backup og meta

နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်ရမယ်ဆိုရင် ဘာတွေသတိထားသင့်လဲ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်ရမယ်ဆိုရင် ဘာတွေသတိထားသင့်လဲ။

    နေပူ ထဲမှာ ဒီတိုင်း နေရင်တောင် ချွေးတွေ ထွက်ပြီး တော်တော်ပင်ပန်းတာ၊ စုဝေးပြီး လမ်းလျှောက်မယ်ဆိုရင် ပိုလို့တောင် ပင်ပန်းမှာပါ။ ဒီလို လမ်းလျှောက်တဲ့အခါမှာ ကျန်းမာရေး မထိခိုက်ဘဲ ကြံ့ကြံ့ခိုင်ခိုင်နဲ့ လမ်းလျှောက်ဖို့ဆိုရင် အောက်က အချက်တွေကို လိုက်နာဖို့ လိုပါတယ်။

    နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်နိုင်ဖို့

  • အိပ်ရေးဝဝအိပ်ပါ။
  • မလျှောက်ခင် တစ်ရက်မှာ အိပ်ရေး ဝဝအိပ်ပါ။ ဒါမှ နောက်ရက်မှာ လန်းလန်းဆန်းဆန်းနဲ့ ကြာကြာလျှောက်နိုင်မှာပါ။

    • တစ်ခုခု စားထားပါ။

    ဘယ်အချိန်ပဲ လျှောက်လျှောက် အစာခံနိုင်ဖို့၊ အားရှိနေစေဖို့ တစ်ခုခု စားထားပါ။ စားတဲ့နေရာမှာလည်း အစာကြေလွယ်တာပဲ ရွေးစားပါ။ ဗိုက်ပြဿနာတက်နိုင်တဲ့ ပူလွန်း၊ စပ်လွန်းတာတွေ မစားပါနဲ့။

    ချွေးထွက်ထွက်၊ မထွက်ထွက် မကြာခဏ ရေသောက်ပါ။ ခဏခဏ အာစွတ်ရုံသောက်ပါ။ လှုပ်နေတဲ့အတွက်  ခန္ဓာကိုယ်က အပူတွေ ထွက်တာကြောင့် ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။ ချွေးထွက်များမယ်ဆိုရင် ဓာတ်ဆားရည် သောက်ပေးပါ။

    သင့်တော်တဲ့ SPF ပမာဏရှိတဲ့ နေလောင်ကာခရမ်ကို အပြင်မထွက်ခင် နာရီဝက်တည်းက လိမ်းထားပါ။ အပြင်ရောက်ပြီး ၂နာရီခြားတစ်ခါ ထပ်လိမ်းပါ။ ချွေးထွက်များလာရင်လည်း ထပ်လိမ်းပါ။ အိမ်ပြန်ရောက်တဲ့အချိန်မှာ နေလောင်ထားတဲ့ နေရာတွေ ရှိရင် ရေခဲဝတ်လေး ကပ်ပေးပါ။ ရှားစောင်းလက်ပပ် အုံပေးပါ။

    နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်ရမယ်ဆိုရင် ဘာတွေသတိထားသင့်လဲ။

    • စားစရာ တစ်ခုခု ဆောင်ထားပါ။

    လမ်းလျှောက်နေရတဲ့အတွက် မကြာခဏဆိုသလို ဗိုက်ဆာလာနိုင်ပါတယ်။ အိတ်ထဲမှာ အလွယ်စားစရာ တစ်ခုခု ဆောင်ထားပါ။ နည်းနည်းနဲ့ ခဏခဏ စားပေးပါ။ တစ်ခါတည်း ဗိုက်အပြည့်စားပြီး လမ်းလျှောက်ဖို့ မလွယ်ပါဘူး။

    • မကြာခဏ အနားယူပါ။

    ဆက်တိုက် လမ်းလျှောက်လာတဲ့အခါ လူက ပန်းလာပါတယ်။ နေပူ ထဲမှာ လျှောက်ရတဲ့အခါ အခန့်မသင့်ရင် ချွေးထွက်များပြီး သတိလစ်သွားနိုင်ပါတယ်။ ဒါကြောင့် ပူလာရင်၊ ချွေးထွက်များလာရင် အရိပ်တစ်ခုခုမှာ ခဏနားပါ။ ချွေးတိတ်ပြီး နည်းနည်းလန်းမှ  ဆက်လျှောက်ပါ။ လမ်းလျှောက်တဲ့အခါမှာလည်း တတ်နိုင်သမျှ အရိပ်ထဲက လျှောက်ပါ။

    • ချွေးစုပ်မယ့် အဝတ်အစားဝတ်ပါ။

    လိုအပ်လို့ အပြင်က ခပ်ထူထူ ဝတ်ရရင်တောင် အထဲက ချွေးစုပ်နိုင်မယ့် အဝတ်အစား (ဥပမာ စွပ်ကျယ်လိုမျိုး) ဝတ်ထားပါ။ အဝတ်အပိုလည်း ထည့်ထားပါ။ တစ်ခုခု စိုတာဖြစ်ဖြစ်၊ ချွေးတွေ ချွဲလာတာဖြစ်ဖြစ် လဲလှယ်ဝတ်ဆင်လို့ ရပါတယ်။

  • ဆီးချုပ်ဝမ်းချုပ် ဂရုစိုက်ပါ။
  • တစ်နေကုန်  လျှောက်နေရတာကြောင့် ကိုယ်မသိလိုက်ဘဲ ဆီးအောင့် ဝမ်းအောင့် လုပ်မိတတ်ပါတယ်။ အခွင့်အရေးရတိုင်း ကိစ္စရှင်းထားပါ။ နောက်ပိုင်း ရက်တွေကြာလာရင်  ဆီးကျဉ်တာ၊ ဆီးပူတာတွေ ဖြစ်လာရင် ဒုက္ခများပါတယ်။

    • အပူဒဏ်ကို တတ်နိုင်သလောက် ကာကွယ်ပါ။

    လူအများနဲ့ တန်းစီပြီး လမ်းလျှောက်တဲ့အခါ ထီးဆောင်းဖို့ လွယ်ချင်မှ လွယ်မှာပါ။ အနားသတ်ကြီးပြီး မျက်နှာပေါ် အရိပ်ကျတဲ့ ဦးထုပ်မျိုး ဆောင်းပါ။ နေကာမျက်မှန်ကြီးကြီး တပ်ပါ။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ပါ။ ဖိနပ်ကို ခြေထောက်လုံအောင် စီးပါ။

    နေပူထဲမှာ နေတာကြာလာရင် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

    ချွေးထွက်များပြီး ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးတာကြောင့် မကြာခင်မှာ ခြေထောက်ညောင်းတာ၊ ကြွက်တက်တာ ဖြစ်နိုင်ပါတယ်။ ကြွက်တက်လာတာနဲ့ တစ်နေရာမှာ ထိုင်ချပါ။ ခြေထောက်ကို အသာအယာ နှိပ်နယ်ပါ။ ရေအေးဝတ်ကပ်ပါ။ ဓာတ်ဆားရည် သောက်ချပါ။ ခဏနားပြီးမှ သက်သာမှ ပြန်လျှောက်ပါ။

    နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်ရမယ်ဆိုရင် ဘာတွေသတိထားသင့်လဲ။

    ပူရင် လူက ချွေးထွက်ရပါမယ်။ ဒါမှ ပိုနေတဲ့ အပူတွေ အပြင်ကို ရောက်သွားမှာပါ။ ဒီလို မဟုတ်ဘဲ အပူချိန် မြင့်နေတဲ့ အချိန်မှာ ချွေးမထွက်ဘဲ တစ်ကိုယ်လုံး မီးခဲလို ပူကျစ်နေမယ်၊ ရင်တွေတုန်၊ အမြင်တွေဝါးပြီး သတိလစ်မတက် ဖြစ်လာပြီဆိုရင် နီးစပ်ရာ ဆေးခန်းကို သွားပါ။ ဒါအရေးပေါ်ပါ။ အပူလျှပ်တော့မယ့် လက္ခဏာပါ။

    ခုထက်ထိ ကိုဗစ်က မပြီးသေးတဲ့အတွက် လူတွေ စုပြီး သွားရမယ်ဆို တတ်နိုင်သမျှ ကိုယ့်ကိုယ်ကို ကာကွယ်ပါ။ ရောက်ရာနေရာမှာ လက်ဆေးပါ။ ရေမလို လက်သန့်ဆေးရည် ဆောင်ထားပါ။ နှာခေါင်းစည်း သေချာတပ်ပါ။ ချွေးစိုရင် လဲလို့ရအောင် အပိုဆောင်ထားပါ။ တစ်ယောက်နဲ့ တစ်ယောက် နီးကပ်လွန်းတဲ့အတွက် Face shieldတပ်ဖို့ပါ အကြံပေးချင်ပါတယ်။

    နေပူ ထဲမှာ ရေရှည်လမ်းလျှောက်နိုင်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘူးဆိုရင် အိမ်ရောက်တာနဲ့ မှောက်ပြီး နောက်နေ့တွေ လျှောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တတ်နိုင်သမျှ ဒီအချက်တွေကို လိုက်နာဖို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement