backup og meta

ရေဓာတ် မပြည့်ဝခြင်းက ကိုယ်ခံအားအပေါ် ဘယ်လို သက်ရောက်နေလဲ

မြန်မာနိုင်ငံမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကကမ္ဘာ့ကပ်ရောဂါ  အဖြစ်ထုတ်ပြန်ကြေညာခဲ့တဲ့ COVID_19 ဖြစ်ပွားနေတာ တစ်လကျော်လာခဲ့ပါပြီ။ အခုထိ ကာကွယ်ဆေး ရေရေရာရာ မရှိသေးသလို ကုသနည်း တိတိကျကျလည်း မပေါ်ထွက်သေးပါဘူး။ အခုထိ လက်ခံထားတာက ဒီ ကိုဗစ်ကို အကောင်းဆုံး တိုက်ခိုက်နိုင်မယ့် တစ်ခုတည်းသောအရာက လူတွေကို သဘာဝတရားက လက်ဆောင်ပေးထားတဲ့ ကိုယ်ခံအား ဆိုတာပါ။

အခုလို ရောဂါ ကူးစက်နှုန်းမြန်ဆန်နေတဲ့ ကာလမှာ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်တာက ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ရာ ရောက်ပါမယ်။ ဒီလို ကိုယ်ခံအားကောင်းစေဖို့ဆိုတဲ့ နေရာမှာ အာဟာရပြည့်ဝမှု အပြင် ရေဓာတ်ပြည့်ဝစေဖို့လည်း လိုအပ်ပါမယ်။ ပူပြင်းတဲ့ နေရောင်အောက်မှာ ရေဓာတ်ပြည့်ဝနေမှ ခန္ဓာကိုယ်က ကျန်းမာနေမှာပါ။

ကိုယ်ခံအားက ဘာလုပ်ပေးလဲ……..

ကိုယ်ခံအားဆိုတာက ခန္ဓာကိုယ်ရဲ့ ခံတပ်ပါ။ ခန္ဓာကိုယ်ကို ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ ရောဂါပိုးတွေ ဝင်ရောက်ကူးစက်လာရင် တိုက်ထုတ်ပေးတယ်။ ဒီတော့ ရောဂါကင်းစေဖို့ဆိုရင် ကိုယ်ခံအားကောင်းဖို့က မဖြစ်မနေလိုအပ်မှာပါ။

ကိုယ်ခံအားအပေါ် သက်ရောက်နေတဲ့ အချက်တစ်ခု

ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ပါဝင်ဖွဲ့စည်းထားတာက ရေဓာတ်ပါ။ ဒီတော့ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့တစ်နေ့ကို ရေ ဖန်ခွက် ၈ ခွက်  ပြည့်ဝအောင် သောက်ရပါမယ်။ ဒါမှ လိုအပ်တဲ့ ရေဓာတ်ပြည့်ဝလို့ ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ အစာခြေစနစ်ကစလို့ အာရုံကြောစနစ်အဆုံး ခန္ဓာကိုယ်က စနစ်အားလုံးက ရေဓာတ်ကို မှီခိုနေတာပါ။ ဒီတော့ ကိုယ်ခံအားကောင်းစေဖို့ ရေဓာတ်ပြည့်ဝနေဖို့ လိုမယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။

လူတစ်ယောက်ဟာ ရေမသောက်ပဲ ရက်ပိုင်းလောက်တော့ အသက်ရှင်နိုင်ပါတယ်။ ဒါပေမယ့် ရေဓာတ်မပြည့်ဝတဲ့အခါ ကိုယ်တွင်းက အဆိပ်အတောက်တွေကို မဖယ်ရှားနိုင်တော့သလို အညစ်အကြေးစွန့်ဖို့ခက်သွားပါမယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို မဖယ်ရှားနိုင်တဲ့အခါ ခန္ဓာကိုယ်က ပိုးဝင်ကူးစက်ခံရဖို့ လွယ်သွားပါတယ်။

ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းကောင်းမလုပ်ဆောင်နိုင်တော့ ကိုယ်ခံအားကလည်း ယုတ်လျော့သွားတော့တာပေါ့။ အစာခြေစနစ်က အာရတွေကို စုပ်ယူဖို့ခက်တော့ ကိုယ်ခံအားကောင်းစေဖို့ အာဟာတွေကို ဖြည့်ပေးဖို့ ခက်ပြီပေါ့။ ဒီလိုနဲ့ အားနည်းလာမယ်။ လှုပ်ရှားမှု နည်းလာမယ်။ သွေးတွင်းအောက်ဆီဂျင်နည်းလာပြီး ကိုယ်ခံအား စနစ် ချို့ယွင်းသွားပါမယ်။

ကိုယ်ခံအားစနစ် ချို့ယွင်းသွားတဲ့အခါ အခုကာလမှာ လူတိုင်း စိုးထိတ်နေတဲ့ ကိုဗစ် အပါအဝင် ရောဂါပိုး အမျိုးမျိုးက အလွယ်တကူ ဝင်ရောက်ကူးစက်ပြီပေါ့။ ဒီတော့ အပေါ်မှာပြောခဲ့သလို ကိုယ်ခံအားကောင်းစေဖို့အတွက် ရေဓာတ်ပြည့်ဝဖို့ လိုပြီပေါ့။ ရေဓာတ်မပြည့်ဝတဲ့အခါ ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေ ကင်းစေဖို့ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့ လိုပါမယ်။

ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝရဲ့လား …………

ခန္ဓာကိုယ်မှာ အခုလို လက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ ရေဓာတ်ပြည့်ဝဖို့ လိုအပ်နေတယ်ဆိုတာကို အချက်ပြနေတာပါ။

  • မျက်လုံးခြောက်မယ်
  • မျက်ကြောတွေ တောင့်တင်းမယ်
  • အဆစ်တွေ လှုပ်ရှားရ အဆင်မပြေဖြစ်မယ်
  • နှုတ်ခမ်းခြောက်မယ်
  • ခံတွင်းနံ့ ဆိုးမယ်
  • အသားခြောက်မယ်
  • ဆီးတွေအရောင် ရင့်မယ်
  • ကိုယ်အပူချိန် မြင့်တက်မယ်
  • ကြွက်တက်မယ်
  • ခြေကုန်လက်ပမ်း ကျမယ်
  • ခေါင်းမူးမယ်
  • ခေါင်းကိုက်မယ်
  • ဖျားနာ လွယ်မယ်။

ရေဓာတ်မပြည့်ဝခြင်းကို ဒီလို ကာကွယ်ပါ

ပြင်းထန်တဲ့ နောက်ဆက်တွဲကျန်းမာရေး ပြဿနာများစွာကို ဖြစ်လာစေနိုင်တဲ့ ရေဓာတ်မပြည့်ဝမှုကို ကာကွယ်တာက ကိုယ်ခံအားကောင်းစေမယ့် အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ဒါကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်မပြည့်ဝခြင်း ကင်းစေဖို့ဆိုရင်

  • တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်သောက်ပါ (ရာသီဥတုပူမယ်၊ ကိုယ်လက်လှုပ်ရှားမှု များတယ်ဆိုရင် ပိုသောက်ပါ)
  • အရည်ရွှမ်းတဲ့ သစ်သီးဝလံတွေ စားပေးပါ
  • နေပူပူမှာ ပြင်းပြင်းထန်ထန် လှုပ်ရှားတာမျိုး မလုပ်ပါနဲ့
  • ရေဆာမှာ သောက်တာမျိုး မလုပ်ပါနဲ့
  • သွားလေရာကို ရေဗူးဆောင်သွားပါ
  • လိုအပ်ရင် ဓာတ်ဆားရည်သောက်ပေးပါ။

အခုလို ရောဂါဖြစ်ပွားနေချိန် ရာသီဥတုပူနေချိန်မှာ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ရေဓာတ်ပြည့်ဝနေစေဖို့ သေချာလေး ဂရုပြုစေချင်ပါတယ်။ ရေဓာတ်ပြည့်ဝစွာနေထိုင်ရင်း ပူပြင်းတဲ့ရာသီဥတုဒဏ် နဲ့ ကိုဗစ် အန္တရာယ်ကို အကောင်းဆုံး ကျော်ဖြတ်နိုင်ကြပါစို့။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Happens to Your Body When You Drink Enough Water? https://www.webmd.com/a-to-z-guides/ss/slideshow-drink-enough-water Accessed Date 12 May 2020

How Does Dehydration Affect the Body? https://share.baptisthealth.com/dehydration-effects-the-human-body/ Accessed Date 12 May 2020

7 Health Issues You Didn’t Know Came From Dehydration https://www.bustle.com/p/7-health-issues-you-didnt-know-came-from-dehydration-9764200 Accessed Date 12 May 2020

What you should know about dehydration https://www.medicalnewstoday.com/articles/153363 Accessed Date 12 May 2020

ယခုပုံစံ

03/01/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ

ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝနေသူတစ်ဦးရဲ့ လက္ခဏာများ



Aye Thi Mon မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement