ထိုးဆေးသောက်ဆေးဆိုတဲ့ ဆေးရဲ့ပုံစံဟာ အရေးမကြီးပါဘူး။ ရောဂါအခြေအနေအလိုက် ကုသ ရတာမို့ပါ။ သင့်ဗိုက်ထဲမှာ သန်ကောင်တွေရှိနေရင်တော့ သောက်ဆေးနဲ့ ကုသရမှာဖြစ်ပြီး အရေးပြား ရောဂါတွေမှာဆိုရင်တော့ လိမ်းဆေး လိမ်းလိုက်ရုံနဲ့ သက်သာနိုင်မှာဖြစ်ပါတယ်။
ဆေးတွေဟာ သွေးကြောထဲ ထိုးလိုက်မှ အာနိသင်ပြတာ မဟုတ်ပါဘူး။ တချို့ရောဂါတွေကို ကုသရာမှာ သုံးတဲ့ဆေးတွေက ဦးနှောက်၊ နှလုံး၊ အသည်းနဲ့ကျောက်ကပ်တို့မှာပဲ အာနိသင်ပြနိုင်ပါတယ်။ သောက်ဆေးသောက်ခြင်းဟာ ပိုကောင်းတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ယေဘုယျအားဖြင့် သောက်ဆေးဟာထိုးဆေးထက် အန္တရာယ်ကင်းပါတယ်။
အချိန်တိုင်း ဆေးထိုးနေခြင်းဟာ သင့်ကို အန္တရာယ် များစေပါတယ်။ ဆေးခန်းသွားပြလို့ သင့်ရဲ့တင်ပါးကို ဆေးထိုးလိုက်ပြီ ဆိုပါတော့။ အရင်ဆုံး ဆေးထိုးခဲ့ရတဲ့နေရာက ရောင်ရမ်းမှုတွေကို ခံစားရမှာပါ။ ဒီထက် အခြေအနေ ဆိုးရင်တော့ ပြည်တည်ပြီးပိုးဝင်တာတွေတောင် ရှိတတ်ပါတယ်။ ကံဆိုးရင်တော့ တင်ပါးထဲမှာရှိတဲ့ အာရုံကြော တစ်ခုကို ဆေးထိုးအပ်နဲ့ မတော်တဆ ထိမိပြီး “Sciatic never injury” ဆိုတဲ့ ခြေထောက်ဆာပြီး ထော့နဲ့ထော့နဲ့ နဲ့ လမ်းလျှောက်သွားရတဲ့ ဒုက္ခိတတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။
ဘယ်သွားသွား လေဖြတ်ထားတဲ့လူလို ဖြစ်နေမှာပါ။ “Sciatic never injury” ဟာလူငယ်လူရွယ်တွေမှာ အဖြစ်များသလိုတင်ပါးမှာ ကြွက်သားများ မရှိဘဲ ပိန်တဲ့သူတွေမှာလည်းအဖြစ်များပါတယ်။ ဆေးခန်းမှာဆေးထိုးပြီး ခြေမသန်စွမ်း ဖြစ်သွားရတဲ့သာဓကတွေများစွာရှိပါတယ်။
ဒါကြောင့် သင်နောက်တစ်ခါ ဆေးခန်းသွားပြရင် အတင်းကာရော ဆေးထိုး ခိုင်းခြင်းတွေမလုပ် ပါနဲ့။ သောက်ဆေးနဲ့သာကုသပေးလိုက်တဲ့ဆရာဝန်တွေကိုလည်း အပြစ်မတင်ပါနဲ့။ ဆရာဝန်ဟာ သင့်ရောဂါနဲ့ သင့်တော်တဲ့ကုသမှုကိုပေးမှာပါ။
ဆေးခန်းသွားပြတိုင်း ဆေးထိုးမှ ပျောက်မယ်ဆိုတဲ့ အယူအဆတွေကို မေ့ပျောက်လိုက်ပါတော့။ သင်ကိုယ်တိုင်ကလည်း ဒီစာတမ်းလေးမှာပါတဲ့ ဗဟုသုတတွေကို သင့်မိဘဆွေမျိုးတွေနဲ့ သင့်ရဲ့နီးစပ်ရာသူငယ်ချင်း အပေါင်းအသင်းတွေကို ဝေမျှပေးလိုက်ပါဦး။
ရေးသားသူ – ဒေါက်တာမှူး
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။