါတယ်။ ဒီလို နာတာက နည်းနည်းလောက် လှုပ်ရှားလိုက်ရုံနဲ့ ပိုဆိုးတတ်သလို လက်မောင်းတွေ၊ မေးကြောတွေထိ နာတတ်ပါတယ်။ ဗိုက်ထဲမှာ မအီမသာ ဖြစ်ပြီး အန်ချင်သလိုလို ခံစားရတတ်ပါတယ်။
ဘယ်လို ဗိုက်အောင့်တာမျိုး ခံစားရနိုင်လဲ။
နှလုံးဖောက်တာကြောင့် ဖြစ်တဲ့ ဗိုက်အောင့်တာက
- အစာမကြေသလို
- ရင်ပူသလို
- အစာအိမ်အောင့်သလို ခံစားရပါတယ်။
- တစ်ခါတလေ စားချဉ့်ရည်ဆန်တက်သလို ရင်ထဲမှာ ပူပြီး တစ်ဆို့ဆို့ကြီး ခံစားရတတ်ပါတယ်။
ဘယ်သူတွေမှာ ပိုဖြစ်တတ်သလဲ။
ဒီလို ထူးဆန်းတဲ့ လက္ခဏာက လူကြီးပိုင်းတွေ၊ ဆီးချိုရောဂါရှိတဲ့သူတွေ၊ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ Scientific journal Circulation က လေ့လာချက်အရ အမျိုးသမီးတွေရဲ့ ၃၀ရာခိုင်နှုန်းလောက်ကပဲ ရင်ဘတ်အောင့်တယ်ဆိုတဲ့ လက္ခဏာကို ခံစားရပါတယ်။ အများစုက နှလုံးဖောက်တဲ့အခါ ဗိုက်အောင့်သလို၊ မောသလို၊ ကျောနာသလို ခံစားရပါတယ်။
အစာမကြေတာလား၊ နှလုံးဖောက် တာလား ဘယ်လို ခွဲမလဲ။
အစာမကြေတာနဲ့ နှလုံးဖောက်တာကို လက္ခဏာချည်းသက်သက်နဲ့တော့ ခွဲဖို့ မလွယ်ပါဘူး။ ဒါကြောင့်လည်း ဒီလိုလက္ခဏာတွေ ပြတဲ့အခါ သတိမထားမိဘဲ ဆေးရုံအရောက် နောက်ကျတာပါ။ အစာမကြေတာက သာမန်ရောဂါဖြစ်ပြီး နှလုံးဖောက်တာကတော့ အန္တရာယ်ရှိတာမို့လို့ သတိမထားမိရင် ဒုက္ခဖြစ်မှာပါ။ လက္ခဏာချည်းသက်သက် ခွဲလို့မရဘူးဆိုတော့ ဒီအချက်တွေကို သတိထားပေးပါ။
- ရုတ်တရက် အကောင်းကြီးကနေ အစာမကြေသလို၊ ရင်ပူသလို ခံစားရရင်
- ချွေးစေးတွေ ပြန်လောက်အောင် ခံစားရပြီး မောလာရင်
- နဂိုနှလုံးရောဂါအခံ၊ သွေးတိုးရောဂါတွေ ရှိနေရင်
- အသက်ကြီးတဲ့ ဘိုးဘိုးဘွားဘွားအရွယ်၊ အမျိုးသမီး၊ ဆီးချိုရောဂါရှိတဲ့သူတွေဆိုရင် ဆေးရုံဆေးခန်းမှာ စစ်ဆေးမှု ခံယူလိုက်တာ ကောင်းပါတယ်။
နောက်တစ်ချက်က နှလုံးဖောက်တာကြောင့် အစာအိမ်အောင့်သလို ခံစားရရင်တောင် ဒါက အစာကြေဆေးတွေ၊ အစာအိမ်ဆေးတွေ သောက်လို့ မသက်သာပါဘူး။ ဒါပေမယ့် နှလုံးဖောက်တာကို ကုသတာက အချိန်နဲ့ အမျှ အရေးကြီးတာကြောင့် ဆေးတွေ သောက်ပြီး မစောင့်ကြည့်စေချင်ပါဘူး။ စစ်စရာရှိတာစစ်ပြီး မြန်မြန်ကုသမှု ခံယူလိုက်တာက ပိုစိတ်ချရပါတယ်။
ဒါကြောင့် အသက်ကြီးတဲ့လူနာတွေ၊ ဆီးချိုရှိတဲ့ လူနာတွေ အစာအိမ်ရောဂါလိုမျိုး ဝေဒနာတွေ ခံစားရပြီး ဆေးခန်းရောက်လာရင် ဆရာဝန်က အီးစီဂျီ ဆွဲပေးတာပါ။ ဗိုက်အောင့်တာကို အီးစီဂျီ ဆွဲရလားဆိုပြီး အထင်မှားမှာစိုးလို့ပါ။ မဖြစ်ရင် ကောင်းတယ်။ ဖြစ်လာရင်လည်း အချိန်မီ ကုသမှု ခံယူနိုင်အောင်ပါ။ သူတို့ကို မေးလိုက်ရင် ရင်ဘတ်အောင့်တာကို မခံစားရဘဲ ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာပဲ ခံစားရလို့ပါ။
[embed-health-tool-bmi]