brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အသည်းအင်ဇိုင်း တက်တာ ဘာကြောင့်လဲ

အသည်းအင်ဇိုင်း တက်တာ ဘာကြောင့်လဲ

အသည်းအင်ဇိုင်း တက်တာ ဘာကြောင့်လဲ

သင့်အနေနဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးရင်ပဲ ဖြစ်ဖြစ်၊ ရောဂါလက္ခဏာ တစ်ခုခု ခံစားရလို့ အသည်းကြောင့်လို့ ယူဆလို့ ဆရာဝန်က ဆေးစစ်ခိုင်းရင်ဖြစ်ဖြစ် liver function test (LFT) ဆိုတာလေးကို မြင်ဖူးမှာပါ။ ဒီထဲမှာ အသည်းအင်ဇိုင်း စစ်ဆေးတာလည်း ပါပါတယ်။ ဒီအသည်းအင်ဇိုင်းတွေက ဘာကိုပြောချင်တာလဲ။ အသည်းအင်ဇိုင်းတက်တိုင်း စိုးရိမ်စရာလား။

အသည်းအင်ဇိုင်း တွေက ဘာတွေလဲ။

အင်ဇိုင်းဆိုတာ ပရိုတင်း တစ်မျိုးပါပဲ။ ခန္ဓာကိုယ်ထဲက ဇီဝရုပ်ဖြစ်စဉ်တွေကို ကူညီပေးတဲ့ ပရိုတင်းလေးတွေပါ။ အသည်းအတွက်ဆိုရင် အသည်းအင်ဇိုင်းတွေက သည်းခြေရည်ကို ထုတ်ပေးတာ၊ သွေးတိတ်စေတဲ့ ပစ္စည်းတွေ ထုတ်ပေးတာ၊ စားလိုက်တဲ့ အစားအစာတွေကို ခြေဖျက်ပေးတာ၊ ဆေးဝါးတွေ၊ အဆိပ်အတောက်တွေကို သန့်စင်ပေးတာ၊ ရောဂါပိုးတွေကို တိုက်ထုတ်ပေးတာ၊ ပရိုတင်းတွေ ထုတ်ပေးတာ စတဲ့ အလုပ်တွေကို ကူညီပေးပါတယ်။

စစ်လေ့ရှိတဲ့ အသည်းအင်ဇိုင်းတွေကတော့

  • Alkaline phosphatase (ALP).
  • Alanine transaminase (ALT).
  • Aspartate transaminase (AST).
  • Gamma-glutamyl transferase (GGT). စတာတွေပဲ ဖြစ်ပါတယ်။

အသည်းမှာ ပြဿနာ တစ်ခုခု ဖြစ်တဲ့အခါ ဒီအင်ဇိုင်းတွေ (အထူးသဖြင့် ALT နဲ့ AST) က သွေးထဲကို ရောက်လာပါတယ်။ ဒါကြောင့် သွေးစစ်ကြည့်တာပါ။

အသည်းအင်ဇိုင်း တက်စေတဲ့ အကြောင်းရင်းများ

အသည်းရောဂါအပါအဝင် တခြားရောဂါတွေ၊ ဆေးဝါးတွေ၊ ရောဂါပိုးတွေက အသည်းအင်ဇိုင်းကို တက်စေပါတယ်။ အတွေ့ရအများဆုံးကတော့

  • ဆေးဝါးတွေ (ဥပမာ သွေးတွင်း ကိုလက်စထရော ကျစေတဲ့ statin ဆေးတွေ၊ ပါရာစီတမော)
  • အသည်းအဆီဖုံးတာ (အရက်ကြောင့်ပဲ ဖြစ်ဖြစ်၊ တခြားရောဂါကြောင့်ပဲ ဖြစ်ဖြစ်)
  • အသည်းမှာ သံဓာတ်များနေတာ
  • အသည်းခြောက်တာ
  • အသည်းရောင်တာ (ဥပမာ အသည်းရောင် အသားဝါ အေ၊ ဘီ၊ စီ၊ အရက်ကြောင့်၊ ခုခံအား ရောဂါကြောင့်)
  • သစ်ဥသစ်ဖုတွေနဲ့ ဗီတာမင်တွေကို အလွန်အကျွံ သောက်သုံးတာကြောင့် ဖြစ်တတ်ပါတယ်။

တခြားအကြောင်းရင်းတွေကတော့

  • Alpha-1 antitrypsin ဓာတ်ချို့တဲ့တာ
  • ကင်ဆာ
  • အူမကြီးရောဂါ
  • သိုင်းရွိုက်ရောဂါ
  • သည်းခြေပြွန် အရွတ်တွယ်တာ စတာတွေပဲ ဖြစ်ပါတယ်။

ဘယ်သူတွေမှာ အသည်းအင်ဇိုင်း တက်တာတွေ ဖြစ်နိုင်လဲ။

  • အရက်အလွန်အကျွံသောက်တဲ့သူတွေ
  • တချို့သော ဆေးဝါးတွေ၊ သစ်ဥသစ်ဖုတွေနဲ့ အားဆေးတွေ အလွန်အကျွံသောက်သူတွေ
  • ဆီးချိုရောဂါရှိသူတွေ
  • မိသားစုထဲမှာ အသည်းရောဂါခံစားရသူတွေ
  • နဂိုအသည်းရောင် ရောဂါရှိသူတွေ

အသည်းအင်ဇိုင်းတက်ခဲ့အခါ ဘာတွေ ခံစားရမှာလဲ။

အများစုက ဘာလက္ခဏာမှ မခံစားရပါဘူး။ အများစုက နေထိုင်မကောင်းဖြစ်လို့ ဆေးစစ်ရင်းနဲ့မှ အသည်းအင်ဇိုင်းတက်မှန်း သိကြတာပါ။ အသည်းထိလို့ အင်ဇိုင်းတက်တယ်ဆိုရင်တော့

  • ဗိုက်အောင့်မယ် (အထူးသဖြင့် ညာဘက်နံကြား)
  • ဆီးအရောင်ရင့်မယ်
  • ဝမ်းအရောင်ဖျော့မယ်။ ဘိလပ်မြေလို အရောင်ဖြစ်နေမယ်။
  • နုံးပြီး အားမရှိသလို ခံစားရမယ်။
  • အသားတွေ ယားမယ်
  • အသားတွေ၊ မျက်လုံးတွေ ဝါမယ်။
  • အစားအသောက်ပျက်မယ်။
  • ပျို့အန်မယ် စတာတွေ ခံစားရမှာပါ။

အသည်းအင်ဇိုင်းတက်တာကို ကုသလို့ရနိုင်လား။

၃ပုံ ၁ပုံလောက်ကတော့ ၂ပတ်ကနေ ၄ပတ်လောက်နေရင် ပုံမှန်ပြန်ဖြစ်သွားနိုင်ပါတယ်။ ဆက်တက်နေရင် ဒါမှမဟုတ် တခြားရောဂါတစ်ခုခုကြောင့်လို့ ယူဆရင် လိုအပ်တဲ့ ဆေးစစ်ချက်တွေကို ဆက်လုပ်ရမှာပါ။ လိုအပ်ရင် အသည်းအထူးကုနဲ့ ပြရပါမယ်။

အထူးသဖြင့် ဆေးဝါးတွေ၊ အားဆေးတွေ၊ သစ်ဥသစ်ဖုတွေကြောင့် ဆိုရင် ဒါတွေကို ရပ်လိုက်ရင် ပြန်သက်သာလာနိုင်ပါတယ်။ ရောဂါကြောင့်ဆိုရင်တော့ ရောဂါပေါ် မူတည်ပြီး ကုသမှုတွေ ဆက်လုပ်သွားရမှာပါ။

အသည်းအင်ဇိုင်း မတက်အောင် ဘာတွေ လိုက်နာရမလဲ။

အသည်းအင်ဇိုင်း မတက်အောင် လုံးဝကာကွယ်လို့တော့ မရနိုင်ပါဘူး။ ဒါပေမယ့် အောက်ပါ အချက်တွေကို လိုက်နာရင် ဖြစ်နိုင်ခြေ လျော့ကျသွားမှာပါ။

  • အရက်ရှောင်ပါ။ မရှောင်နိုင်ရင် အလွန်အကျွံ မဖြစ်ပါစေနဲ့။
  • သွေးကတဆင့် ရောဂါမကူးစက်အောင် ကာကွယ်ပါ။
  • အာဟာရပြည့်အောင် စားပါ။
  • အသည်းရောင် အသားဝါ ကာကွယ်ဆေး ထိုးပါ။ ဘီကတော့ ထိုးကို ထိုးပေးရမှာပါ။ အေကတော့ ထိုးနိုင်ရင် ကောင်းပါတယ်။
  • ဆေးဝါးတွေကို ဆရာဝန်ညွှန်ကားချက်မရှိဘဲ အလွန်အကျွံ မသောက်ပါနဲ့။
  • အဝမလွန်ပါစေနဲ့။
  • ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

အသည်းအင်ဇိုင်းတက်တာက လက္ခဏာ သက်သက်ပဲ ဖြစ်ပါတယ်။ အင်ဇိုင်းတက်တာကိုပဲ သီးသန့် မကုပါဘူး။ ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာပြီး ကုသမှသာ လူနာသက်သာလာမှာပါ။

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 12/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။