home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အဆီတွေစုပြီး ကိတ်နေတဲ့ ဗိုက်ကို ဘယ်လို ခပ်မြန်မြန် ဖယ်ရှားမလဲ

အဆီတွေစုပြီး ကိတ်နေတဲ့ ဗိုက်ကို ဘယ်လို ခပ်မြန်မြန် ဖယ်ရှားမလဲ

ကိတ်တယ်ဆိုတဲ့ ဗန်းစကားက ဒီခေတ်မှာ သိပ်ခေတ်စားတယ်။ အထူးသဖြင့် မိန်းကလေးတွေဆိုရင် ကိတ်တယ်လို့ အပြောခံရရင် သိပ်သဘောကျတတ်တာမဟုတ်လား။

ကျားပဲဖြစ်ဖြစ်၊ မပဲဖြစ်ဖြစ် ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ဖွံ့သင့်၊ ထွားသင့်တဲ့နေရာတွေမှာ ဖွံ့နေထွားနေတာကြောင့်သာ ဒီလို အပြောခံရတာလေ။ ဒါပေမယ့်လည်း ကိုယ့်တစ်ကိုယ်လုံးမှာ ကိတ်နေတာက ရင်အုပ်/ရင်သားလည်းမဟုတ်၊ ကြွက်သားလည်းမဟုတ်၊ တင်လည်းမဟုတ်ဘဲ၊ ဗိုက်ဖြစ်နေခဲ့ရင်ရော။

ဒါဆိုရင်တော့ ပြဿနာရှိလာပါပြီ။ အစားတွေ ပိုပိုစားမိနေပြီး ကိုယ်လက်လှုပ်ရှားမှုနည်းလာတဲ့အခါ ကိုယ့်ရဲ့ ဗိုက်ဟာ ရှေ့ကို စူထွက်လာမှာဖြစ်ပါတယ်။ နောက်ပြီး ဗိုက်ပူလာချင်းနဲ့အတူ ရောဂါဘယတွေလည်း ကပ်ပါလာတာတတ်ပါသေးတယ်။

ဒီနေရာကြီးတစ်ခုတည်း ကွက်ကိတ်နေတဲ့နေရင်တော့ မလှမပနဲ့ ကြည့်ရဆိုးနေနိုင်တာအပြင် ကျန်းမာရေးပါထိခိုက်နိုင်တာပါ။ အဲဒီခန္ဓာကိုယ်ရဲ့ အရှေ့အလယ်ပိုင်းက ဗိုက်ဆိုတဲ့နေရာလေးကို ချပ်ချပ်ရပ်ရပ်နဲ့ ကြည့်လို့ကောင်းအောင် လုပ်လို့ရနိုင်တဲ့ နည်းလမ်းတွေကတော့ အများကြီးပါပဲ။

ဒီတစ်ခါမှာတော့ သိပ္ပံနည်းကျ လေ့လာသုတေသနပြုပြီး အတည်ပြုထားတဲ့ နည်းလမ်းတွေကို ပြောပြချင်တာပါ။ ဒီနည်းလမ်းတွေကတော့ ရိုးရှင်းလွယ်ကူပြီး ထိရောက်မှုလည်း ရှိမယ့် နည်းတွေဖြစ်ပါတယ်။

နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပါပဲ …

  • ၁။ အမျှင်ဓာတ်ပါတာတွေ များများစားပါ – အမျှင်ဓာတ် (Fiber) က အစာခြေစနစ်ကို ကောင်းမွန်စေပြီး ခဏခဏဗိုက်မဆာအောင်လည်း ကူညီနိုင်ပါတယ်။
  • ၂။ ပြုပြင်ထားတဲ့ အဆီဓာတ်ပါဝင်တာတွေကို ရှောင်ကြဉ်ပါ – ပြုပြင်ထားတဲ့ အဆီဓာတ်တွေပါဝင်တဲ့ အသင့်စား အစားအစာတွေဟာ လူကိုဝဖြိုးစေသလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။
  • ၃။ အရက်/ဘီယာအလွန်အကျွံ မသောက်ပါနဲ့ – အယ်လ်ကိုဟောပါဝင်တဲ့ အရက်တွေ၊ ဘီယာတွေကို တတ်နိုင်ရင် လုံးဝရှောင်ကြဉ်ပါ။ မဖြစ်မနေဆိုရင်တော့ အနည်းအကျဉ်းသာ မှီဝဲပါ။
  • ၄။ ပရိုတိန်းများများစားပါ – ပရိုတိန်းပါဝင်တဲ့ အစားအစာတွေက ကိုယ်အလေးချိန်ထိန်းညှိရာမှာ အထောက်အကူဖြစ်စေပါတယ်။
  • ၅။ စိတ်ဖိစီးမှုကို လျှော့ချပါ – စိတ်ဖိစီးမှုများရင် အလွန်အကျွံ စားသောက်မိတာမျိုးဖြစ်နိုင်လို့ပါ။
  • ၆။ သကြားလျှော့စားပါ – ခန္ဓာကိုယ်အတွက် သကြားဓာတ်က လိုအပ်ပေမယ့် အလွန်အကျွံအချိုစာတွေစားတာကတော့ သင့်ကို သွေးတိုးဆီးချိုနဲ့ ဗိုက်ပူစေဖို့ တွန်းအားပေးပါလိမ့်မယ်။
  • ၇။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ – အဝလွန်နေတဲ့သူတွေဟာ လေ့ကျင့်ခန်းလုပ်ဖို့ စိတ်အားထက်သန်မှုမရှိတတ်ကြပါဘူး။ ပိုဝလာလေလေ လေ့ကျင့်ခန်းလုပ်ဖို့ ပိုခက်ခဲလာလေလေပါပဲ။
  • ၈။ ကာဘိုဟိုက်ဒြိတ်ကို လျှော့ချပါ – ကာဘိုဟိုက်ဒြိတ်ပါဝင်တဲ့ အစားအစာတွေ မှီဝဲစားသောက်ရာမှာ ပုံမှန်ထက် လျှော့ချစားသောက်ဖို့လည်း လိုအပ်ပါတယ်။
  • ၉။ ဟင်းချက်ဆီကို သေချာစိစစ် သုံးစွဲပါ – စားအုန်းဆီလို ဆီမျိုးကို အသုံးပြုမိနေရင် ရပ်တန့်လိုက်ဖို့လိုပြီး ပိုသန့်စင်တဲ့ ဆီမျိုးကို အသုံးပြုရပါမယ်။ နောက်ပြီး ပမာဏနည်းနည်းပဲ သုံးပြီး ဟင်းပွဲတွေကို ပြင်ဆင်ရပါမယ်။
  • ၁၀။ အလေးမပါ – ကိုယ်လက်လေ့ကျင့်ခန်းအပြင် အလေးမလေ့ကျင့်ခန်းလည်း လုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှ ကြွက်သားတွေ ပိုမိုဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။
  • ၁၁။ အချိုရည်တွေကို ရှောင်ပါ – သကြားဓာတ်ပါဝင်မှုများပြားတဲ့ အချိုရည်သောက်သုံးမှုကိုတော့ လုံးဝဖြတ်ဖို့ လိုအပ်ပါတယ်။ အချိုရည်တွေမှာပါရှိတဲ့ Fructose သကြားဓာတ်ဟာ ဗိုက်မှာ အဆီစုစေတဲ့အဓိက လက်သည်တွေထဲမှာ ပါဝင်ပါတယ်။
  • ၁၂။ အိပ်ရေးဝဝ အိပ်ပါ – အိပ်ရေးမဝတဲ့အခါ ကျန်းမာရေးကို ထိခိုက်နိုင်သလို ကိုယ်အလေးချိန်ကိုလည်း တိုးစေပါတယ်။
  • ၁၃။ အစားအစာနဲ့ လေ့ကျင့်ခန်းကို မျှတအောင် ချိန်ညှိပါ – အစားတွေ အများကြီးစားတာမျိုး၊ လေ့ကျင့်ခန်းကို အရမ်းလုပ်တာမျိုးထက် နှစ်ခုစလုံးကို မျှမျှတတ ဟန်ချက်ညီညီလုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။
  • ၁၄။ အဆီများတဲ့ ငါးတွေကို အပတ်စဉ်တိုင်း စားပါ – ငါးမှာပါတဲ့ အဆီဓာတ်ဟာ ကုန်းနေတိရစ္ဆာန်တွေမှာပါဝင်တဲ့ အဆီဓာတ်နဲ့ ခြားနားစွာပဲ လူကို အကျိုးပြုပါတယ်။ ဒါကြောင့် ငါးတန်တို့၊ ဆယ်လ်မွန်တို့၊ ဆာဒင်းတို့လို အဆီပါဝင်တဲ့ ငါးတွေကို မကြာခဏ စားသောက်ပေးသင့်ပါတယ်။
  • ၁၅။ မကြာခဏ အစာရှောင် ဥပုသ်စောင့်ပါ – ဗုဒ္ဓဘာသာဝင်တွေအတွက်ဆိုရင် ကုသိုလ်လည်းရ ဗိုက်လည်းကျစေမယ့် နည်းလမ်းဖြစ်ပါတယ်။
  • ၁၆။ လက်ဖက်ရည်ကြမ်း များများသောက်သုံးပါ – လက်ဖက်စိမ်းဟာ ကိုယ်အလေးချိန်ကျဖို့ အထောက်အကူပြုပါတယ်။ လက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်းကို များများမှီဝဲပေးရင် တခြားကျန်းမာရေး အကျိုးကျေးဇူးတွေကိုပါ ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။
  • ၁၇။ လူနေမှုပုံစံကို ပြောင်းပါ – ပျင်းရိငြီးငွေ့ဖွယ် လူနေမှုပုံစံမျိုးကနေ ရုံးထွက်ပါ။ တက်တက်ကြွကြွ နေထိုင်ရှင်သန်ပါ။ ကျန်းမာလန်းဆန်းနေခြင်းကလည်း ကိုယ်အလေးချိန်ကို သိသိသာသာ လျော့ကျသွားစေမှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 4 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။