brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဥပုသ်မပျက်စေဘဲ ဗိုက်ဆာတာကို ဘယ်လိုဖြေရှင်းမလဲ

ဝါတွင်းကာလအပါအဝင် လပြည့်နေ့လိုမျိုးဖြစ်ဖြစ်၊ သင်္ကြန်ပွဲတော်လိုမျိုး နှစ်သစ်ကူးကာလတွေမှာဖြစ်ဖြစ် မြန်မာလူမျိုးတွေက အလေးမြတ်ထား ကုသိုလ်ယူကြတဲ့ အလေ့အထလေး တစ်ခု ရှိပါတယ်။ ဒါကတော့ ဥပုသ်စောင့်တာပါ။ ဥပုသ်စောင့်တယ် ဆိုတာက နေ့လွဲညစာ မစားဘဲ သီလစောင့်တည်တာမျိုးပါ။

ဥပုသ်မပျက်စေဘဲ ဗိုက်ဆာတာကို ဘယ်လိုဖြေရှင်းမလဲ

ဒီတော့ ညနေစာ မစားဘဲနေတာက တစ်ခါတရံမှ ဥပုသ်သီလ စောင့်တည်သူတွေအတွက် ဗိုက်ဆာတာမျိုး သွေးတွင်းသကြားဓာတ်ကျပြီး အာရုံစိုက်ရ ခက်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒီအခြေအနေမှာ ဥပုသ်သီလ စောင့်တည်မှုကိုပဲ ဖျက်လိုက်ရမလား! ဥပုသ်မပျက်စေဘဲ ဗိုက်ဆာတာကို ဖြေရှင်းလို့ ရမယ့် နည်းလမ်းလေးများ မရှိဘူးလားဆိုပြီး သိချင်နေပြီလား! ဒါဆိုရင်တော့ အတူတူ လေ့လာလိုက်ရအောင်နော်။

ဥပုသ်စောင့်တည်တယ် ဆိုတာက ကောင်းကျိုး ရှိသလား

ဥပုသ် စောင့်တည်တယ်ဆိုတာက ဘာသာရေးအရ ကုသိုလ်ရနိုင်သလို လောကီရေးရာ ကောင်းကျိုးတွေ အနေနဲ့လည်း စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်တဲ့ အာနိသင်ရရှိစေနိုင်ပါသေးတယ်။ ဥပုသ်စောင့်တည်ပြီး နေ့လွဲညစာ ရှောင်တာက အစာရှောင်နည်း တစ်မျိုးပါ။

မြင်သာအောင် ပြောပြရရင် ဝိတ်ကျစေဖို့ တော်တော်များများ အသုံးပြုနေကြတဲ့ intermittent fastingတစ်မျိုးပဲပေါ့။ မနက်ပိုင်း အိပ်ရာနိုးချိန်ကနေ စလို့ ၁၂ နာရီ မကျော်ခင်မှာ အာဟာရ ပြည့်ဝအောင် စားပြီး ၁၂ နာရီ နောက်ပိုင်း ကနေ နောက်တစ်နေ့ မနက်ခင်းကာလအထိ အစားမစားတော့တာမျိုးပါ။

ဒီတော့ ဥပုသ်စောင့်တည်တာကနေ အခုလို အကျိုးကျေးဇူးလေးတွေကို ရရှိစေမှာပါ။

  • ကိုယ်တွင်းက အဆီတွေကို လောင်ကျွမ်းစေနိုင်တယ်
  • ကိုယ်အလေးချိန် ထိန်းပေးတယ်
  • နှလုံး ကျန်းမာစေတယ်
  • ဦးနှောက် စွမ်းဆောင်ရည် ကောင်းစေတယ်
  • စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေတယ်
  • ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
  • အမျိုးအစား (၂) ဆီးချို ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်
  • အသက်ရှည်စေတယ်။

ဥပုသ်စောင့်တာက အခုလို ကောင်းကျိုးလေးတွေ များတယ်ဆိုပေမယ့် ဥပုသ်စောင့်တာက အလေ့အထ မရှိသူတွေ အတွက်မှာတော့ ညဘက်ကို ရောက်ချိန်မှ ဗိုက်ဆာတာကို ခံစားရနိုင်ပါတယ်။ ဒီလို ဗိုက်ဆာလာတဲ့အခါ ဥပုသ် ပျက်မှာစိုးပြီး မစားဘဲ နေချင်ပေမယ့် ဗိုက်ထဲက မခံမရပ်နိုင်အောင် ဗိုက်ဆာလာခဲ့ရင် ဥပုသ်ကိုပဲ ဖျက်လိုက်ရမလား! ဘယ်လို ဖြေရှင်းရမလဲ မသိဘူးလားဆိုပြီး အတွေးများနေတာကို အခုလိုလေး ဖြေရှင်းလို့ ရပါတယ်။

ဥပုသ်မပျက်စေဘဲ ဗိုက်ဆာတာကို ဘယ်လိုဖြေရှင်းမလဲ

ကဲ …… ဥပုသ်မပျက်စေဘဲ ဗိုက်ဆာတာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ဥပုသ်စောင့်တည်ထားရင်း ဗိုက်ဆာလာပြီဆိုရင်တော့ –

  • ဓာတ်ဆားဖြည့် ဖျော်ရည် သောက်ပါ

ဥပုသ်စောင့်ထားချိန်မှာ ဗိုက်ဆာလာတာက ကိုယ်တွင်းမှာ သကြားဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားတာကြောင့်လည်း ပါပါတယ်။ ဒါကြောင့် ဗိုက်ဆာလာပြီဆိုရင် ဥပုသ်ကို မပျက်စေဘဲ ဗိုက်ဆာတာကို သက်သာစေဖို့အတွက် ဓာတ်ဆားဖြည့် ဖျော်ရည်ကို သောက်ပေးလို့ ရပါတယ်။

နောက်ပြီး ဥပုသ်စောင့်ပြီးချိန်မှာ ကိုယ်တွင်းမှာ သကြားဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေ လျော့နည်းသွားတာကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုကလည်း ဓာတ်ဆားဖြည့် ဖျော်ရည် သောက်ပေးတာပါ။ ဒါကြောင့် ဥပုသ်စောင့်ချိန်မှာ ဓာတ်ဆားဖြည့် ဖျော်ရည်လေး တစ်ဘူးလောက်တော့ လိုရမယ်ရ ဆောင်ထားဖို့ လိုပါမယ်။

  • ချင်း (ဂျင်း) သုပ် စားပါ

ဥပုသ်စောင့်ထားချိန်မှာ ဗိုက်ဆာတာကို သက်သာစေဖို့ လုပ်ဆောင်ပေးလို့ ရတဲ့ နောက်ထပ် နည်းလမ်း တစ်ခုကတော့ ချင်း (ဂျင်း) ကို ပဲကြော်၊ အကြော်အလှော်၊ ပုစွန်ခြောက်တွေ မထည့်ဘဲ ဆီစိမ်းလေးနဲ့ ခပ်ကြမ်းကြမ်းလေး သုပ်ပြီး စားပေးတာမျိုးပါ။ ဒါကလည်း ဥပုသ်မပျက်စေဘဲ ဗိုက်ဆာတာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းလေးပါ။

  • သစ်သီးဖျော်ရည်လေးတွေ သောက်ပါ

ဥပုသ်စောင့်တည်တာကို မပျက်စေဘဲ ကျန်းမာရေးနဲ့ ညီညွတ်စွာနဲ့ ဥပုသ်ကြောင့် ဗိုက်ဆာတာကို ဖြေရှင်းနိုင်မယ့် နောက်ထပ် နည်းလမ်းကောင်း တစ်ခုကတော့ သစ်သီးလေးတွေကို ကြိတ်ပြီး အရည်ညှစ်လို့ ရလာတဲ့ အသီးဖျော်ရည် စစ်စစ်လေးကို သောက်ပေးတာပါ။

ဒီလို သောက်ပေးတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် ဥပုသ်မပျက်စေဘဲ ဗိုက်ဆာတာကို ဖြေရှင်းနိုင်မှာပါ။

  • ထန်းလျက်ခဲ၊ ကြံသကာပြား စားပါ

ထန်းလျက်ခဲ ဒါမှမဟုတ် ကြံသကာပြားကို ရေနွေးနွေးလေးနဲ့ သောက်ပေးတာကလည်း ဥပုသ်သီလ စောင့်တည်ထားချိန်မှာ ဥပုသ် မပျက်စေဘဲ ဗိုက်ဆာတာကို သက်သာစေမှာပါ။ အချိုဓာတ်က ဗိုက်ပြည့်စေပြီး သွေးတွင်းသကြားဓာတ် ကျနေတာမျိုးကို သက်သာစေနိုင်တာကြောင့် ဥပုသ်စောင့်ရင်း ဗိုက်ဆာလာခဲ့ရင် ထန်းလျက်ခဲ ဒါမှမဟုတ် ကြံသကာခဲလေး စားပေးပါ။

  • စတုမဒူ စားပေးပါ

စတုမဒူကလည်း ဥပုသ်စောင့်သူတွေရော နေ့လွဲညစာ ရှောင်ကြတဲ့ ပုဂ္ဂိုလ်တွေအတွက်ပါ အဆင်ပြေစေတဲ့ နည်းလမ်း တစ်ခုပါ။ ဒါကြောင့် ဥပုသ် သီလ စောင့်တည်ထားပြီး ဗိုက်ဆာတာကို ဖြေရှင်းချင်တယ်ဆိုရင် စတုမဒူ စားပေးလို့ ရပါတယ်။

အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေက ဥပုသ်သီလ စောင့်တည်နေချိန်မှာ ဥပုသ် မပျက်စေဘဲ ဗိုက်ဆာတာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးပါ။ ဒီနည်းလမ်းလေးတွေထဲက ကိုယ်နဲ့ အဆင်အပြေဆုံးဖြစ်မယ့် နည်းလမ်းလေးကို သုံးလို့ ဖြေရှင်းလိုက်ပါ။

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/04/2024 ဖြစ်ပါသည်။