ကျန်းမာရေးစစ်ဆေးမှုလုပ်တာက ပိုက်ဆံအပိုကုန်တဲ့ကိစ္စလို့တွေးနေတယ်ဆိုရင် အခုကစပြီး ဒီအတွေးကိုဖျောက်လိုက်တော့နော်။ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုက လူတိုင်းလုပ်သင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေထဲက တစ်ခုမို့ပါ။ ဘာကြောင့် ဒီလိုပြောရလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာပြည့်ပြည့်စုံစုံရှင်းပြထားလို့ ဖတ်ကြည့်ဖို့ပြောပါရစေနော်။
ဘာကြောင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်တာလဲ……….
ဒီအချက်တွေကြောင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်တာပါနော်။
ကျန်းမာရေးကုန်ကျစရိတ်သက်သာစေတယ်
ရောဂါတစ်ခုခုဖြစ်ပြီဆိုရင်ငွေကနောက်ကမည်းလိုက်ရပြီဆိုတာထွေထွေထူးထူးပြောနေစရာမလိုအောင် လူတိုင်းသိထားပြီးဖြစ်မှာပါ။ တကယ်လို့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်မယ်ဆိုရင်ဖြစ်လာမယ့်ရောဂါတွေကို ထိထိရောက်ရောက်ကြိုတင်ကာကွယ်နိုင်တာကြောင့် ကျန်းမာရေးစရိတ်ကို တော်တော်လေးလျှော့ချနိုင်မှာပါ။နောက်ထပ်အားသာချက်တစ်ခုကစောစောသိစောစောကုသမှုခံယူနိုင်တာကြောင့်ရောဂါခံစားရမှုသက်သာစေနိုင်မှာပါ။
မဖြစ်ခင်က ကြိုတင်ကာကွယ်ခွင့်ရတယ်
ပုံမှန်ကျန်းမာရေးစစ်ဆေးမှုကြောင့်ဖြစ်လာနိုင်တဲ့ ရောဂါတွေကို ကြိုတင်သိရှိပြီး ကြိုတင်ကာကွယ်ခွင့်ရရှိမှာဖြစ်ပါတယ်။ ကြိုတင်ကာကွယ်ခွင့်ရတာက ကျန်းမာရေးအတွက်တင်အထောက်အကူပြုတာမဟုတ်ဘဲငွေကုန်ကြေးကျသက်သာစသေလို စိတ်သက်သာရလည်းရစေနိုင်ပါတယ်။ရောဂါကို ကုသရာမှာလည်း ပိုမိုလွယ်ကူစေနိုင်ပါတယ်။
သွေးအဖြေကနေတဆင့်ရောဂါတွေရှိနေလားဆိုတာကို သိခွင့်ရနိုင်တယ်
ကျန်းမာရေးစစ်ဆေးမှုလုပ်တဲ့အခါသွေးစစ်ဆေးမှုက မဖြစ်မနေလုပ်ရပါတယ်။ ဒီလိုသွေးစစ်ဆေးမှုကြောင့်လည်းရောဂါတော်တော်များများကိုသိရှိနိုင်မှာပါ။ အကြောင်းကတော့သွေးစစ်ဆေးမှုလုပ်တဲ့အခါသွေးတွင်းကိုလက်စထရောပမာဏကိုသိရှိနိုင်မယ်၊ ဆီးချိုရှိနေလား၊ ကင်ဆာ၊သွေးတိုး၊သွေးအားနည်းရောဂါ၊HIV/AIDS ရှိနေလား၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေရှိနေလားဆိုတာကို သိနိုင်သလို အသည်း၊ကျောက်ကပ်၊ သိုင်းရွိုက်တွေပုံမှန်အလုပ်လုပ်ရဲ့လားဆိုတာကိုလည်း သိနိုင်မှာပါ။ လိုအပ်တဲ့ ကုသမှုခံယူနိုင်သလိုပြင်ဆင်သင့်တဲ့ ကာကွယ်မှုအတွက်လည်း အသင့်ပြင်ထားနိုင်မှာပါ။
ကျန်းမာတဲ့လူနေမှုပုံစံကို ဖန်တီးခွင့်ရမယ်
ကျန်းမာရေးစစ်ဆေးမှုကနေတဆင့် ဆင်ခြင်နေထိုင်ရမယ့် အချက်တွေကို သိရှိပြီး လိုက်နာနေထိုင်မှုတွေကြောင့် ကျန်းမာတဲ့ စားသောက်မှုပုံစံအပြင်နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်တာကစလို့ ကျန်းမာတဲ့လူနေမှုပုံစံကို ဖန်တီးနိုင်မှာပါ။
ကာကွယ်ဆေးတွေပုံမှန်ထိုးဖြစ်မယ်
တစ်နှ်စ်တစ်ခါထိုးရမယ့် ကာကွယ်ဆေးတွေကိုလည်း မမေ့မလျော့ထိုးဖြစ်နိုင်မှာပါ။ တုပ်ကွေးရာသီရောက်လာချိန်မှာ တုပ်ကွေးကာကွယ်ဆေးမထိုးမိတာမျိုးဖြစ်နိုင်တဲ့ပြဿနာကိုကင်းစေနိုင်သလို ဆရာဝန်ကလိုအပ်တာကြောင့် ညွှန်ကြားလာမယ့် ကူးစက်ရောဂါကာကွယ်ဆေးတွေကိုလည်း ပုံမှန်ထိုးဖြစ်မှာပါ။
ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်သူတွေက ဘယ်သူတွေလဲ………
- ရောဂါအခံရှိသူတွေ
- သက်အရွယ်ကြီးရင့်နေတဲ့သူတွေ
- သက်လတ်ပိုင်းတွေ
- မိဘမျိုးရိုးမှာ နာတာရှည်ရောဂါတစ်ခုခုခံစားရမှုရှိသူတွေ
- အဝလွန်နေသူတွေ
- ရှိသင့်တဲ့ BMI (ခန္ဓါကိုယ်ထုထည်ညွှန်းကိန်း) ထက်နည်းနေတဲ့သူတွေ
- မွေးရာပါရောဂါတစ်ခုခုခံစားနေရတဲ့ ကလေးငယ်တွေကအခြားသူတွေထက်ပုံမှန်စစ်ဆေးမှုလုပ်သင့်ပါတယ်။
အသက်အရွယ်အလိုက်လုပ်ဆောင်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုအကြိမ်ရေ
အသက်အရွယ်အလိုက် ကျန်းမာရေးစစ်ဆေးမှုခံယူရမယ့် အကြိမ်ရေလည်း ကွာခြားနိုင်ပါတယ်။
- အသက် ၁၉ နှစ်ကနေ ၂၁ နှစ်အထိ ၂ နှစ် တစ်ကြိမ် ဒါမှမဟုတ် ၃ နှစ်တစ်ကြိမ်
- အသက် ၂၂ နှစ်ကနေ ၆၄ နှစ်အထိ ၁ နှစ် တစ်ကြိမ် ဒါမှမဟုတ် ၃ နှစ်တစ်ကြိမ်
- အသက် ၆၅ နှစ်အထက် တစ်နှစ်ကို တစ်ကြိမ်ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်ပါတယ်။
ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့စကားအတိုင်း စိတ်ရောကိုယ်ပါကျန်းမာစွာနေထိုင်ချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို အခုကစလုပ်လို့ ကိုယ်တိုင်အတွက် ရင်းနှီးမြှုပ်နှံလိုက်ပါလို့ တိုက်တွန်းပါရစေနော်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]