brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ နှလုံးနဲ့ သွေးကြောကျန်းမာရေး

နှလုံးနဲ့ သွေးကြောကျန်းမာရေး ကို အဓိက လွှမ်းမိုးနေတဲ့အချက်ကတော့ အသက်အရွယ်ပဲ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ ၂၀၃၀လောက်ဆိုရင် လူဦးရေရဲ့ ၂၀%လောက်က အသက် ၆၅နှစ်အထက်အရွယ်တွေ ဖြစ်နေမှာပါ။ ဒီအရွယ်တွေမှာ နှလုံးသွေးကြောရောဂါတွေကြောင့် သေနှုန်းက ၄၀%လောက်ဖြစ်လာပြီး ဒါက အသေအပျောက်အများဆုံး အကြောင်းရင်းတစ်ခုလည်း ဖြစ်လာမှာပါ။

အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ နှလုံးနဲ့ သွေးကြောကျန်းမာရေး

အသက်ကြီးလာတယ်ဆိုတာ ရှောင်လွှဲလို့မရတဲ့ သဘာဝဖြစ်စဉ်ပါ။ ရုပ်ပန်းသွင်ပြင် အသက်ကြီးလာသလိုမျိုး မွေးတည်းက စည်းချက်မှန်မှန်ခုန်နေရတဲ့ နှလုံးကလည်း အိုမင်းလာနိုင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ရှင်သန်ရေးအတွက်အရေးကြီးတဲ့ တာဝန်ထမ်းထားရတဲ့ နှလုံးက အသက်ကြီးလာတာနဲ့အမျှ စွမ်းဆောင်ရည်လည်း ကျဆင်းလာပါတယ်။

အသက်ကြီးလာတာနဲ့အမျှ နှလုံးနဲ့ သွေးကြောတွေက ဘယ်လိုပြောင်းလဲလာလဲဆိုတာကို သိထားမှ နှလုံးရောဂါတွေ မဖြစ်အောင်၊ ပိုမဆိုးအောင် ကြိုတင်ကာကွယ်ထားနိုင်မှာပါ။

အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ နှလုံးနဲ့ သွေးကြောကျန်းမာရေး

နှလုံးကျန်းမာရေး

  • နှလုံးခုန်နှေးသွားပါတယ်။

နှလုံးမှန်မှန်ခုန်နေရတာက နှလုံးမှာရှိတဲ့ စည်းချက်ထိန်းစနစ်ကြောင့်ပါ။ လျှပ်စီးပတ်လမ်းလို လမ်းလေးတွေက နှလုံးကြွက်သားမှာ မြုပ်နေပြီး နှလုံးခုန်တာကို ထိန်းချုပ်ထားတာပါ။ အသက်ကြီးလာတာနဲ့အမျှ ဒီလမ်းကြောင်းတွေ မာလာတယ်။ အဆီတွေ ပိတ်လာတယ်။ ဒါ့ပြင် စည်းချက်ထိန်းစနစ်က ဆဲလ်တွေကလည်း ပိုပိုနည်းလာတယ်။ ဒါတွေပေါင်းလိုက်တဲ့အခါကျတော့ အသက်ကြီးလာတဲ့အခါ အရင်ကထက် နှလုံးခုန်တာ နှေးသွားပါတယ်။

  • နှလုံးထူလာပါတယ်။

နှလုံးရဲ့ ဘယ်ဘက်သွေးလွှတ်ခန်းက တစ်ကိုယ်လုံးကို သွေးတွေ ညှစ်ပေးရတာကြောင့် နဂိုတည်းက နည်းနည်းပိုထူတတ်ပါတယ်။ တစ်သက်လုံး ညှစ်လာရတော့ အသက်ကြီးလာတာနဲ့အမျှ ပိုထူလာပြီး သွေးလက်ခံတဲ့ ပမာဏလည်း နည်းသွားပါတယ်။ နှလုံးထဲ သွေးဝင်တာလည်း ပိုနှေးသွားပါတယ်။

  • နှလုံးစည်းချက် ပြောင်းလာပါတယ်။

အသက်ကြီးတဲ့သူတစ်ယောက်နဲ့ သာမန်လူငယ်တစ်ယောက်ရဲ့ ECGက မတူနိုင်ပါဘူး။ ရောဂါမရှိရင်တောင် မတူနိုင်ပါဘူး။ အသက်ကြီးလာတဲ့အခါ လျှပ်စီးပတ်လမ်းတွေ ပြောင်းလဲလာတာကြောင့် နှလုံးစည်းချက်တွေလည်း ပြောင်းလဲလာပါတယ်။ နှလုံးခုန်မမှန်တဲ့ နှလုံးတုန်တဲ့ atrial fibrillationလို ရောဂါမျိုးက အသက်ကြီးတဲ့သူတွေမှာ အဖြစ်များပါတယ်။ အထူးသဖြင့် နှလုံးရောဂါအခံ တစ်ခုခုရှိတဲ့အခါမှာပါ။

  • နှလုံးအဆို့ရှင်တွေ မာလာပါတယ်။

အသက်ကြီးလာတဲ့အခါ lipofuscinဆိုတဲ့ ဓာတ်ပစ္စည်းက နှလုံးဆဲလ်တွေမှာ ပုံလာပါတယ်။ ဒါကြောင့် နှလုံးအဆို့ရှင်တွေ ပိုထူ၊ ပိုမာလာပါတယ်။ သွေးတွေကက အဆို့ရှင်ကို ဖြတ်ပြီး စီးတာကြောင့် အပြင်မှာ ကြားရတဲ့ ‘ဒုတ်၊ ဒုတ်’ ဆိုတဲ့ နှလုံးခုန်သံကို ကြားရတာပါ။ ဒီလို ထူပြီး မာလာတာကြောင့် အသက်ကြီးတဲ့သူတွေမှာ နှလုံးခုန်သံ ပြောင်းလာပါတယ်။

သွေးကြောကျန်းမာရေး

Baroreceptors ဆိုတာ လှုပ်ရှားမှု လုပ်တဲ့အခါ၊ အထိုင်အထ လုပ်တဲ့အခါ သွေးပေါင်ချိန်အပြောင်းအလဲဖြစ်တာကို သတိထားမိပြီး ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ထိန်းပေးတဲ့ စနစ်တစ်ခုပါ။ အသက်ကြီးလာတဲ့အခါ ဒီစနစ်က ကောင်းကောင်းအလုပ်မလုပ်တော့ပါဘူး။ ဒါကြောင့် လူကြီးတွေ အထိုင်အထ လုပ်တဲ့အခါ သွေးပေါင်ကျပြီး ခေါင်းမူးတာဖြစ်ပါတယ်။

  • ဆံချည်မျှင် သွေးကြောတွေ ထူလာပါတယ်။

ဆံချည်မျှင် သွေးကြောတွေ ထူလာတာကြောင့် တစ်ရှူးတွေကို အာဟာရပေးတာ၊ တစ်ရှူးတွေဆီကနေ အညစ်အကြေးတွေ သယ်တာ နှေးသွားပါတယ်။

  • သွေးကြောတွေ ထူလာပါတယ်။

နှလုံးရဲ့ ပင်မသွေးကြောကြီး အပါအဝင် တခြားသွေးကြောတွေက အသက်ကြီးလာတာနဲ့အမျှ ပိုထူ၊ ပိုမာလာပါတယ်။ ဒါက သွေးကြောနံရံတွေက တစ်ရှူးတွေ တဖြည်းဖြည်းပြောင်းလဲလာလို့ပါ။ ဒီတော့ သွေးညှစ်ဖို့ အားသုံးရတဲ့အတွက် သွေးပေါင်ချိန်တက်လာပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့တွေမှာ essential hypertension ရောဂါကြောင့် မဟုတ်ဘဲ အသက်ကြီးလို့ ဖြစ်တဲ့ သွေးတိုးရောဂါ အတွေ့ရများပါတယ်။

အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ နှလုံးနဲ့ သွေးကြောကျန်းမာရေး

နှလုံးနဲ့ သွေးကြောကျန်းမာရေး ကို ဝန်ပိစေတဲ့ တခြားအကြောင်းရင်းများ

ပုံမှန်ဆိုရင် နှလုံးက ခန္ဓာကိုယ်တစ်ခုလုံးကို လုံလုံလောက်လောက် သွေးညှစ်ပေးနိုင်ပေမယ့် အိုမင်းလာတဲ့ နှလုံးကတော့ ဒီလိုလုပ်ဖို့ ခက်လာပါတယ်။ တစ်ကိုယ်လုံးကို သွေးပို့ဖို့ ပိုပြီး အားစိုက်ညှစ်ရပါတယ်။

ဒါတွေအပြင် နှလုံးကို ပိုပြီး ဝန်ပိစေတဲ့ အချက်တွေကတော့

  • တချို့စွဲသောက်နေရတဲ့ ဆေးဝါးတွေ
  • စိတ်ဖိစီးမှုတွေ
  • ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ
  • နာမကျန်းဖြစ်မှုတွေ
  • ရောဂါပိုးကူးစက်ခံရတာတွေ
  • ထိခိုက်ဒဏ်ရာတွေပဲ ဖြစ်ပါတယ်။

အသက်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ နှလုံးနဲ့ သွေးကြောရောဂါများ

  • နှလုံးသွေးကြောကျဉ်းပြီး ရင်ဘတ်အောင့်တာ
  • နှလုံးခုန်မမှန်တာ
  • နှလုံးသွေးကြောကျဉ်းတာ
  • နှလုံးညှစ်အားကျတာ
  • သွေးတိုးတာ
  • နှလုံးအဆို့ရှင် ကျဉ်းတာ
  • လေဖြန်းတာ၊ လေဖြတ်တာ စတာတွေပဲ ဖြစ်ပါတယ်။

သွေးကြောရောဂါတွေအနေနဲ့ကတော့

  • သွေးခဲပိတ်တာ
  • သွေးခဲပိတ်ပြီး သွေးကြောရောင်တာ
  • သွေးကြောပိတ်တာ
  • သွေးကြောတွေ ထုံးတာ
  • သွေးကြောဖောင်းတာ စတာတွေပဲ ဖြစ်ပါတယ်။

အသက်ကြီးပေမယ့် နှလုံးနဲ့ သွေးကြောကျန်းမာရေး ကောင်းမွန်နေစေဖို့

အသက်ကြီးလာတာက ပြောင်းလဲလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ အသက်ကြီးလာတာနဲ့အမျှ နှလုံးနဲ့ သွေးကြောကျန်းမာရေး ယိုယွင်းလာတယ်ဆိုပေမယ့် ဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ တခြားပြုပြင်ပြောင်းလဲလို့ရတဲ့ အချက်တွေကို ထိန်းသိမ်းမယ်ဆိုရင် အသက်ကြီးပေမယ့် မပျက်စီးအောင် ကာကွယ်နိုင်ပါတယ်။

နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲပါ။

  • နှလုံးနဲ့ သွေးကြောရောဂါတွေကို ဖြစ်လာနိုင်စေတဲ့ သွေးတိုး၊ သွေးတွင်းကိုလက်စရောများတာ၊ ဆီးချိုရောဂါ စတာတွေကို ထိန်းချုပ်ထားရပါမယ်။ အဝမလွန်အောင် ထိန်းဖို့၊ ဆေးလိပ်ဖြတ်ဖို့လည်း လိုပါတယ်။
  • နေ့စဉ် အာဟာရပြည့်ဝအောင် စားသောက်ပြီး အဆီနဲ့ ကိုလက်စထရောတွေ လျှော့စားရပါမယ်။ ဒါက နှလုံးရောဂါတင်မဟုတ်ပါဘူး။ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါအတွက်လည်း ကောင်းပြီး အဝမလွန်အောင်လည်း ထိန်းပြီးသား ဖြစ်သွားပါတယ်။
  • လေ့ကျင့်ခန်းကိုလည်း အချိန်တစ်ခုပေးပြီး စွဲစွဲမြဲမြဲလုပ်ပါ။ လေ့ကျင့်ခန်းက ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ စိတ်ဖိစီးမှု ကျစေတယ်။ ကိုယ်အလေးချိန် ထိန်းပေးတယ်။ သွေးတိုး၊ ဆီးချို ထိန်းပေးတယ်။ အဘက်ဘက်က နှလုံးကို အကျိုးပြုနေတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

ဆေးပုံမှန်စစ်ပါ။

  • အသက် ၆၅-၇၅နှစ်ကြား ဆေးလိပ်သောက်တဲ့အမျိုးသားတွေက ဝမ်းဗိုက်သွေးကြောမကြီး ဖောင်းနေလားဆိုတာကို အယ်ထွာဆောင်းရိုက်ပြီး စစ်ဆေးသင့်ပါတယ်။ ဘယ်လိုစစ်ရမလဲဆိုတာကို ဆရာဝန်နဲ့ အသေးစိတ်တိုင်ပင်ပါ။
  • အသက် ၄၀လောက် ဖြစ်လာပြီဆိုရင် တစ်နှစ်တစ်ခါလောက် သွေးပေါင်ချိန်ပြီး သွေးတိုးရှိမရှိ စစ်ဆေးပါ။ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါတွေ ရှိနေရင် ပိုပြီး ခပ်စိတ်စိတ် စစ်ဆေးသင့်ပါတယ်။
  • သွေးတွင်းကိုလက်စထရောကလည်း အရေးကြီးပါတယ်။ အဝလွန်နေတဲ့သူဆို စောစောစစ်ပါ။ ပုံမှန်ပဲဆို အနည်းဆုံး ၅နှစ်တစ်ခါလောက် ပြန်စစ်ပါ။ တခြားရောဂါအခံတွေ ရှိနေရင် မကြာခဏ စစ်ဆေးသင့်ပါတယ်။

Takeaways

အသက်ကြီးလာလို့ နှလုံးနဲ့ သွေးကြောကျန်းမာရေးတွေ ပြောင်းလဲလာတာကို တားလို့ မရပေမယ့် ပိုပြီး ဆိုးမသွားအောင်၊ ရောဂါဖြစ်တဲ့အဆင့်အထိရောက်မလာအောင် မိမိရဲ့ စားသောက်နေထိုင်ပုံကို ပြောင်းလဲနိုင်ပါတယ်။ ဒီလိုပြောင်းလဲတာကလည်း အသက်ကြီးမှ လုပ်တာထက် ခုကစပြီး လုပ်လိုက်ဖို့ အကြံပြုချင်ပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။