backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မြေးထိန်းတဲ့ ဘိုးဘိုးဘွားဘွားတွေဟာ အသက်ပိုရှည်တယ်တဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မြေးထိန်းတဲ့ ဘိုးဘိုးဘွားဘွားတွေဟာ အသက်ပိုရှည်တယ်တဲ့

သားအချစ် မြေးအနှစ်ဆိုတဲ့ စကားလည်းရှိတယ်မဟုတ်လား။ ဘိုးဘိုးဘွားဘွားတွေဟာ မြေးတွေ၊ မြစ်တွေနဲ့ သိုက်သိုက်ဝန်းဝန်းနေထိုင်ရတာကို ပျော်ကြ၊ ရွှင်ကြ၊ နှစ်သက်ကြပါတယ်။ ချစ်စဖွယ် မြေးလေးတွေရဲ့ တီတီတာတာ ချွဲတာနွဲ့တာလေးတွေကမှ သူတို့ရဲ့ နှလုံးအိမ်ကို ပီတိဖြာဝေပြီး ချမ်းမြေ့စေတယ်မဟုတ်လား။

မြေးထိန်းတဲ့ ဘိုးဘိုးဘွားဘွားတွေဟာ အသက်ပိုရှည်တယ်တဲ့

ဘိုးဘိုးဘွားဘွားတွေကတော့ မြေးတွေ မြစ်တွေကို ထိမ်းသိမ်းစောင့်ရှောက်ရတာကို မမောနိုင် မပမ်းနိုင် စိတ်ကျေနပ်ဖွယ် တာဝန်ဝတ္တရားတစ်ခုအဖြစ် မှတ်ယူထားတတ်ကြတာမျိုးပါ။ ဒါပေမယ့်လည်း သားတွေ၊ သမီးတွေနဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေကတော့ ခုလို လူမမယ် သားသား၊ မီးမီးလေးတွေကို ထိန်းကျောင်းရတာဟာ သူတို့အတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်စေမှာကို စိုးရိမ်တတ်ကြပါတယ်။

တကယ်တမ်းအားဖြင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကတော့ ဘိုးဘိုးဘွားဘွားတွေ ကလေးထိန်းတာ၊ ပြုစုစောင့်ရှောက်တာတွေလုပ်နေမယ်ဆိုရင် သူတို့တွေအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်စေလိမ့်မယ်လို့ ယုံကြည်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ဒီကနေ့ခေတ်မှာတော့ ကလေးတွေကို ထိန်းကျောင်းပြုစုစောင့်ရှောက်တဲ့ ဘိုးဘိုးဘွားဘွားတွေဟာ သာမန်ဘဝနဲ့ ဖြတ်သန်းနေထိုင်လေ့ရှိတဲ့ တခြားသက်ကြီးရွယ်အိုတွေထက် ပိုပြီး အသက်ပိုရှည်နိုင်သလို စိတ်ပိုင်း၊ ရုပ်ပိုင်းအဘက်ဘက်မှာ ပိုပြီးလည်း ကျန်းမာနိုင်တယ်ဆိုတာကို သက်သေပြလာနိုင်နေပြီဖြစ်ပါတယ်။

သုတေသနပြုချက်တွေအရဆိုရင် မြေးထိန်းတဲ့ ဘိုးဘိုးဘွားဘွားတွေဟာ အသက်ပိုရှည်တယ်တဲ့ ….. မြေးတွေကို ပြုစုစောင့်ရှောက်တဲ့ ဘိုးဘိုးဘွားဘွားတွေဟာ အောက်ပါ အကျိုးကျေးဇူး ၄ ချက် ရနိုင်ပါတယ်။

  • ဘဝနေထိုင်မှုပုံစံကို သမမျှတစေတယ် 
  • လေ့လာချက်တွေအရဆိုရင် မြေးတွေကို ထိန်းကျောင်းလေ့ရှိတဲ့ ဘိုးဘိုးဘွားဘွားတွေဟာ ကျန်းမာရေး၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ သမမျှတတဲ့ အကျိုးကျေးဇူးကို ရနိုင်ပါတယ်တဲ့။ ကလေးထိန်းရတာဝါသနာကြီးတဲ့ ဘိုးဘိုးဘွားဘွားတွေဟာ စိတ်ဖိစီးမှုတွေနည်းပါးနိုင်သလို ခန္ဓာကိုယ် ကိုယ်လက်လှုပ်ရှားမှုလည်း ပုံမှန်ရှိနေတာမို့ လူလည်းကျန်းမာနိုင်ပါတယ်တဲ့။

    • လူမှုဆက်ဆံရေးပိုင်းမှာလည်း ကောင်းမွန်စေတယ်

    မြေးထိန်းတာက ရုပ်ပိုင်းဆိုင်ရာအရ တက်ကြွရွှင်လန်းနေစေနိုင်သလို စိတ်ပိုင်းဆိုင်ရာအရလည်း လန်းဆန်းနေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူမှုဆက်ဆံရေးနယ်ပယ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ အပြုအမူမျိုးတွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ရုပ်ပိုင်းစိတ်ပိုင်း တက်ကြွနေမှုဟာ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရာမှာလည်း တက်ကြွနေစေနိုင်ပါတယ်။

    ကလေးထိန်းရတဲ့ တာဝန်တွေဟာ သက်ကြီးရွယ်အိုတွေကို လုပ်ငန်းခွင်နဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဝေးကွာနေရတာကြောင့် အထီးကျန်နေမှုကနေ ကယ်တင်နိုင်ပါတယ်။ နေ့စဉ်ရက်ဆက်ဆိုရင် ခက်ခဲနိုင်ပေမယ့်လည်း မိသားစုနဲ့ ပိုမိုနွေးထွေးတဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

    • ကလေးထိန်းတာဟာ အသက်သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်တယ် 

    အသက် ၇၀ အထက် သက်ကြီးရွယ်အိုတွေကို သီးသန့်လေ့လာထားတဲ့ စစ်တမ်းတစ်ခုအရဆိုရင် မြေးတွေကို ထိန်းကျောင်းလေ့ရှိတဲ့ အဘိုးအဘွားတွေဟာ တခြားသက်ကြီးရွယ်အိုတွေထက် ကျန်းမာရေးနဲ့ ရောဂါဘယဘေးပိုမိုကင်းစင်ပြီး နောက်ထပ် အသက် ၂၀ ဝန်းကျင်အထိ အသက်ရှည်နိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။

    ကလေးထိန်းရတဲ့အခါ ကိုယ်လက်လှုပ်ရှားရတယ်။ တမင်မဟုတ်ပေမယ့်လည်း အသက်ကို ပုံမှန်ပြည့်ပြည့်ဝဝ ရှူဖြစ်တယ်။ ဒီအမူအကျင့်တွေဟာ အသက်ရှည်ကျန်းမာစေမယ့် အမူအကျင့်မျိုးတွေဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ ယောဂ လေ့ကျင့်နေသလိုမျိုးပါပဲ။ ဒီလို ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ အဆုပ်ရဲ့ အလုပ်လုပ်ရမှုတွေကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုနည်းပါးမှုဟာ အသက်ရှည်ရဲ့ အကြောင်းအရင်းတစ်ခုပါပဲ။

    ချစ်စဖွယ် တီတီတာတာ မြေးမြစ်တွေကို ထိန်းသိမ်းပြုစုတာဟာ ဘိုးဘိုးဘွားဘွားတွေအတွက် ကျန်းမာရေးဆိုင်ရာ၊ ဘဝနေထိုင်မှုဆိုင်ရာ အကျိုးကျေးဇူးတွေ အမြောက်အများရစေရုံတင်မဟုတ်ပါဘူး။ အဖော်မဲ့မှုနဲ့ အထီးကျန်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေအတွက်လည်း ဘိုးဘိုးဘွားဘွားတွေရဲ့ ချစ်ခြင်းမေတ္တာကြောင့် လှပတဲ့အနာဂတ်ဘဝတွေကို ပိုင်ဆိုင်နိုင်မယ့် အကျိုးထူးရရှိမှာဖြစ်ပါတယ်။ ကဲ …. မြေးထိန်းတဲ့ ဘိုးဘိုးဘွားဘွားတွေဟာ အသက်ပိုရှည်တယ်တဲ့ နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement