စားတာ အိပ်တာလိုမျိုး ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့နောက်တစ်ခုက ရေသောက်တာပါ။ လူတွေက အစာဖြတ်ပြီးသာ နေနိုင်ပေမယ့် ရေဖြတ်ပြီးတော့ မနေနိုင်ပါဘူး။ နေလို့လည်း မရပါဘူး။ ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆားနည်းလာတာနဲ့ လက္ခဏာတွေ အမျိူးမျိုးပြပြီး နေလို့မကောင်းတာတွေ ဖြစ်လာတာကြောင့် ရေနဲ့ ဓာတ်ဆားပြည့်ဝအောင် ဂရုစိုက်ရပါတယ်။ ဒါဆို ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝနေသူတစ်ဦးရဲ့ လက္ခဏာများ က ဘာတွေများ ဖြစ်မလဲ။
ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆားကို ဘာကြောင့်လိုအပ်တာလဲ
ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တော်တော်များများက ရေဓာတ်မရှိလို့မရပါဘူး။
အာဟာရဓာတ်တွေကို ဆဲလ်တွေဆီ သယ်သွားဖို့ ရေဓာတ်လိုသလို အညစ်အကြေးတွေ စွန့်ထုတ်မယ်ဆိုရင်လည်း ရေဓာတ်လိုပါတယ်။
အဆစ်တွေ တောင့်မတင်းဘဲ ချောချောမွေ့မွေ့ လှုပ်ရှားနိုင်တာ၊ မျက်လုံးမခြောက်ဘဲ ကြည့်လို့ကောင်းတာ။ အူလမ်းကြောင်းတလျှောက် ချောမွေ့ပြီး ဝမ်းသွားရလွယ်တာ ဒါတွေကလည်း ရေဓာတ်ကြောင့်ပါပဲ။
ပူတဲ့အခါ ခန္ဓာကိုယ်အေးအောင် ရေသောက်ဖို့ လိုသလို ချွေးထွက်ပြီး ရေဓာတ်ဆုံးရှုံးတာတွေကို ပြန်ဖြည့်ဖို့လည်း ရေဓာတ်က အရေးကြီးပါတယ်။
ဒါကြောင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေဓာတ်မလိုတဲ့ နေရာက မရှိသလောက်ဘဲမို့လို့ ရေဓာတ်လုံလောက်နေဖို့က အင်မတန်မှ အရေးကြီးပါတယ်။
ဓာတ်ဆားဓာတ်လေးတွေဆိုရင်လည်း
- သွေးနဲ့ ကိုယ်တွင်းအရည်တွေ မျှခြေပမာဏဖြစ်အောင် ထိန်းပေးပါတယ်။
- ခန္ဓာကိုယ်ရဲ့ အက်စစ်ဓာတ်တွေ နည်းလွန်း၊ များလွန်းတာတွေ မဖြစ်စေဖို့ ထိန်းပေးပါတယ်။
- နှလုံးခုန်တာကို ထိန်းပေးပါတယ်။
- ခန္ဓာကိုယ်က ကြွက်သားတွေ ကျုံ့ဖို့၊ ဆန့်ဖို့အတွက်လည်း သူတို့လိုအပ်ပါတယ်။
- နှလုံး၊ ကြွက်သားနဲ့ အာရုံကြောဆဲလ်တွေက အာရုံကြောလျှပ်စီးတွေ လွှတ်ဖို့ ကူညီပေးပါတယ်။
- သွေးတိတ်စေပါတယ်။
- တစ်ရှူးအသစ်တွေ ဖြစ်ပေါ်စေပါတယ်။
ဒီလိုအရေးကြီးတဲ့ အလုပ်တွေ လုပ်နေရတာကြောင့် ရေနဲ့ ဓာတ်ဆားဓာတ် နည်းတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကမောက်ကမတွေ ဖြစ်ကုန်တာ ဖြစ်ပါတယ်။
တစ်နေ့ကို ရေဘယ်လောက်သောက်သင့်သလဲ
အကြမ်းအားဖြင့်တော့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသား လူတစ်ယောက်က တစ်ရက်ကို ၁လီတာခွဲ ၂လီတာလောက် သောက်သင့်ပါတယ်။ ရေဖန်ခွက်နဲ့ဆို ၈ခွက်ကနေ ၁၀ခွက်လောက်ထိပေါ့။ ကလေးဆိုရင်တော့ ဒီထက်ပိုနည်းကောင်း နည်းနိုင်ပါတယ်။
ဒါက အကြမ်းတွက်ထားတာပဲ ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် လိုအပ်ချက်က ကွာခြားနိုင်သလို တစ်ယောက်တည်းမှာတောင် ဒီနေ့နဲ့ မနက်ဖြန် ရေလိုအပ်ချက်က ကွာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေလိုအပ်ချက်က ရာသီဥတု၊ ကိုယ်လက်လှုပ်ရှားမှု၊ ချွေးဘယ်လောက်ထွက်သလဲ စတာတွေပေါ် မူတည်နေတာကြောင့်ပါ။ ဒါကြောင့် အလွယ်ပြောရရင် ရေကို ဆာတိုင်း သတိတရသောက်ဖို့ လိုပါတယ်။
ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝနေသူတစ်ဦးရဲ့ လက္ခဏာများ
ရေနဲ့ဓာတ်ဆားဓာတ် လုံလုံလောက်လောက် ပြည့်ဝနေတဲ့အခါ
- လူက လန်းလန်းဆန်းဆန်းနဲ့ ခေါင်းလည်း ကြည်ပါတယ်။
- ဆီးအရောင်က အကြည် ဒါမှမဟုတ် ဝါဖန့်ဖန့်အရောင်ပဲ ဖြစ်ပါတယ်။
- ရေဆာတာကိုလည်း မခံစားရပါဘူး။
- ဗိုက်လည်းခဏခဏ မဆာပါဘူး။
- လေ့ကျင့်ခန်း လုပ်တဲ့သူတွေဆိုရင်လည်း recovery ရတာ မြန်ပါတယ်။
ဒါတွေကတော့ ရေနဲ့ ဓာတ်ဆားဓာတ်ပြည့်ဝနေသူတစ်ဦးရဲ့ လက္ခဏာများ ပဲ ဖြစ်ပါတယ်။
ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝနေဖို့ ဘာတွေ သောက်သင့်လဲ
ရေဓာတ်ပြည့်ဝနေဖို့ အကောင်းဆုံး သောက်စရာကတော့ ရေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ရေပဲ သောက်ရတာ ငြီးငွေ့လာတဲ့အခါ၊ ဓာတ်ဆားဓာတ်တွေကိုပါ ဖြည့်တင်းချင်တဲ့အခါ ရေအပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ တခြားသောက်စရာတွေကိုလည်း သောက်ပေးလို့ ရပါတယ်။ ဥပမာ
ရေထဲကို သံပုရာသီးစိတ်၊ ပူဒီနံ စတာတွေ ထည့်ပြီး အနံ့နဲ့ အရသာ ကောင်းမွန်အောင် ပြုပြင်ထားတာကလည်း ရေသောက်ချင်စိတ်ကို တိုးစေပါတယ်။ မကြာခဏ သောက်ဖြစ်လို့ ရေဓာတ်ပြည့်ဝစေပါတယ်။
သာမန်ထက် ကိုယ်လက်လှုပ်ရှားမှုပိုမိုများပြားတဲ့ရက်တွေ၊ ကိုယ်လက်လေ့ကျင့်ခန်းကို အချိန်ကြာကြာလုပ်ထားတဲ့ရက်တွေဆိုရင်တော့ ရိုးရိုးရေထက် ဓာတ်ဆားဖြည့်ထားတဲ့ ဓာတ်ဆားအားဖြည့်အချိုရည်တွေက ပိုပြီး သင့်တော်ပါတယ်။ ရေအပြင် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ်ကိုပါ ဖြည့်ပေးတာကြောင့် recoveryပိုမြန်စေပါတယ်။
ရေနဲ့ ဓာတ်ဆားဓာတ်က ခန္ဓာကိုယ်အတွက် အရေးကြီးတာကြောင့် မမေ့မလျော့ သောက်ဖို့ လိုပါတယ်။ တစ်နေ့တာ ရေလိုအပ်ချက်ကို ပြည့်မီအောင် သောက်ပါ။ ရေဆာတိုင်း သောက်ပါ။ ရေအပြင် ဓာတ်ဆားကြွယ်ဝတဲ့ သောက်စရာတွေကို သောက်ပြီး ရေနဲ့ ဓာတ်ဆားဓာတ်လုံလောက်အောင် ဖြည့်ကြပါလို့ အကြံပြုချင်ပါတယ်။
[embed-health-tool-bmi]